သူစျေးရောင်းရမည့်နေရာတွင် ကွမ်းယာခုံကိုချကာ ပြင်ဆင်နေရင်း ပြန်စဉ်းစားမိသွားသည်။
"ဟင်....ဝါနု...ဝါနုက သေသွားပြီလေ...
ဟုတ်တယ်...လွန်ခဲ့တဲ့ နှစ်လကမှ အပြင်းဖျားပြီးသေသွားတာပဲ...ဒါဆို...စောစောက ငါတွေ့တာက...ဘုရားရေ"
အတွေးနှင့်အတူ သူ့တစ်ကိုယ်လုံး ကြက်သီးထသွားမိသည်။ဟုတ်ပါသည်...
ဝါနု သည် ရွာလူကြီး ဦးစံတင်၏သား...
ထက်ပိုင် နှင့် စေ့စပ်ရန်စီစဉ်နေစဉ်အတောအတွင်းမှာပင်
အပြင်းဖျား၍ သေဆုံးသွားခဲ့လေပြီ။
သူမအဖျားတက်ချိန်တွင်...
"အမတော်...ညီမတော်ကိုလာခေါ်တာလား....ညီမတော်မလိုက်ချင်သေးဘူး...အကိုတော်
ကူပြောပေးပါဦး"
ဟု တစ်နေရာကိုကြည့်ကာ ကယောင်ကတန်းပြောနေတတ်သည်။ငါးရက်ခန့်အပြင်းဖျားပြီး သူမ သေဆုံးသွားခဲ့ရသည်။ထက်ပိုင်မှာ အရူးတစ်ပိုင်းဖြစ်ခဲ့ရသည်။သူမ၏မိဘဆွေမျိုးများအပါအဝင် တစ်ရွာလုံးက ဝမ်းနည်းကြေကွဲခဲ့ရသည်။ဝါနု သေဆုံးပြီးနောက် ထူးဆန်းမှုတစ်ခုထပ်ဖြစ်ခဲ့သေးသည်။သူတို့
ရွာမှနေ၍ ထိုင်းနိုင်ငံတွင်အလုပ်သွားလုပ်နေသော
ဝါနုနှင့်တစ်နေ့တစ်ရက်တည်းမွေးသော
ဝါနု၏သူငယ်ချင်းဖြစ်သူ
နှင်းမြ ၏အဒေါ်က ရွာရှိတယ်လီဖုန်း ထောင်ထားသောအိမ်သို့ ဖုန်းဆက်၍ပြောလာသည်။နှင်းမြ၏မိခင်က
ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှ ညီမဖြစ်သူက ပြောသည်။
"အမရေ...အမသမီးနှင်းမြ ခုတလော ဘာဖြစ်နေလဲမသိဘူး...ရွာပြန်မယ်ပဲ ပြောနေတယ်...ပြီးတော့ ဒီအနားမှာ ရှိတဲ့
ဘုန်းကြီးကျောင်းကို တစ်ယောက်တည်း
နေ့တိုင်းသွားပြီးထိုင်နေတတ်တယ်...သွားရင်လည်း အစိမ်းရောင်ဝမ်းဆက်ဝတ်ပြီးသွားတယ်...
ပြီးတော့...သူကပြောတယ်...သူ့သူငယ်ချင်း
ဝါနုက သူ့ကိုလာခေါ်နေတယ်တဲ့...သူလည်း
ဘဝဟောင်းကို ပြန်သွားရတော့မယ်တဲ့...
အမတို့ သူငယ်ငယ်တုန်းက သိုက်ကြိုးဖြတ်ထားတာ သေချာရဲ့လား"
"ဖြတ်ထားပါတယ်ဟဲ့...ဒီလိုလိုက်သွားနေရင် မကောင်းဘူး...ဘာပဲဖြစ်ဖြစ် ဒီကို ပြန်ခေါ်ခဲ့...ဒီရောက်မှ ပိုသေချာအောင် ဆရာပင့်ပြီး သိုက်ကြိုးထပ်ဖြတ်ခိုင်းမယ်"
နှင်းမြ ၏အဒေါ်က ချက်ချင်းပင် ကားစီစဉ်ကာ ထိုင်းမှ မြန်မာပြည်သို့ပြန်ခဲ့သည်။သို့သော်...
သူတို့ရွာနားအရောက်တွင် နှင်းမြတို့စီးလာသော ကားမှာ ချောက်ထဲကျပြီး တိမ်းမှောက်ကာ နှင်းမြမှာ
ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ထူးဆန်းသည်မှာ နှင်းမြအဒေါ်အပါအဝင် ကျန်လူများက မသေဆုံးပဲ ဒါဏ်ရာအနည်းငယ်သာ
ရရှိခဲ့ကြသည်။ဦးထွန်းတင် အတိတ်ကို တွေးနေရင်းမှ ကြက်သီးများထသွားမိပြန်သည်။ထို့နောက်..စောစောက နှင်းမြဆင်းသွားသော တောင်ကြောဘက်သို့
ခြေသွက်သွက်လှမ်းကာ လိုက်သွားမိသည်။
အတန်ကြာတော့မှ သူ့ရှေ့မှ အုတ်ဂူဖြူဖြူ
တစ်လုံးကိုတွေ့လိုက်ရသည်။ထိုအုတ်ဂူတွင်
ရေးထိုးထားသည်က....
"မဝါနု....အသက် (၁၆)နှစ်"
ဟုတ်ပါသည်...ဝါနုလေးမသေခင်ပြောသွားသောဆန္ဒအတိုင်း သူမ၏အုတ်ဂူလေးအား
စေတီကလေး၏မနီးမဝေး တောင်စောင်းတစ်နေရာတွင် ပြုလုပ်ပေးထားသည်။
ထိုအုတ်ဂူပေါ်တွင် စကားဝါပန်းများ တင်ထားသည်။အုတ်ဂူဘေးတွင် လူရွယ်တစ်ဦးက ကျောက်ရုပ်ပမာ ရပ်နေသည်။ထိုလူငယ်လေးသည် ယခုကဲ့သို့ပင် ဝါနု၏ အုတ်ဂူထံသို့နေ့စဉ်
ရောက်လာကာ စကားဝါပန်း...စံပယ်
နှင်းဆီ...အစရှိသောပန်းများလာရောက်တင်ပေးနေကျပင်။
"တစ်နေ့ကျရင် ငါလည်းနင့်ဆီလိုက်ခဲ့မှာပါ
သူငယ်ချင်းလေးရယ်"
လူငယ်လေးထံမှ စကားသံသဲ့သဲ့ထွက်ပေါ်
လာသည်။ထိုလူငယ်လေးသည်ကား....
မိန်းမချောလေးဝါနုအား ရင်နင့်အောင်ချစ်မိခဲ့ရှာလေသော
ထက်ပိုင်ဖြစ်ကြောင်း ဖေါ်ပြရန် မလိုတော့ဟု ထင်ပါသည်။
ပြီးပါပြီ....
စာဖတ်သူများအားအစဉ်လေးစားလျက်...
#ပရလောက
#ညမဖတ်ရ


