ဝါနု....(စ-ဆုံး)" "မေမေ....သမီးကို မေမေတို့နဲ့ ခဏနေခွင့်ပြုပါနော်"… — စာရေးဆရာတာတေရဲ့ တာတေနှင့်မဖဲဝါ — TG.ME

ဝါနု....(စ-ဆုံး)" "မေမေ....သမီးကို မေမေတို့နဲ့ ခဏနေခွင့်ပြုပါနော်" ချိုလွင်သောမိန်းကလေးတစ်ယောက်အသံကြောင့် သူမ နောက်ဘက်သို့လှည့်ကြည့်လိုက်မိသည်။ သူမ ဘယ်လိုကနေ ဤ ရွာထိပ်တောင်ကုန်းပေါ်ရှိ စေတီလေးအနီး ရောက်နေသည်ကို စဉ်းစားမရ...။သူမနောက်ဘက်တွင်တော့... ရင်ဖုံးအင်္ကျီအဝါနုနုလေးနှင့် ထမီအဝါနုနုကို ဝတ်ဆင်ထားပြီး အသားဖြူဝင်းသော မိန်းကလေးတစ်ယောက်...။လရောင်က ထိန်လင်းနေသဖြင့် မခင်မေ ထိုမိန်းကလေးကို ရှင်းလင်းစွာမြင်တွေ့နေရသည်။ ထိုမိန်းကလေး၏ မျက်နှာမှာ မြင်သူတကာငေးမောကြည့်ရလောက်အောင်လှပလွန်းလှသည်။မည်းနက်သော မျက်ခုံးများအောက်တွင် သမင်ပျိုမလေး၏ မျက်လုံးများကဲ့သို့ ဝိုင်းစက်သော မျက်လုံးအစုံရှိသည်။ဖြောင့်စင်းပြီးပေါ်လွင်သော နှာခေါင်းအောက်တွင် ရဲရဲနီနေသော မထူမပါးနှင့် ကကြီးပုံသဏ္ဍာန် နှုတ်ခမ်းအစုံ က နေရာယူထားသည်။သူမ၏ ဆံကေသာတို့သည် နက်မှောင်ပြီး ခြေသလုံး ထိတိုင်ရှည်လျားလှသည်။မိန်းမချောလေးက မခင်မေ အားပြုံး၍ကြည့်နေသည်။ "သမီးက ဘယ်ကလဲကွဲ့...သမီးက အဒေါ်တို့နဲ့နေမယ်ဆိုတော့ သမီးမိဘတွေကရော...သဘောတူပါ့မလားကွဲ့..." မခင်မေ ပြန်မေးလိုက်သည်။ "သူတို့က ခွင့်ပြုပြီးပါပြီအမေရယ်...အမေသာ နေခွင့်ပြုပါနော်" "ဒါဆိုလည်း သမီးလာနေပါကွယ်" "ခင်မေ...ခင်မေ...ဘာတွေ ကယောင်ကတန်းပြောနေတာလဲ...ထထ" ခင်ပွန်းဖြစ်သူအသံကြောင့် သူမ အိပ်နေရာမှနိုးလာသည်။ပတ်ဝန်းကျင်က မှောင်မိုက်နေသည်။သူမ စောစောကရှိနေသော ဘုရားကုန်းမှာမဟုတ်တော့။အိပ်ယာထဲပြန်ရောက်နေပေပြီ။ထိုတော့မှ သက်ပြင်းချလိုက်မိပြီး.... "သြော်...အိပ်မက်ပါလား..." ဟု တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။ * * * "သမီးလေး ဝါနုရေ...သစ်ပင်အောက်မှာ ဘာထိုင်လုပ်နေတာလဲ...ဟင်..သမီးလေး ငိုနေတာလား...ဘာဖြစ်လို့လဲဟင်" သစ်ပင်အောက်တွင် တစ်ယောက်တည်းထိုင်ကာ ငိုကြွေးနေရှာသော လေးနှစ်အရွယ် သမီးလေးအား ထွေးပွေ့ရင်း မခင်မေ မေးလိုက်မိသည်။သမီးလေးက သူမအား ဝိုင်းစက်သော မျက်လုံးအစုံနှင့် မော့ကြည့်ရင်း.... "မေမေ...သူ...ဘုရား စိန်ဖူးတော်ကိုတက်ခိုးတော့မယ်...သမီးတို့လည်း ဘာမှမတက်နိုင်ဘူးမေမေ" ဟု ငိုရှိုက်ရင်းပြောလာသည်။မခင်မေ က အံ့အားသင့်စွာဖြင့်.... "ဘယ်သူလဲသမီးရဲ့...ဘယ်ဘုရားက စိန်ဖူးတော်လဲ" ဟုပြန်မေးသော်လည်း ဝါနုလေးမှာ ဘာမှမပြောတော့ပဲ ငိုရှိုက်နေတော့သည်။ မခင်မေလည်းသမီးလေးအား ပွေ့ချီကာ အိမ်ပေါ်သို့ခေါ်ခဲ့ပြီးချော့သိပ်လိုက်သည်။ သူမ၏ စိတ်တို့က အတိတ်အချို့ထံပြန်ရောက်သွားသည်။ သမီးလေးအား မွေးဖွားပြီးချိန်တွင် သူမတို့ ခြံဝင်းနေရာအနှံ့အပြားတွင် မြွေပေါင်းစုံ ရောက်လာသည်။မြေပြင်တွင်လည်းကောင်း ...သစ်ပင်များပေါ်တွင်လည်းကောင်း.. မြွေများကိုတွေ့ကြရသည်။ထိုမြွေများက လူများကိုတော့အန္တရာယ်မပေး။သူမ ပုခက်တွင်းအိပ်နေစဉ်တွင်လည်း ထိုအတိုင်းပင်။တစ်ခါတစ်ရံ မခင်မေအလုပ်မအားလပ်ချိန်များတွင် ပုခက်အတွင်းမှ ကလေးက အိပ်ရာနိုး၍ ငိုယိုလျှင် ချက်ချင်းသွားမကြည့်နိုင်။ ထိုအချိန်မျိုးတွင် တစ်ကိုယ်လုံးမည်းနက်ပြီး လူကြီးခြေသလုံးအရွယ်ခန့်ရှိသော တောကြီးမြွေဟောက်တစ်ကောင်က ပါးပြင်းထောင်ကာ ပုခက်ကို ၎င်း၏ ဦးခေါင်းဖြင့်လွှဲပေးနေတတ်သည်။မခင်မေ ပုခက်အနီးရောက်မှ သူ့အလိုလို အိမ်ပေါ်မှ ဆင်းကာ ပျောက်ကွယ်သွားတတ်သည်။ အစတော့ မခင်မေ ထိုမြွေများကို ကြောက်သည်။ကြာလာသောအခါ မိမိကို အန္တရာယ်ပေးမည့်အရိပ်အယောင်မတွေ့ရသောကြောင့် ကြောက်ရွံ့ခြင်းမရှိတော့။ သမီးဖြစ်သူအား ဝါနု ဟု သူမပင်နာမည်ပေးခဲ့သည်။ဝါနုလေးသည် စကားပြောတတ်ကာစအရွယ်တွင်ပင် အမြဲတမ်း တစ်စုံတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ တစ်ကိုယ်တည်း စကားပြောပြီး ရယ်မောနေတတ်သည်။ "ဒူ....ဒူ....ဒူ" ဆိုသော မောင်းထုသံကြောင့် သူမအတွေးများ ပြတ်တောက်သွားသည်။ ရွာလူကြီးအိမ်မှ မောင်းထုလျှင် တစ်စုံတစ်ခု အကြောင်းရှိရပေမည်။ * * * ကျောင်းထိုင်ဆရာတော်ကြီးသည် စေတီလေး၏အုတ်ခုံတစ်နေရာတွင်ပုံထားသော သဲတစ်ဆုပ်ခန့်ကို အတန်ကြာစိုက်ကြည့်နေသည်။ဆရာတော်၏ အနောက်ဘက်ဘုရားရင်ပြင်တော်ပေါ်တွင် ရွာလူကြီးနှင့် ရပ်မိရပ်ဖများအပါအဝင် ရွာမှ လူအားလုံးနီးပါးက လက်အုပ်ချီရင်း ထိုင်နေကြသည်။အချိန်ကား ညနေစောင်း နေပြီ ဖြစ်သည်။ဆရာတော်က အတန်ကြာမှ အနောက်သို့လှည့်ကာ မိန့်ဆိုသည်။ "အင်း...လောဘသားတွေ... တယ်လည်းကြောက်ဖို့ကောင်းပါကလားကွယ်...တစ်ဘဝ ကောင်းစားဖို့ကိုသံသရာအဆက်ဆက် ပေးဆပ်ဝံ့တဲ့အထိပါကလား" လူအုပ်ကြီးထံမှ တီးတိုးသံများ ထွက်ပေါ်လာသည်။ "နေ့ခင်းကြောင်တောင်ကြီး စိန်ဖူးတော်ကို တက်ခိုးသွားတာတောင် ဘယ်သူမှ မတွေ့ဘူးလားဟဲ့" "ဟဲ့...သူက သဲတစ်ဆုပ်နဲ့ ကျိန်စာဆိုပြီး တက္ခိုးတာဟဲ့" "ဒီက အစောင့်တွေကရော...ဘာမှမလုပ်ကြ ဘူးလား" "ငါကြားဖူးတာကတော့ အဲ့လို သဲဆုပ်ပြီး တက်ခိုးရင် ဘယ်အစောင့်အရှောက်မှ အနှောင့်အယှက်မပေးနိုင်ဘူးတဲ့..." "ဘာဖြစ်လို့လဲအေ့" "အဲ့ဒါတော့....ငါလည်းမသိပါဘူးအေ" ရွာလူကြီးက ချောင်းဟန့်လိုက်သဖြင့် အသံများတိတ်ဆိတ်သွားသည်။ထိုတော့မှ ဆရာတော်နှင့် ရွာသူရွာသားများအစည်းအဝေးလုပ်ကြသည်။ဆရာတော်က.... "ကဲလေ....ဖြစ်ပြီးမှတော့ ဘယ်တက်နိုင်မလဲလေ...စိတ်မပူကြပါနဲ့... စိန်ဖူးတော်အသစ်ကို ပြန်တင်နိုင်မှာပါ"

August 10, 2023 16.5K 47