" ညောင်ညိုပင်ကြီးတွင် နေထိုင်သော တစ္ဆေကြီး ခင်များ ... ကတိအတိုင်း ကျွန်ုပ်သားလေး၏ အမိုက်အမှားအတွက် အမဲသားချက်တစ်ပိဿာ နှင့် တောအရက်ကို လာရောက်ပူဇော် တောင်းပန်အပ်ပါသည်။ အသင် တစ္ဆေကြီး ခွင့်လွှတ်သည်ဆိုပါက ထူးထူးခြားခြား တစ်ခုခုလုပ်ပြပါ " ဟုပြောလိုက်သည်နှင့် တစ်ပြိုက်နက် ညောင်ညိုပင်ကြီးမှာ လေမတိုက်ဘဲ ဘယ်ညာ ယိမ့်ထိုးသွားသည်ကို ဦးပေသီး တို့ ကြက်သီးထဖွယ်တွေ့လိုက်ကြရတော့သည်။ ညောင်သီးများလည်း တဖုတ်ဖုတ် ကြွေကျလာကာ ဦးပေသီး နှင့် ဒေါ်စိန်မြလည်း ထိုနေရာမှ ခပ်သုတ်သုတ် လစ်ထွက်လာခဲ့လိုက်တော့သည်။ ဦးပေသီးလည်း အိမ်ပြန်ရောက်တော့ အိပ်ရာပေါ်တွင် လဲနေသော ထွန်းသစ်အားကြည့်ကာ သက်ပြင်း ကိုသာ တွင်တွင်ချနေမိတော့သည်။ ထွန်းသစ် လေး သက်သာပါ့ သက်သာပါ့မလားဟူသော အတွေးတို့ဖြင့်။ မနက်ရောက်တော့ ဦးပေသီးလည်း ညောင်ညိုပင်ကြီး ထံတစ်ဖန်သွားကာ ကြည့်လိုက်တော့ ညက လာထားထားခဲ့သော အမဲသားချက် နှင့် တောအရက်တို့မှာ ဗလာသပ်သပ်သာ ကျန်နေသည်ကို အံ့ဩဖွယ်တွေ့လိုက်ရလေတော့၏။ ညောင်ညိုပင်က တစ္ဆေအိုကြီးပဲ စားလိုက်လေသလား သို့မဟုတ် ခွေးတစ်ကောင်တစ်လေ လာရောက်စားသောက်သွားလေသလား။ ထွန်းသစ် အတော်အတန် ထူထောင်လာခဲ့ချေပြီ။ တစ္ဆေကြီး၏ သဘောထားကြီးစွာ ခွင့်လွှတ်မှုကြောင့် အသက်ဆက်ခွင့် ရသည်ဟုပဲ ဆိုရပေတော့မည်။ ထွန်းသစ် လုံးလုံးနေကောင်း သွားသည့် အချိန်ရောက်မှ ဦးပေသီးလည်း ဖြစ်ကြောင်း ကုန်စင်ကို ပြောပြလိုက်သည်။ ထိုအခါမှ ထွန်းသစ် လည်း အကြောက်ကြီးကြောက်သွားကာ နောင်အခါ ပါးစပ်လက် မသရမ်းဖို့ သင်ခန်းစာ ကောင်းကောင်း ရသွားခဲ့ပါလေတော့သတည်း။ ++++++++++ ( ၃ ) "ဖြစ်ပုံကတော့ ... အဲ့ဒါပဲ ... ကောင်လေးရေ " ကျွန်တော်လည်း အဘ ထွန်းသစ်၏ ဇာတ်လမ်းတွင် စီး၀င်နစ်မျောရင်းမှ အချိန်မည်မျှကုန်သွားခဲ့သည်မသိ။ အဘထွန်းသစ်လည်း အနည်းငယ် အာခြောက်သွားဟန်တူသည် စောစောက အအေးခံထားသော ရေနွေးကြမ်းကို ကျိုက် ခနဲနေအောင်မော့ပစ်လိုက်၏။ "ကြောက်စရာကြီးပါလား ... အဘရာ ... အဘကတော့ တကယ်စံပဲလို့ပြောရမယ် " "အေးကွယ့် ... အဲ့တုန်းက ငယ်လည်းငယ် အရာရာကို စူးစမ်းချင်တော့ ခုလိုဖြစ်ရတာပဲ ... အသံကြောင့် ဖားသေ ဆိုသလိုပေါ့ကွယ် ... အဘကတော့ ဘာရယ် မဟုတ်ဘူး ဒီတိုင်း ကလေးသဘာ၀ ပါးစပ်ဆော့ လက်ဆော့ လိုက်တာ ... ကံကောင်းလို့ မသေတယ် ... ဟားဟား ဟား " "ဟုတ်ပဗျာ ... အခုရော အဲ့ညောင်ညိုပင်ကြီးမှာ တစ္ဆေအိုကြီး ရှိသေးလား အဘ " ထိုအခါ အဘထွန်းသစ်လည်း အတန်ကြာအောင် ငိုင်သွားပြီးမှ "အခုတော့ မရှိတော့ဘူးထင်တာပဲကွယ့် ... အချိန်တွေလည်း ကြာခဲ့ပြီ မဟုတ်လား " "ဘာပဲပြောပြော ... ကျုပ်အတွက် ရေးစရာကုန်ကြမ်း ရသွားလို့ကျေးဇူးတင်တယ် အဘရာ ..." "အသုံးတည့်ရင်ကိုပဲ ၀မ်းသာပါတယ်ကွယ် ... ကဲ အဘလည်း ပြန်အုံးမယ် ... ကိုအောင်သိန်းရေ ကျုပ်ပြန်ပြီ " "အေအေ ... အားရင်လည်း စကားစမြည်လေး ပြောရအောင် လာအုံးနော် ... ငါ့မြေးက ဒီမှာ တစ်ပတ်လောက်နေအုံးမှာ " "ကောင်းပါပြီဗျာ ... ကောင်းပါပြီ " ဟု ဆိုကာ ထိုင်နေရာမှ လေးလေးပင်ပင်ကြီး ထလိုက်လေသည်။ အသက်တွေကြီးလာခဲ့ပြီ မဟုတ်ပါလား။ ကျွန်တော်လည်း အဘ ဦးထွန်းသစ်အား ခြံရှေ့ထိ လိုက်ပို့ပြီးနောက် ရေမိုးချိုးအနားယူလိုက်ပါတော့၏။ ကျွန်တော် မြို့ပြန်တော့မည့် နေ့ရောက်သည့် တိုင် အဘထွန်းသစ် ရောက်မလာပါတော့ချေ။ပြန်ရမည့် နေ့မနက်တွက်တော့ အဖိုးဦးအောင်သိန်းအား ဦးချနှုတ်ဆက်ကာ လာစဉ်ကအတိုင်း ကျောပိုးအိတ်ကလေး နှင့် ထွက်လာခဲ့လိုက်ပါတော့သည်။ ကားဆရာ ကိုမြမောင်ကို လည်း ဖုန်းဆက် ထားပြီးပြီမို့ ရွာထိပ်ကလေး တွင် မကြာမီ သူလာကြိုပေလိမ့်မည်။ တစ်အောင့်လောက်ကြာတော့ ကားရောက်လာခဲ့ပြီ ။ ကျွန်တော်လည်း ကားပေါ်တက်ကာ မျက်စိအစုံကို တောင်မြောက် ဝဲယာ ကြည့်လိုက်စဉ်မှာတော့ ကုန်းမြင့် ကလေးပေါ်က ညောင်ညိုပင်ကြီးဆီအကြည့်က ရောက်လို့သွားတော့သည်။ ထိုညောင်ညိုပင်ကြီး အောက်မှ ကျွန်တော့ အားလက်ပြနှုတ်ဆက်နေသည့် လူအိုကြီး တစ်ယောက် ။ ထိုလူအိုကြီးကား အဘ ဦးထွန်းသစ်ပင် ။ ကားကလေးမှာ အင်ဂျင်သံလေး တချက်ချက် နှင့် အတူ စတင်ရွှေ့လျားနေချေပြီ။ ကျွန်တော့် အား လက်ပြကာ ကျန်ရစ်ခဲ့သော ညောင်ညိုပင်ကြီးအောက်မှ အဘဦးထွန်းသစ်၏ ပုံရိပ်ကလေးကတော့ ဝေးရင်းဝေးရင်း သေးရင်းသေးလို့ ............... ++++++++++ ( ပြီးပါပြီ )
ညောင်ညိုပင်ကြီးတွင် နေထိုင်သော တစ္ဆေကြီး ခင်များ ... ကတိအတိုင်း… — စာရေးဆရာတာတေရဲ့ တာတေနှင့်မဖဲဝါ — TG.ME
August 10, 2023 5.8K 14