နယူးကာဆယ်နဲ့ အက်ီဒဟောင်း လမ်းခွဲခဲ့ပြီလို့ ဆိုပါတယ်...
ဒါက နည်းနည်းတော့ အံ့အားသင့်စရာပါပဲ။ အနည်းဆုံး လာမယ့်တစ်ရာသီလောက် အသင်းနဲ့အတူ ဆက်ရှိနေမယ်လို့ ရည်ရွယ်ထားရာကနေ အက်ဒီဟောင်း ရုတ်တရက် စိတ်ကူးပြောင်းသွားတာဖြစ်ပါတယ်။ ဒါက လတ်တလော သိပ်အားရစရာမကောင်းတဲ့ နယူးကာဆယ်ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေနဲ့လည်း တစ်စုံတစ်ရာ ပတ်သက်ကောင်းပတ်သက်နိုင်ပါတယ်....
ပြီးခဲ့တဲ့၂နှစ်၃နှစ်လောက်အတွင်း နယူးကာဆယ်ရဲ့ အပြောင်းအရွှေ့တွေဟာ လိုအပ်ချက်တွေ အတော်များများ ရှိနေခဲ့တာလည်း အမှန်ပါပဲ။ ၂၀၂၄-၂၅မှာ အယ်လီယော့အန်ဒါဆန်နဲ့ မင်တေတို့လို ခြေစွမ်းထက်လူငယ်လေးတွေကို ဆုံးရှူံးခဲ့ရတယ်။ လူးဝစ်ဟောလ်တစ်ယောက်လောက်ပဲ ပြန်ခေါ်နိုင်ခဲ့တယ်...
မနှစ်ကအပြောင်းအရွှေ့မှာလည်း အီဆာ့ကို လက်လွှတ်ခဲ့ရပြန်တယ်။ စံချိန်တင်ပြောင်းရွှေ့ကြေးရခဲ့ပေမယ့် ဒီအပြောင်းအရွှေ့က နည်းနည်းအရုပ်ဆိုးသွားတာ၊ နှစ်ဖက်တင်းမာခဲ့တာတွေလည်း ရှိခဲ့ပါတယ်...
အီဆာ့အတွက် ရလာတဲ့ပြောင်းရွှေ့ကြေးကို ဗိုလ်တီမာဒါနဲ့ ဝစ်ဆာအတွက် ပြန်သုံးခဲ့တာလည်း ထင်သလောက်အလုပ်မဖြစ်ခဲ့ဘူးလို့ ပြောရပါမယ်...
ဒီအပြောင်းအရွှေ့မှာဆိုလည်း ဘာဇူမာနာတိုရေးနဲ့ အလက်ဂျီဘန်ဘာတို့လို ကစားသမားကောင်းတချို့ ခေါ်ယူထားနိုင်ပေမယ့် တိုနယ်လီနဲ့ အန်သိုနီဂေါ်ဒွန်ကို ဆုံးရှူံးထားရတယ်။ ဘရူနိုဂီမားရက်စ်လည်း အသင်းပြောင်းဖို့ များနေတယ်လို့ သိရပါတယ်...
ကစားသမားကောင်းတွေကို ဆက်တိုက် လက်လွှတ်ဆုံးရှူံးလာရတာ၊ ပြန်လည်အစားထိုးခေါ်ယူလိုက်တဲ့ ကစားသမားတွေကလည်း ထင်သလောက်အလုပ်မဖြစ်သေးတာက ဒီဖက်နှစ်တွေမှာ နယူးကာဆယ် ရင်ဆိုင်နေရတဲ့ အဓိကပြဿနာပါပဲ။ သူတို့ရဲ့ အပြောင်းအရွှေ့နည်းဗျူဟာက လိုအပ်ချက်တွေ အတော်များများရှိနေတဲ့သဘောလည်း ဖြစ်ပါတယ်...
ဒါကို အက်ဒီဟောင်းအနေနဲ့ ဆက်ပြီးစိတ်ရှည်သည်းခံနိုင်စွမ်း မရှိတော့တာကြောင့် အခုလို အသင်းနဲ့ ရုတ်တရက်လမ်းခွဲခဲ့တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်...
ကျနော်တို့လို အပြင်လူတွေအတွက် ဒီသတင်းက နည်းနည်းရုတ်တရက်ဆန်ပြီး အံ့သြစရာဖြစ်နိုင်ပေမယ့် နယူးကာဆယ်တာဝန်ရှိသူတွေကတော့ ဒါကို မျှော်လင့်ထားပြီးသားဖြစ်ပုံရပါတယ်...
နည်းပြသစ်အဖြစ် မတ်တီးယပ်စ်ရိုက်စ်လာနဲ့ ဆွေးနွေးမှုတွေ နောက်ဆုံးအဆင့်ထိ ရောက်နေပြီလို့ သတင်းတွေဆက်တိုက်ထွက်ပေါ်လာလို့ပါပဲ...
အခုမှ အသက်၃၈နှစ်ပဲရှိသေးတဲ့ လူငယ်နည်းပြရိုက်စ်လာဟာ Red Bullကျောင်းဆင်း နည်းပြတစ်ဦးဖြစ်ပြီး ၂၀၂၁ကနေ ၂၃ထိ ရက်ဒ်ဘူးလ်ဆဲဘတ်ကို ကိုင်တွယ်ခဲ့ဖူးတယ်။ ၂၀၂၃ကနေ လက်ရှိအချိန်ထိ ဆော်ဒီပရိုလိဂ်ကလပ်အယ်အာလီကို ကိုင်တွယ်နေခဲ့တာလည်း ဖြစ်ပါတယ်။ အယ်အာလီကို ၂နှစ်ဆက်တိုက် အာရှချန်ပီယံလိဂ်ဖလားရအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြတစ်ယောက်ပါပဲ...
ဘာပဲဖြစ်ဖြစ် အခုလို အက်ဒီဟောင်း ရုတ်တရက်ထွက်ခွာသွားတာဟာ နယူးကာဆယ်အတွက်ရော၊ ပရီးမီးယားလိဂ်အတွက်ရော ဆုံးရှူံးမှုတစ်ရပ်ပါပဲ။ ၂၀၂၁ နိုဝင်ဘာ၊ အက်ဒီဟောင်း စရောက်လာချိန်မှာ နယူးကာဆယ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့်၁၉နေရာကို ရောက်နေခဲ့တယ်...
ဒါကို အက်ဒီဟောင်းက ပြန်လည်ဆွဲတင်နိုင်ခဲ့ပြီး ၂၀၂၁-၂၂ဘောလုံးရာသီမှာ အဆင့်၁၁နဲ့ ရာသီသိမ်းစေခဲ့တယ်။ နောက်တစ်ရာသီမှာ ပရီးမီးယားလိဂ်အဆင့်၄ရခဲ့သလို ကာရာဘောင်ဖလားမှာလည်း ဖိုင်နယ်ထိ တက်နိုင်ခဲ့ပါတယ်...
၂၀၂၃-၂၄မှာ ပရီးမီးယားလိဂ်အဆင့်၇၊ ၂၀၂၄-၂၅မှာ အဆင့်၅နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သလို ကာရာဘောင်ဖလားမှာလည်း ချန်ပီယံဖြစ်နိုင်ခဲ့တယ်။ ဒါဟာ နယူးကာဆယ်အတွက် နှစ်ပေါင်း၇၀လောက်အတွင်း ပထမဆုံးသော ဆုဖလားအောင်မြင်မှုလည်း ဖြစ်လာခဲ့ပါတယ်...
ပြီးခဲ့တဲ့ရာသီမှာတော့ သူတို့နည်းနည်းနောက်ပြန်ဆုတ်သွားတယ်။ ပရီးမီးယားလိဂ်မှာ အဆင့်၁၂နဲ့ ရာသီသိမ်းခဲ့ရပါတယ်...
ဒါပေမယ့် နယူးကာဆယ်နည်းပြဘဝတစ်လျှောက်လုံးအနေနဲ့ဆိုရင် အက်ဒီဟောင်းလုပ်ပြနိုင်ခဲ့တာတွေက တကယ်ကို အထင်ကြီးစရာကောင်းခဲ့ပါတယ်။ အခုလို ရုတ်တရက်လမ်းခွဲကြဖို့ ဖြစ်လာတာကတော့ နှမျောစရာပါပဲ...
#TheSportsArena #Opinion
#EPL







