လီဗာပူး 1-0 ဝရက်ဇ်ဟမ်း ပွဲပြီးအတွေးများ...
ခြေစမ်းပွဲကာလမှာ နည်းနည်းခြေစွာနေပြီး မန်ယူနိုက်တက်နဲ့ လိဒ်စ်ကို ဆက်တိုက်အနိုင်ကစားထားတဲ့ ဝရက်ဇ်ဟမ်းကို လီဗာပူးက ရပ်တန့်လိုက်ပါတယ်။ ဒါပေမယ့် လီဗာပူးရဲ့ ကစားသမားအင်အား နည်းပါးနေမှုကို ထင်ရှားစေခဲ့တဲ့ နောက်ထပ်ပွဲစဥ်တစ်ပွဲဖြစ်လာတယ်။ နည်းပြအိုင်ရာရိုလာဟာ ပွဲထွက်လူစာရင်းကို အလုပ်ဖြစ်အောင် မနည်းကြိုးစားစီမံထားရတဲ့သဘောလည်း ရှိခဲ့ပါတယ်...
ဂရာဗန်ဘာ့ဂျ်၊ ဖလော်ရီယန်ဗတ်ဇ်နဲ့ အီဆာ့တို့ အားလပ်ရက်ကာလပြီးဆုံးပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းလာပြီဖြစ်ပေမယ့် ဒီပွဲမှာ ချက်ချင်းဝင်ကစားဖို့ထိတော့ သိပ်အဆင်မပြေသေးဘူးဖြစ်နေတယ်။ ရှေ့လာမယ့် လိဒ်စ်ယူနိုက်တက်နဲ့ ခြေစမ်းပွဲမှာတော့ သူတို့တွေ ပွဲကစားချိန်အနည်းနဲ့အများ ပါဝင်လာဖို့ရှိတယ်လို့ သိရပါတယ်...
ဒီတစ်ပွဲစာအနေနဲ့တော့ အိုင်ရာရိုလာဟာ ဒဏ်ရာပြဿနာတွေများနေတဲ့ ဗဟိုခံစစ်မှာ Fullbackလုခ်ချန်ဘာစ်ကို လူငယ်လေးအန်ဒူကွီနဲ့ တွဲပေးခဲ့ရတယ်။ ကွင်းလယ်pivotအတွဲအဖြစ် ဆိုဘော့ဇ်လိုင်နဲ့ ညိုနီ ပွဲထွက်လာခဲ့ပြီး ဟာဗေးကတော့ No.10 roleပါပဲ...
တိုက်စစ်မှာတော့ ဂျိုရှူအာအဘီ၊ လူးဝစ်ကူးမတ်စ်တို့နဲ့အတူ Left-backကစားနေကျ လူငယ်လေး ကာလမ်စကန်လွန်တို့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်...
အိုင်ရာရိုလာရဲ့ အသင်းတစ်သင်းပီသစွာပဲ vertical passတွေ များများသုံးပြီး မြန်မြန်ဆန်ဆန်နဲ့ တိုက်ရိုက်တိုက်စစ်ဆင်ကစားဖို့ ကြိုးစားနေတဲ့ လီဗာပူးကို ကျနော်တို့တွေ့မြင်ခဲ့ရတယ်။ ပွဲအစ၃မိနစ်အတွင်းမှာပဲ ခံစစ်ဇုန်ထဲကနေ ဆိုဘော့ဇ်လိုင်တင်ပေးလိုက်တဲ့ဘောလုံးကနေတဆင့် ဟာဗေးက ဂျိူရှူအာအဘီအတွက် အခွင့်အရေးကောင်းတစ်ကြိမ် ဖန်တီးပေးသွားခဲ့ပါတယ်...
လီဗာပူးရဲ့ အသင်းလိုက်ကစားပုံက အကောင်းဆုံးအနေအထားတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် အိုင်ရာရိုလာ တည်ဆောက်ချင်တဲ့ ပုံစံတစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရတယ်။ ကိုယ်ကဘောလုံးကိုင်ကစားခွင့်ရချိန်တွေမှာ ဝေ့နေတာမျိုး သိပ်မရှိဘဲ မြန်မြန်ဆန်ဆန်တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့တယ်။ ဘောလုံးပျက်သွားပြီဆိုရင်လည်း လုပ်အားနှုန်းကောင်းကောင်း၊ ကြိုးကြိုးစားစားနဲ့ ဘောလုံးပြန်လိုက်ဆယ်ခဲ့ပါတယ်....
ဒါပေမယ့် နှစ်သင်းစလုံးပဲ အပိုင်အခွင့်အရေးတွေ သိပ်များများစားစား မဖန်တီးနိုင်ခဲ့ကြတာကြောင့် ပွဲကနည်းနည်းအေးသွားခဲ့တယ်...
ဘာပဲဖြစ်ဖြစ် လီဗာပူးဖက်က ပြောရရင် ဆိုဘော့ဇ်လိုင်-ညိုနီ pivotအတွဲ အတော်အလုပ်ဖြစ်ခဲ့သလို ခံစစ်မှာလည်း လူငယ်လေးအန်ဒူကွေရဲ့ခြေစွမ်းက သဘောကျစရာပါပဲ။ နေရာယူမှန်မှန်၊ ပါးပါးနပ်နပ်နဲ့ ခံစစ်ကြောင်းကို ကာကွယ်သွားနိုင်တာ တွေ့ရပါတယ်...
ဒုတိယပိုင်းအစမှာတော့ အိုင်ရာရိုလာက ကစားသမား၄ယောက် လူလဲကစားခဲ့တယ်။ ကာကက်ဇ်၊ ညိုနီ၊ စကန်လွန်နဲ့ အဘီတို့နေရာမှာ ဆီမီကတ်စ်၊ ကာတစ်ဂျုံးစ်၊ မော်ရစ်ဆင်နဲ့ နူမိုဟာ ဝင်ကစားလာတာဖြစ်ပါတယ်...
ပုံမှန်အားဖြင့် ဘယ်ခြမ်းမှာ ကစားနေကျ နူမိုဟာ ညာခြမ်းမှာ ကစားလာတာကလည်း ထူးခြားချက်ပါပဲ။ လီဗာပူးဟာ ဘာကိုလာကိုခေါ်ယူဖို့ အထူးတလည်ကြိုးပမ်းမှုတွေ ရှိနေတာကြောင့် ဘာကိုလာသာရောက်လာရင် နူမိုဟာ ညာခြမ်းပြောင်းကစားကောင်း ကစားရနိင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေတာဖြစ်ပါတယ်...
ဒီပွဲမှာတော့ နူမိုဟာ လူစားဝင်လာခဲ့ပြီးနောက် လီဗာပူးတိုက်စစ်ကို သူအဓိကဦးဆောင်ကစားခဲ့တယ်။ ညာခြမ်းကနေ အလယ်ထဲဆွဲဝင်ပြီး ဝရက်ဇ်ဟမ်းခံစစ်ကို ခြိမ်းခြောက်နိုင်ဖို့ သူအကြိမ်ကြိမ် ကြိုးစားသွားပါတယ်...
ဒုတိယပိုင်းမှာ လီဗာပူးတိုက်စစ် ပိုသွက်လာခဲ့ပြီး ဆိုဘော့ဇ်လိုင်နဲ့ ဟာဗေးတို့ရဲ့ အားထုတ်မှုတွေကို ဝရက်ဇ်ဟမ်းဂိုးသမား ကာကွယ်ခဲ့ရတယ်။ ဝရက်ဇ်ဟမ်းဖက်ကလည်း အဝေးကန်ချက်တွေနဲ့ ခြိမ်းခြောက်လာခဲ့ပေမယ့် မာမာဒါရှက်ဗ်လီ အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့ပါတယ်...
မိနစ်၆၀ကျော်မှာတော့ နှစ်ဖက်စလုံးက အတော်များများ လူလဲကစားခဲ့ကြတယ်။ လီဗာပူးဖက်က ဖရင်ပေါင်၊ မတ်ကွန်နယ်လ်နဲ့ ဝီလ်ရိုက်တို့ ဝင်ကစားလာပြီး ဆိုဘော့ဇ်လိုင် No.10 roleကို ပြန်တက်ကစားခဲ့ပါတယ်...
ပွဲချိန်၇၅မိနစ်မှာတော့ လီဗာပူးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို နူမိုဟာကပဲ သွင်းပေးခဲ့တယ်။ အဲ့ဒီနောက်မှာလည်း အနိုင်ဂိုးတွေ ထပ်ရဖို့ လီဗာပူးကစားသမားတွေ ကြိုးကြိုးစားစား ကစားသွားခဲ့ကြပေမယ့် ဂိုးတော့ ထပ်မရနိုင်ခဲ့ပါဘူး...
ဘာပဲဖြစ်ဖြစ် အိုင်ရာရိုလာ တည်ဆောက်ချင်(နေတယ်လို့ ယူဆရ)တဲ့ အသင်းလိုက်ကစားဟန်မျိုးကို အရိပ်အမြွက်လောက်ပဲဖြစ်ဖြစ် ကျနော်တို့ မြင်နေရတယ်။ ထို့အတူပဲ လက်ရှိလီဗာပူးလူစာရင်းဟာ အတော်လေးအင်အားနည်းနေသေးတယ်၊ နေရာအလိုက် အင်အားဖြည့်တင်းမှုတွေ လိုအပ်နေသေးတယ်ဆိုတာကိုလည်း ထင်ရှားစေခဲ့ပါတယ်...
ဒီပွဲရဲ့ man of the matchအနေနဲ့တော့ ဆိုဘော့ဇ်လိုင်ကို ကျနော်ရွေးပါတယ်...
#TheSportsArena #Brief
#Liverpool #EPL
8
1July 30, 2026 775