90 Plus: post #8763 — TG.ME

စမစ်ရိုးသို့ အလွမ်းများစွာ... အာဆင်နယ်နည်းပြရာထူးကနေ လွင့်စင်သွားရလောက်အောင် အန္တရာယ်များတဲ့ အနေအထားမျိုး ၃ကြိမ်ထက်မနည်း အာတီတာ ကြုံခဲ့ရဖူးပါတယ်။ အဲ့ဒီထဲမှာ အခက်ခဲဆုံးဖြစ်ခဲ့တာကတော့ ၂၀၂၀-၂၁ဘောလုံးရာသီပဲဖြစ်မှာပါ... ၂၀၂၀နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်၇ပွဲဆက်တိုက် နိုင်ပွဲပျောက်သွားခဲ့တယ်။ ၂ပွဲပဲသရေကျပြီး ၅ပွဲတိတိရှူံးခဲ့တယ်။ ဘယ်လိုမှ လက်သင့်ခံနိုင်စရာမရှိတဲ့ ရလဒ်မျိုးတွေပါပဲ။ ပိုဆိုးတာက အဲ့ဒီကာလမှာ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဖက်တွေဖြစ်ပါတယ်... ဗီလာ၊ လိဒ်စ်၊ ဝုဗ်၊ စပါး၊ ဘန်လေ၊ ဆောက်သမ်တန်နဲ့ အဲဗာတန်... တဲ့။ အဲ့ဒီတုန်းက ဗီလာကလည်း အခုလိုမဟုတ်သေးဘူး။ ဆိုလိုတာက ဒါဟာ ခက်ခဲတဲ့ ပွဲကြပ်ကာလတစ်ခု လုံးဝမဟုတ်ဘူး။ ကိုယ့်ဖက်က လိုအပ်ချက်တွေ များလွန်းလို့သာ အခုလောက်ထိ ရလဒ်တွေဆိုးရွားနေရခြင်းပါပဲ... အဲ့ဒီလိုအနေအထားမျိုးမှာ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ချယ်လ်ဆီးကို လက်ခံကစားရဖို့ ဖြစ်လာခဲ့တယ်။ အဲ့ဒီအချိန်မှာ ချယ်လ်ဆီးကလည်း ဒီလောက်ကောင်းနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အာဆင်နယ်က အဆပေါင်းများစွာ ပိုဆိုးနေတယ်။ အဲ့ဒီပွဲမှာသာ ချယ်လ်ဆီးကို ရှူံးသွားခဲ့ရင် အာတီတာ တကယ်ပြုတ်ကောင်းပြုတ်သွားနိုင်တယ်။ အာဆင်နယ်ပရိသတ်ညီအစ်ကိုတွေကတော့ ဒါကို ကောင်းကောင်းမှတ်မိကြမယ်ထင်ပါတယ်... အဲ့ဒီလိုအခြေအနေမျိုးမှာ အာတီတာဟာ အင်မတန်ရဲတင်းလှတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တယ်။ သူတောက်လျှောက်နီးပါး အားပြုသုံးစွဲလာတဲ့ Three-backကစားကွက်ကို စွန့်လွှတ်လိုက်တယ်။ 4-2-3-1ကို ပြန်ပြောင်းတယ်။ (အဲ့ဒီအချိန်) အဓိက,ကစားသမားတွေဖြစ်တဲ့ အူဘာမီယန်းနဲ့ နီကိုလပ်စ်ပီပီကို အရန်ခုံပို့လိုက်တယ်။ Left wing-backလိုလို၊ No.8 roleလိုလို နေရာစုံဖြည့်ကစားပေးနေရတဲ့ ဆာကာကို ညာခြမ်းတိုက်စစ်မှာ ပြန်ကစားစေခဲ့တယ်... နောက်ထပ်လူငယ်လေးတွေဖြစ်တဲ့ စမစ်ရိုးနဲ့ မာတင်နယ်လီကိုလည်း ရဲရဲတင်းတင်း ပွဲထုတ်လာပါတယ်။ လာကာဇက်ကို အထောင်ထားပြီး ဆာကာ၊ စမစ်ရိုး၊ မာတင်နယ်လီ... လူငယ်လေး၃ယောက်က ဝန်းရံပေးထားတဲ့ ပုံစံမျိုးပါပဲ... အဲ့ဒီအပြောင်းအလဲတွေက ထင်မထားလောက်အောင်ကို အလုပ်ဖြစ်ခဲ့တယ်။ အာဆင်နယ်ဟာ ချယ်လ်ဆီးကို ပြတ်ပြတ်သားသား အသာစီးကစားခဲ့တယ်။ 3-1နဲ့ နိုင်ပွဲယူနိုင်ခဲ့တယ်။ စမစ်ရိုးနဲ့ ဆာကာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တယ်။ ဆာကာက တစ်ဂိုးသွင်းပြီး စမစ်ရိုးက တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တယ်။ ဒါဟာ အာတီတာလက်ထက် အာဆင်နယ်အတွက် ကြီးမားတဲ့ အချိုးအကွေ့တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်... ဒီပွဲရဲ့နောက်ဆက်တွဲသက်ရောက်မှုတွေအဖြစ် အာဆင်နယ်ရဲ့ 4-2-3-1, 4-3-3ကစားကွက်က ပြန်လည်ခိုင်မာသွားတယ်။ ဆာကာနဲ့ စမစ်ရိုးအပါအဝင် လူငယ်လေးတွေ နေရာရလာတယ်၊ တောက်ပလာခဲ့တယ်... ချက်ချင်းလက်ငင်း ထိပ်တန်းပြန်ရောက်လာတာမျိုး မဟုတ်သေးပေမယ့် အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့တယ်။ အဓိက,ကတော့ ဆာကာနဲ့ စမစ်ရိုးတို့လို လူငယ်လေးတွေကြောင့်ပါပဲ... ၅နှစ်ကျော်၊ ၆နှစ်နီးပါးဆိုတဲ့ အချိန်ကာလတစ်ခုဟာ ဘာမှမဟုတ်သလိုပဲ မြန်မြန်ဆန်ဆန်နဲ့ ကုန်လွန်ပြီးဆုံးသွားတယ်။ ဝေဖန်မှုတွေ၊ အားမလိုအားမရဖြစ်ရခြင်းတွေ၊ အမနာပပြောဆိုမှုတွေလည်း ရှိသလောက်ရှိခဲ့ပေမယ့် ဒီဖက်နှစ်တွေမှာ အာဆင်နယ်ရဲ့ ပြန်လည်မြင့်တက်လာမှုကတော့ တကယ်ကိုလမ်းကြောင်းမှန်ခဲ့ပါတယ်။ ယူရိုပါလိဂ်ဝင်ခွင့်တောင် မသေချာတော့တဲ့ ဇယားအလယ်အလတ်အသင်းတစ်သင်းလို အနေအထားမျိုးထိ နိမ့်ကျသွားခဲ့ရာကနေ အခုလိုမျိုး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး၊ အတောင့်တင်းဆုံးစာရင်းဝင် အသင်းတစ်သင်းအဖြစ် ပြန်လည်ရပ်တည်လာနိုင်ခဲ့တယ်... အဲ့ဒီအတွက် စပြီးအရှိန်ယူခဲ့တာကတော့ ၂၀၂၁-၂၂ဘောလုံးရာသီဖြစ်ပါတယ်။ အာဆင်နယ်ဟာ အပြောင်းအရွှေ့နည်းဗျူဟာပိုင်းကအစ အပြောင်းအလဲလုပ်လာတယ်။ ဘန်ဝှိုက်၊ အိုဒီဂတ်၊ ရမ်းစ်ဒေးလ်၊ တိုမီယာဆု၊ လိုကွန်ညာနဲ့ နူနိုတာဗာရက်ဇ်... အသက်၂၃နှစ်ပတ်ချာလည် ကစားသမားတွေကိုပဲ စုစည်းခေါ်ယူခဲ့တယ်။ အလုပ်ဖြစ်တဲ့သူတွေလည်းဖြစ်၊ မဖြစ်တဲ့သူတွေလည်း မဖြစ်ခဲ့ပေမယ့် ဒါဟာ အရေးပါတဲ့ အပြောင်းအလဲတစ်ခုပါပဲ... အဲ့ဒီရာသီမှာ အာဆင်နယ်ဟာ ရာသီကုန်ခါနီးထိ ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်နိုင်ခဲ့တယ်။ ဒါပေမယ့် ယူရိုပါလိဂ်ဝင်ခွင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အာဆင်ဝင်းဂါးခေတ်လွန် ယိမ်းယိုင်နိမ့်ပါးသွားမှုတွေနဲ့စာရင် အများကြီးပြန်တိုးတက်လာခဲ့တာပါပဲ။ အဲ့ဒီအတွက် ဆာကာနဲ့ စမစ်ရိုးတို့ရဲ့ ထည့်ဝင်သယ်ပိုးမှုတွေကလည်း အရေးပါခဲ့ပါတယ်... နောက်တစ်နှစ်၊ ၂၀၂၂-၂၃မှာတော့ ဇင်ချန်ကို၊‌ ဂျေးဇုစ်တို့ ရောက်လာခြင်းနဲ့အတူ အာဆင်နယ်ရဲ့ တိုးတက်ပြောင်းလဲမှုတွေဟာ အတော်လေးအရှိန်ရလာတယ်။ ဖြစ်ချင်တော့ အဲ့ဒီလိုအချိန်မျိုးမှာ စမစ်ရိုး ဒဏ်ရာပြဿနာတွေ ရှိသွားခဲ့တယ်။ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ အာဆင်နယ်မှာ သူနည်းနည်းပြတ်ကျန်ခဲ့ရသလိုလည်း ဖြစ်ခဲ့ပါတယ်...

July 28, 2026 314