ချယ်လ်ဆီး 6-4 Western Sydney ပွဲပြီးအတွေးများ...
အားလုံးအဆင်ပြေနေတယ်တော့လည်း မဟုတ်သေးပါဘူး။ ဂိုးရလဒ်ကို ကြည့်လိုက်ရုံနဲ့ ဒါကသိသာပါလိမ့်မယ်။ ဒါပေမယ့် စိုးရိမ်ပူပန်လောက်စရာလည်း ရှိမနေပါဘူး...
ရာသီကြိုခြေစမ်းပွဲဖြစ်တယ်၊ ခြေစမ်းပွဲမှာမှ warm-upသဘောဆန်တဲ့ ပထမဆုံးပွဲစဥ်ဖြစ်တယ်။ ကမ္ဘာ့ဖလားအားလပ်ရက်ကာလ မပြီးဆုံးသေးတာကြောင့် လူလည်းမစုံသေးဘူး။ အကယ်ဒမီထွက်လူငယ်လေးတွေ အများစု ပွဲထွက်ကစားလာခဲ့တယ်။ လူငယ်လေးတွေဆိုတဲ့နေရာမှာမှ အသင်းကြီးနဲ့ သိပ်မနီးစပ်သေးတဲ့၊ အသင်းကြီးဆီရောက်လာဖို့ သိပ်မရှိသေးတဲ့ လူငယ်လေးတွေက အများစုဖြစ်ပါတယ်...
တိုက်စစ်ပိုင်းကတော့ အားရစရာအချက်တွေ ရှိခဲ့တယ်။ အသက်၁၇နှစ်အရွယ် လူငယ်လေးတွေဖြစ်တဲ့ ကာဗူမာမက်ကွင်းန်နဲ့ ဒတ်စ်တန်ဆတ်ပယက်ဗ်တို့ ခြေစွမ်းပြကစားနိုင်ခဲ့တယ်။ သူတို့ရဲ့ တိုက်စစ်တွဲလုံးကနေပဲ ဆတ်ပယက်ဗ်က ပွဲချိန်၆မိနစ်ကျော်မှာတင် ဦးဆောင်ဂိုးသွင်းပေးခဲ့တယ်...
No.10 roleအဖြစ် ပွဲထွက်ကစားလာတဲ့ နောက်ထပ် အသက်၁၇နှစ်အရွယ်လူငယ်လေးရက်ဂျီဝဲလ်ရှ်လည်း သဘောကျစရာခြေစွမ်းမျိုး ရှိခဲ့ပါတယ်...
ဒါပေမယ့် တိုဆင်နဲ့ လူငယ်လေးဆူဘူလိုယီ ဗဟိုခံစစ်အတွဲကတော့ သိပ်အဆင်မပြေခဲ့ဘူး။ သူတို့တင်မကဘဲ ခံစစ်ကြောင်းတစ်ခုလုံးအနေနဲ့လည်း လိုအပ်ချက်တွေ များခဲ့တယ်။ လူငယ်ဂိုးသမားလေးရှာမန်းလိုဝီ အတော်ကြိုးစားကာကွယ်နေတဲ့ကြားကပဲ ဂိုးတွေတောက်လျှောက်ပေးခဲ့ရပါတယ်...
ပထမပိုင်းတစ်ပိုင်းပဲ ကစားခွင့်ရခဲ့ပေမယ့် အက်ဆူဂိုလည်း အတော်ကောင်းပါတယ်။ 2-2ဖြစ်စေမယ့် ချေပဂိုးကို ကိုယ်တိုင်သွင်းပေးခဲ့တယ်။ လုပ်အားနှုန်းကောင်းကောင်းနဲ့ ခံစစ်-တိုက်စစ်မျှကစားပေးသွားတာမျိုးလည်း တွေ့ရပါတယ်...
ဒုတိယပိုင်းအစမှာတော့ အက်ဆူဂိုနဲ့ မက်ကွင်းန်နေရာမှာ ယာဇူလီနဲ့ ကယ်လီမန်းဝင်ကစားခဲ့တယ်။ မိနစ်၆၀ကျော်၊ Sydneyက ဦးဆောင်ဂိုးထပ်သွင်းသွားပြီးနောက်မှာတော့ ရောဘတ်ဆန်းချက်ဇ်၊ လီဗီကိုဝဲ၊ ဖိုဖာနာ၊ (ကစားသမားသစ်)ပါလက်စ်ထရာ၊ အန်ဆဲလ်မီနို၊ ဂျင်မီဂစ်တန်စ်၊ ကိုးလ်ပါးမား၊ အက်စ်တီဗာအိုနဲ့ ယာအိုပတ်ဒရိုတို့ လူစားဝင်ကစားလာတယ်...
ချက်ချင်းဆိုသလိုပဲ ဂျင်မီဂစ်တန်စ် ချေပဂိုးပြန်သွင်းနိုင်ခဲ့ပေမယ့် ပွဲချိန်၇၈မိနစ်မှာ Sydneyက နောက်တစ်ကြိမ်ဦးဆောင်ခဲ့တယ်...
ဒါပေမယ့် ပွဲချိန်မိနစ်၈၀ကနေ ၈၉မိနစ်အတွင်းမှာတော့ ယာအိုပတ်ဒရိုက ၃ဂိုးဆက်တိုက်သွင်းပြီး ချယ်လ်ဆီးကို နိုင်ပွဲရသွားစေခဲ့ပါတယ်...
ပြောခဲ့သလိုပဲ ခြေစမ်းပွဲမှာမှ warm-upသဘောဆန်တဲ့ ပထမဆုံးပွဲဖြစ်နေတော့ ဘာမှသိပ်အထွေအထူး သုံးသပ်ဖို့မရှိပါဘူး။ လူငယ်လေးတွေ အတော်များများ ပွဲကစားခွင့်ရခဲ့တာ၊ တချို့တွေ ခြေစွမ်းပြနိုင်ခဲ့ကြတာကိုက ကျေနပ်စရာပါပဲ...
လီယန်မ်ဒီလက်ပ်တို့၊ တိုဆင်တို့ကတော့ ရလာတဲ့အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘူးပြောရမယ်။ ဒါပေမယ့် အခုမှတစ်ပွဲဆိုတော့ အများကြီးပြောဖို့တော့ မဟုတ်သေးပါဘူး...
ဒီပွဲရဲ့ Man of the Matchကတော့ လူစားဝင်ပြီး hat-trickသွင်းသွားခဲ့တဲ့ ယာအိုပတ်ဒရိုပဲ ဖြစ်ပါလိမ့်မယ်...
#TheSportsArena #Brief
#Chelsea #EPL
7
1July 28, 2026 375