ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ခေတ်ကုန်သွားတော့မလိုလို အခြေအနေမျိုးမှာ အိုးထရက်ဖို့ဒ်ကို သူရောက်လာခဲ့ပါတယ်...
အာဆင်နယ်က ရှူံးပွဲမရှိ ရွှေဖလားချန်ပီယံဖြစ်တယ်။ မော်ရင်ဟိုရဲ့ချယ်လ်ဆီးကလည်း ရပ်တန့်ဖို့ မလွယ်ကူလောက်အောင် အရှိန်အဟုန်ပြင်းပြင်းနဲ့ ချီတက်လာခဲ့တယ်။ အကျိုးဆက်အနေနဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးချန်ပီယံဆုနဲ့ ၃နှစ်ဆက် လွဲချော်ခဲ့တယ်။ ယူနိုက်တက်ခေတ်ကုန်သွားပြီလား၊ ကုန်သွားတော့မှာလား မေးခွန်းထုတ်ရမလို ရှိခဲ့ပါတယ်...
ချန်ပီယံဆုနဲ့ ၃နှစ်ဆက်လွဲချော်ထားရချိန်၊ ၂၀၀၆ နွေရာသီအပြောင်းအရွှေ့မှာတော့ ယူနိုက်တက်ဟာ မိုက်ကယ်ကာရစ်တစ်ဦးထဲကိုပဲ ခေါ်ယူခဲ့တယ်။ ဒါဟာ ရွိုင်ကိန်းမရှိတော့ပြီဖြစ်တဲ့ ကွင်းလယ်ကို အစားထိုးဖို့ပဲလို့ ကျနော်တို့ သဘောပါခဲ့ကြပေမယ့် “ကာရစ်လောက်နဲ့ ဖြစ်ပါ့မလား” သံသယဝင်ခဲ့ရပါတယ်...
စိတ်ပူမယ်ဆိုလည်း ပူလောက်စရာပါပဲ။ မိုက်ကယ်ကာရစ်ရဲ့ ကစားပုံကစားပေါက်ကိုက ရွိုင်ကိန်းနဲ့ အတော်လေးကွဲပြားခြားနားနေတယ်။ သူကမြန်နှုန်းတွေ၊ လုပ်အားနှုန်းတွေ၊ တွန်းတွန်းတိုက်တိုက်ကစားနိုင်မှုတွေကို အားပြုမထားဘူး။ ကစားပုံပျော့တဲ့အထဲပါတယ်လို့တောင် ပြောရမယ်။ ဒါပေမယ့် သူ့ရဲ့ဘောလုံးအမြင်၊ ဘောလုံးဖြန့်ဝေမှု၊ ကစားကွက်အနေအထားတစ်ရပ်လုံးကို ကျေညက်စွာဖတ်ရှုနိုင်မှုတွေအရ မိုက်ကယ်ကာရစ်ဟာ ရွိုင်ကိန်းတို့လိုပုံစံမျိုးနဲ့ မတူကွဲပြားသော ကွင်းလယ်ကစားသမားကောင်းတစ်ယောက် ဖြစ်လာခဲ့တယ်...
တွန်းတွန်းတိုက်တိုက် ဘောလုံးမဖျက်နိုင်ပေမယ့် ပါးနပ်တဲ့ နေရာယူပုံ၊ ရွေ့လျားပုံ၊ ပွဲကိုဖတ်ရှုနိုင်မှုတွေနဲ့ ပြိုင်ဖက်ရဲ့တိုက်စစ်လမ်းကြောင်းတွေကို စနစ်တကျ ကြားဖြတ်ဟန့်တားထားတဲ့၊ ခံစစ်ကြောင်းရှေ့က spaceတွေကို coverလုပ်ပေးထားတဲ့ မိုက်ကယ်ကာရစ်ကို ကျနော်တို့တွေ့မြင်ခဲ့ရတယ်...
အိုးထရက်ဖို့ဒ်မြက်ခင်းကို သူစနင်းတဲ့နှစ်မှာပဲ ယူနိုက်တက်ဟာ ၃နှစ်ကြာဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်...
မှန်တာပေါ့။ ဒါဟာ သူ့တစ်ယောက်ထဲကြောင့်တော့လည်း ဘယ်ဟုတ်ပါ့မလဲ။ ၂၀၀၆ကမ္ဘာ့ဖလားမှာ အခန့်မသင့်စွာပဲ ကတောက်ကဆလေးတချို့ ရှိခဲ့ပြီးနောက် ပိုမိုရင့်ကျက်သော ရွန်နေနဲ့ ရော်နယ်ဒိုကို ကျနော်တို့မြင်ခဲ့ရတယ်။ ဖာဒီနန်-ဗီဒစ်ဟာ ပြည်တွင်းမှာတင်မက ဥရောပရဲ့ အကောင်းဆုံးစာရင်းဝင် ဗဟိုခံစစ်အတွဲဖြစ်လာတယ်။ သူတို့ရဲ့နောက်မှာ ဗန်ဒါးဆားလို ဂိုးသမားမျိုးက မားမားမတ်မတ်ရှိနေခဲ့တယ်။ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ...
အထူးသဖြင့် ရွန်နေနဲ့ ရော်နယ်ဒိုတို့ရဲ့ သွင်းဂိုးတွေဟာ ရပ်တန့်လို့မရအောင် ဖြစ်လာတယ်။ ဒါပေမယ့် အဲ့ဒီသွင်းဂိုးတွေရဲ့ နောက်ကွယ်မှာ ယူနိုက်တက်ရဲ့ တိုက်စစ်လမ်းကြောင်းအများစုဟာ ကာရစ်ဆီကနေ မြစ်ဖျားခံစီးဆင်းနေတယ်၊ ကာရစ်နဲ့ တစ်နည်းတစ်ဖုံပတ်သက်နေတယ်ဆိုတာကိုတော့ အဲ့ဒီအချိန်တုန်းက သတိပြုမိသူနည်းခဲ့ပါတယ်...
ကျနော်တို့(အများစု)ဟာ သူ့ကို အနည်းနဲ့အများ အားမလိုအားမရ ဖြစ်ကြရတယ်။ ယူနိုက်တက်ကွင်းလယ်မှာ သူနဲ့တခြားတစ်ယောက် တွဲဖက်ပွဲထွက်လာပြီဆိုရင် တခြားတစ်ယောက်ကို ပိုပြီးအာရုံကျခဲ့ကြတယ်။ ဒါပေမယ့် ကာရစ်ကတော့ သူ့ရဲ့ပုံစံအတိုင်း တိတ်ဆိတ်စွာ၊ ငြိမ်သက်စွာ၊ အေးဆေးလွန်းစွာနဲ့ သူလုပ်စရာရှိတာကို လုပ်နေခဲ့တယ်။ ဆာအဲလက်စ်ဖာဂူဆန်နှစ်ကာလများမှာတင်မကဘဲ ဒေးဗစ်မွိုက်စ်၊ လူးဝစ်ဗန်ဟားလ်နဲ့ မော်ရင်ဟိုခေတ်အထိ ယူနိုက်တက်ကွင်းလယ်ရဲ့ အရေးပါတဲ့ ထောက်တိုင်တစ်ခုအဖြစ် အခိုင်အမာရပ်တည်နိုင်ခဲ့ပါတယ်...
၂၀၀၆ကနေ ၂၀၁၈...
ယူနိုက်တက်မှာ ၁၂နှစ်တိတိ သူဖြတ်သန်းခဲ့တယ်။ ပြိုင်ပွဲစုံပွဲ၄၆၀ကျော် ကစားပေးခဲ့တယ်။ ပရီးမီးယားလိဂ်ဖလား၅လုံးအပါအဝင် ဆုဖလား၁၈လုံးထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်...
ဒါပေမယ့် လက်ရွေးစင်အသင်းမှာတော့ အင်္ဂလန်နည်းပြအဆက်ဆက်က သူ့ကိုမျက်ကွယ်ပြုခဲ့ကြတယ်။ တကယ်လို့များ သူ့ကို ယုံယုံကြည်ကြည်နဲ့ အခွင့်အရေးပေးခဲ့ရင် အဲ့ဒီနှစ်ကာလတွေမှာ အင်္ဂလန်ဟာ အများကြီးပိုတည်ငြိမ်တဲ့ အသင်းလိုက်ဟန်ချက်တစ်ခုကိုများ ပိုင်ဆိုင်နိုင်မလား တွေးလောက်စရာပါပဲ...
ဘာပဲဖြစ်ဖြစ်ပေါ့လေ။ မိုက်ကယ်ကာရစ်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အကောင်းဆုံးစာရင်းဝင် holding midfielder, deep-lying playmakerတစ်ယောက်ဆိုတာကတော့ တကယ်ကို သေချာလွန်းခဲ့ပါတယ်...
နှစ်ကာလတွေဟာ မြန်မြန်ဆန်ဆန်ပဲ ကုန်လွန်ပြီးဆုံးသွားတယ်။ အခုတော့ ကာရစ်လည်း ယူနိုက်တက်ရဲ့ နည်းပြချုပ်တောင် ဖြစ်နေခဲ့ပြီ။ အများကြီးပြောဖို့တော့ စောနေသေးပေမယ့် မနှစ်က ဒုတိယရာသီဝက်မှာတော့ သူအကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်၊ စာမေးပွဲအောင်ခဲ့တယ်လို့ ပြောရပါမယ်...
ဒါပေမယ့် အားလုံးသိပြီးဖြစ်တဲ့အတိုင်းပေါ့လေ။ ယူနိုက်တက်နည်းပြတစ်ယောက်ဟာ စာမေးပွဲအောင်ရုံအဆင့်လောက်နဲ့တော့ သိပ်အဆင်မပြေနိုင်ဘူး။ ဂုဏ်ထူးတွေ တသီတတန်းကြီး ပါလာဖို့လည်း လိုနေသေးတယ်။ ဒါကို သူလုပ်နိုင်မလား၊ ကစားသမားဘဝတုန်းက ယူနိုက်တက်ကို ၃နှစ်ကြာဝေးကွာနေတဲ့ အမှတ်ပေးဖလား ပြန်ရစေခဲ့သလို အခုနည်းပြဘဝမှာရော၊ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ပြန်ယူပေးနိုင်မလားဆိုတာကတော့ ကျနော်တို့ ဆက်ပြီးစောင့်ကြည့်ရမယ့်ကိစ္စပါပဲ...
9July 28, 2026 414