The Sports Arena: post #8774 — TG.ME

အက်ချင်ပေါင် အငှါးထွက်သင့်ပြီလား...

လက်ရှိချယ်လ်ဆီးမှာ အသင်းဖက်က ဘယ်လိုနည်းနဲ့မှ လက်လွှတ်ဖို့မရှိတဲ့ untouchable player ၈ဦးတိတိရှိတယ်လို့ ကျနော်နားလည်ထားပါတယ်။ ကိုးလ်ပါးမား၊ ရီစီဂျိမ်းစ်၊ ယာအိုပတ်ဒရို၊ အက်စ်တီဗာအို၊ ကိုင်စီဒို၊ လာဗီယာ၊ ဟာတိုနဲ့ အက်ချင်ပေါင်ပါပဲ...

အသင်းကြီးတစ်သင်းက ကိုယ့်ကို untouchable playerအဖြစ် သတ်မှတ်ထားတယ်ဆိုတာ ဂုဏ်ယူစရာကောင်းပါတယ်။ အထူးသဖြင့် ဒီဖက်နှစ်တွေမှာ ချယ်လ်ဆီးဟာ သူတို့ကစားသမားအများစုအတွက် မှန်ကန်သင့်တော်တဲ့ ပြောင်းရွှေ့ကြေးမျိုးသာရမယ်ဆိုရင် လက်လွှတ်ဖို့ အသင့်ရှိနေတတ်တာဆိုတော့ ဒီလိုအသင်းမျိုးက untouchable playerအဖြစ် သတ်မှတ်ထားတယ်ဆိုတာ အက်ချင်ပေါင်အတွက် ပိုလို့ဂုဏ်ယူစရာပါပဲ...

လူငယ်ကစားသမားတစ်ယောက်အနေနဲ့ တကယ်သဘောကျလောက်စရာ အရည်အသွေးတွေလည်း သူ့မှာ တကယ်ရှိပါတယ်။ CBအနေနဲ့ရော၊ RBအနေနဲ့ရော အံဝင်ခွင်ကျကစားနိုင်တယ်။ ခံစစ်ကစားသမားတစ်ယောက်အနေနဲ့ သူကအရမ်းမြန်တယ်။ recovery paceကောင်းသလို 1v1 duelတွေမှာလည်း အတော်အတန်စိတ်ချရတယ်။ သက်တောင့်သက်သာ ဘောလုံးကိုင်ကစားနိုင်သလို ဘောလုံးဖြန့်ဝေမှုလည်းကောင်းတဲ့ ball-playing CBတစ်ယောက်ပါပဲ။ လိုအပ်လာရင် ကွင်းလယ်နဲ့တိုက်စစ်ကိုလည်း အကောင်းဆုံးကူညီပေးနိုင်စွမ်း ရှိနေပါတယ်...

အနာဂတ်အလားအလာကောင်းတွေ အတော်များများ ပိုင်ဆိုင်ထားတဲ့ လူငယ်လေးတစ်ယောက်ဆိုလည်း မမှားပါဘူး...

ဒါပေမယ့် ပြဿနာတစ်ခုရှိလာတာက အက်ချင်ပေါင်ဟာ အခုဆို အသက်၂၀အရွယ် ဖြစ်လာတာပါပဲ။ ပုံမှန်ပွဲထွက်ခွင့်ရဖို့ လိုအပ်လာတဲ့ အသက်အရွယ်မျိုးဖြစ်တယ်။ ဒါပေမယ့် လာမယ့်ရာသီချယ်လ်ဆီးမှာတော့ သူ့အတွက် ပုံမှန်ပွဲထွက်ခွင့်တစ်နေရာက သိပ်မသေချာသေးပါဘူး။ အလွန်ဆိုဟာ သူ့လက်ထက်ချယ်လ်ဆီးကို Three-backအခင်းအကျင်းနဲ့ တည်မလား၊ Four-backဖြစ်မလား မသေချာသေးပေမယ့် ဘယ်လိုကစားကွက်အခင်းအကျင်းမျိုးမှာပဲဖြစ်ဖြစ် အက်ချင်ပေါင်ကစားနိုင်တဲ့ CBနဲ့ RBနေရာတွေအတွက် သူ့ထက်ပိုဦးစားပေးရမယ့် ကစားသမားတွေ ချယ်လ်ဆီးမှာ အတော်အသင့်ရှိနေပါတယ်....

CBနေရာအတွက် လီဗီကိုဝဲ၊ လာခရိုက်စ်နဲ့ ဖိုဖာနာ ရှိနေသေးတယ်။ Three-backအခင်းအကျင်းအတွက် စဥ်းစားမယ်ဆိုရင် ရီစီဂျိမ်းစ်က RCB၊ ဟာတိုက LCBနေရာတွေလည်း ဖြစ်လာနိုင်ပါသေးတယ်...

Right-back, right wing-backနေရာတွေအတွက်လည်း ကစားသမားသစ်ပါလက်စ်ထရာရှိနေတယ်။ ဂတ်စ်တိုအသင်းပြောင်းဖြစ်မယ်ဆိုရင်တောင် ရီစီဂျိမ်းစ်လည်း ဒီpositionတွေမှာ ကစားကောင်းကစားဖြစ်ပါဦးမယ်...

ဒါကြောင့် လာမယ့်ရာသီအလွန်ဆိုရဲ့ ပထမဦးစားပေးအခင်းအကျင်းမှာ အက်ချင်ပေါင်ပါဝင်ခွင့်ရဖို့ဆိုတာက ဖြစ်နိုင်ချေနည်းလွန်းပါတယ်။ squad playerအနေနဲ့ ပါဝင်ရဖို့ ပိုများနေတဲ့ အနေအထားပါပဲ...

လာမယ့်ရာသီမှာ ချယ်လ်ဆီးဟာ ဘာဥရောပပြိုင်ပွဲမှ ကစားရဖို့ မရှိတာကြောင့်လည်း နည်းပြအလွန်ဆိုအနေနဲ့ သူ့ရဲ့လူစာရင်းကို rotateလုပ်ဖို့၊ squad playerတွေကို ပွဲကစားခွင့်များများပေးနိုင်ဖို့ အခွင့်အရေး သိပ်မရှိပါဘူး....

လိုတိုရှင်းပြောရရင် လာမယ့်ရာသီမှာလည်း (လူစာရင်းတစ်ခုလုံး ဒဏ်ရာပြဿနာနည်းပါးပြီး ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင်) အက်ချင်ပေါင်အတွက် ပွဲကစားချိန်မိနစ် အတော်နည်းပါးနေဦးမယ့် အနေအထားပါပဲ...

အသက်၂၀ကျော်လာပြီဖြစ်တဲ့၊ လာမယ့်ရာသီမှာ ၂၁နှစ်ပြည့်မယ့် လူငယ်လေးတစ်ယောက်အနေနဲ့ လက်ရှိအချိန်ထိ ပွဲကစားချိန်မိနစ်များများစားစား မရသေးဘူးဆိုရင် အက်ချင်ပေါင်ရဲ့ တိုးတက်မှုကို နှောင့်နှေးသွားစေနိုင်တာလည်း သတိပြုရပါမယ်...

ဒါဆို အက်ချင်ပေါင် အငှါးထွက်ကစားသင့်ပြီလား...

ကျနော်ပြောနေကျအတိုင်းပဲ ကိစ္စတိုင်းမှာ အားသာချက်၊ အားနည်းချက်ဆိုတာရှိပါတယ်။ အငှါးထွက်ကစားမယ်၊ အသင်းရွေးချယ်မှုလည်း မှန်ကန်မယ်ဆိုရင် သူ့အတွက် ပွဲကစားချိန်မိနစ် အလုံအလောက်ရလာမယ်၊ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်လာမယ်၊ ပိုမိုရင့်ကျက်သော ကစားသမားတစ်ယောက်အဖြစ် ချယ်လ်ဆီးကို ပြန်လာနိုင်ပါလိမ့်မယ်...

အငှါးမထွက်ဘဲ ချယ်လ်ဆီးမှာပဲ ထရိန်နင်ဆင်းရင်း၊ ကြိုကြားကြိုကြား ဝင်ကစားရင်း အလွန်ဆိုလို နည်းပြမျိုး၊ ရီစီဂျိမ်းစ်လို အသင်းခေါင်း‌ဆောင်မျိုးဆီကနေ အနီးကပ်ကြိုးစားသင်ယူနေမယ်ဆိုရင်လည်း အားသာချက်ရှိတာပါပဲ...

ဘယ်လမ်းကိုရွေးမလဲဆိုတာကတော့ ကာယကံရှင်အက်ချင်ပေါင်နဲ့ ချယ်လ်ဆီးတာဝန်ရှိသူတွေပေါ်မှာပဲ မူတည်ပါလိမ့်မယ်...

ကျနော့်သဘောဆိုရင်တော့ အက်ချင်ပေါင်ကို အငှါးထွက်ကစားစေချင်ပါတယ်။ အလွန်ဆိုနဲ့ လက်တွဲအလုပ်လုပ်ခွင့်ရတာ သိပ်မကြာသေးပေမယ့် ချယ်လ်ဆီးမှာ သူဖြတ်သန်းခဲ့ရတဲ့ ပိုချက်တီနိုတို့၊ မာရက်စ်ကာတို့ဆိုတာလည်း တစ်မျိုးတစ်ဘာသာစီထူးချွန်တဲ့ နည်းပြကောင်းတွေပဲလို့ ကျနော်ယုံကြည်ပါတယ်။ ပြောချင်တာက အက်ချင်ပေါင်ဟာ ချယ်လ်ဆီးနဲ့အတူ ထိုက်သင့်သလောက် အနီးကပ်သင်ယူခဲ့ပြီးပါပြီ။ အခုအချိန်မှာ သူ့အတွက် အလိုအပ်ဆုံးက ပွဲအတွေ့အကြုံပါပဲ...

ဒါကို လာမယ့်ရာသီ ချယ်လ်ဆီးမှာ မရသေးဖို့များနေတာဆိုတော့ ရနိုင်မယ့်အသင်းဆီ အငှါးထွက်ကစားတာ ပိုကောင်းပါတယ်။ အသင်းရွေးချယ်မှု မှန်ကန်ဖို့တော့ လိုအပ်ပါလိမ့်မယ်...
❤7
July 29, 2026 415