ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နှစ်ပေါင်းများစွာ အကြိတ်အနယ်ယှဥ်ပြိုင်ကြရင်း ကျနော်နဲ့အာဆင်းကြားမှာ ပွတ်တိုက်မှုတွေလည်း အတော်များများရှိခဲ့တယ်။ ကွင်းထဲမှာ ကစားကွက်ချင်း၊ နည်းဗျူဟာချင်း အကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ရသလို မီဒီယာစာမျက်နှာတွေထက်မှာလည်း အပြန်အလှန် စကားလုံးတိုက်ပွဲတွေ ဆင်နွှဲခဲ့ရပါတယ်... ၂၀၀၀ပြည့်လွန်နှစ်ကာလများမှာတော့ “ဘောလုံးဟာ ဘဝအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပေမယ့် အရေးအကြီးဆုံးတော့ မဟုတ်ဘူး”လို့ ကျနော်ပိုပြီးယုံကြည်လာတယ်။ ပွဲတစ်ပွဲရဲ့ အနိုင်အရှူံးဟာ ဘယ်လိုပဲရှိရှိ၊ ပွဲသိမ်းခရာမှုတ်ချိန်မှာ ကျနော်တို့နည်းပြတွေဟာ လုပ်ငန်းတူမိတ်ဆွေများအနေနဲ့ ဝိုင်လေးတစ်ခွက်နှစ်ခွက်သောက်ရင်း ရင်းရင်းနှီးနှီး စကားစမြည်ပြောဆိုသင့်တာပဲလို့ ကျနော်တွေးမိလာတယ်။ ဒါကြောင့် အိုးထရက်ဖို့ဒ်ကိုရောက်လာတဲ့ ပြိုင်ဖက်အသင်းရဲ့ နည်းပြတိုင်းကို ပွဲသိမ်းခရာမှုတ်ချိန်မှာ ကျနော့်ရုံးခန်းထဲဖိတ်ခေါ်ပြီး ဝိုင်တစ်ပုလင်းနဲ့ တည်ခင်းဧည့်ခံတဲ့ အစဥ်အလာတစ်ရပ်ကို ကျနော်စတင်ဖို့ ကြိုးစားခဲ့တယ်... အဲ့ဒါက အတော်လေးအောင်မြင်ခဲ့တယ်ထင်ပါတယ်။ အပြန်အလှန်သဘောအနေနဲ့ ကျနော်တို့ရဲ့ အဝေးကွင်းပွဲစဥ်များမှာလည်း ပြိုင်ဖက်နည်းပြတွေက ကျနော့်ကို သူတို့ရုံးခန်းထဲ ဖိတ်ခေါ်ကြ၊ ဝိုင်တစ်ပုလင်းနဲ့ ပြန်လည်ဧည့်ခံကြတာပေါ့လေ... ပွဲအပြီးမှာ ကျနော်နဲ့ ဝိုင်အတူသောက်ဖို့ ငြင်းဆန်ခဲ့တဲ့ ပြိုင်ဖက်နည်းပြကတော့ တစ်ယောက်ပဲရှိခဲ့ပါတယ်။ ဟုတ်တယ်၊ ခင်ဗျားတို့ထင်တဲ့တစ်ယောက်ပါပဲ။ အာဆင်းပါပဲ... ယူနိုက်တက်-အာဆင်နယ်ပွဲအပြီးတွေမှာ ကျနော့်ရုံးခန်းထဲကို အာဆင်ဝင်းဂါးတစ်ခါမှ လိုက်မလာခဲ့ဘူး။ လက်ထောက်နည်းပြပတ်ရိုက်စ်ပဲ လာတတ်တယ်... ၂၀၀၄အောက်တိုဘာ၊ အိုးထရက်ဖို့ဒ်ထိပ်တိုက်တွေ့ဆုံမှုအပြီးမှာတော့ ပတ်ရိုက်စ်ပါ မလာတော့ပါဘူး။ ကျနော်တို့ကြား ဆက်ဆံရေးအတင်းမာဆုံးဖြစ်ခဲ့တဲ့ကာလတွေဆိုပါတော့... အာဆင်နယ်ရဲ့ ၄၉ပွဲဆက် ရှူံးပွဲမရှိစံချိန်ကို ကျနော်တို့ ရပ်တန့်လိုက်နိုင်ခဲ့တယ်။ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တချို့အပါအဝင် ဒီပွဲအရှူံးနဲ့ပတ်သက်လို့ အာဆင်းနဲ့ အာဆင်နယ်ကစားသမားတွေ အတော်လေးပေါက်ကွဲခဲ့ကြတယ်။ ကျနော်ကိုယ်တိုင်တောင် ပီဇာနဲ့ ပစ်ပေါက်ခံခဲ့ရပါသေးတယ်... “အဲ့ဒါဖာဘရီဂတ်စ်လုပ်ခဲ့တာပဲ”လို့ နောက်ပိုင်းမှာ ကျနော်ပြန်သိရတယ်။ ဒါပေမယ့် ကျနော်ကတော့ ဘယ်သူဘယ်ဝါရယ်လို့ မမြင်ခဲ့ရပါဘူး။ သေချာတာတစ်ခုက အဲ့ဒီပီဇာဟာ အာဆင်နယ်အဝတ်လဲခန်းဖက်ကနေ လာခဲ့တယ်ဆိုတာပါပဲ... နှစ်ဖက်တင်းမာမှုတွေ ပြန်လည်လျော့ကျသွားခဲ့တာကတော့ ၂၀၀၉ဧပြီ၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ထိပ်တိုက်တွေ့ဆုံမှုပါပဲ။ အိုးထရက်ဖို့ဒ်မှာ ကျနော်တို့ 1-0နဲ့ နိုင်ခဲ့တယ်။ ပွဲအပြီးမှာ ပတ်ရိုက်စ်နဲ့အတူ အာဆင်ဝင်းဂါးကိုယ်တိုင် ကျနော့်ရုံးခန်းထဲ လိုက်လည်ခဲ့တယ်။ ဝိုင်တစ်ခွက်သောက်ပြီး မိနစ်အနည်းငယ်လောက် စကားစမြည်ပြောသွားခဲ့တယ်... နောက်ထပ်ရက်သတ္တပတ်အနည်းငယ်အကြာ၊ အမ်းမရိတ်စ်မှာ ကစားခဲ့ရတဲ့ ဒုတိယအကျော့ပွဲစဥ်အပြီးမှာတော့ အာဆင်ဝင်းဂါးက ကျနော့်ကို သူ့ရုံးခန်းထဲဖိတ်ခေါ်ပြီး ရှားပါးဝိုင်တစ်ပုလင်းနဲ့ ဧည့်ခံခဲ့တယ်။ အဲ့ဒီကနေစလို့ ကျနော်တို့ကြားက ခါးသီးတဲ့အားပြိုင်မှုတွေ၊ တင်းမာမှုတွေအားလုံး ပြီးဆုံးသွားခဲ့တယ်။ နောက်ဆုံးတော့ ကျနော်တို့နှစ်ယောက်ဟာ မိတ်ဆွေကောင်းတွေ ပြန်ဖြစ်နိုင်ခဲ့ကြပါတယ်... အာဆင်းနဲ့ ကျနော်ဟာ ပရီးမီးယားလိဂ်မှာ ၁၇နှစ်လောက် အကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ကြတယ်။ ဆယ်စုနှစ်တစ်ခုလောက် တကယ့်ခါးသီးပြိုင်ဖက်တွေ ဖြစ်ခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် မိတ်ဆွေကောင်းတွေအနေနဲ့ စတင်သိကျွမ်းခဲ့ကြသလို နောက်ဆုံးတစ်နေ့မှာလည်း မိတ်ဆွေကောင်းတွေ ပြန်ဖြစ်နိုင်ခဲ့ကြတယ်... ဘာပဲဖြစ်ဖြစ် ကျနော့်ရဲ့နည်းပြဘဝတစ်လျှောက်မှာ အာဆင်းဟာ အမှတ်တရဖြစ်စရာအကောင်းဆုံး ပြိုင်ဖက်တစ်ယောက်၊ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ခဲ့တာတော့ အသေအချာပါပဲ... (ဆာအဲလက်စ်ဖာဂူဆန်) #TheSportsArena #Story #ManUtd #Arsenal #EPL
90 Plus: post #8772 — TG.ME
July 29, 2026 392