The Sports Arena: post #8771 — TG.ME

ဆာအဲလက်စ်ပြောတဲ့ အာဆင်ဝင်းဂါးအကြောင်း...

မိတ်ဆွေကောင်းတွေအဖြစ် စတင်ခဲ့တယ်။ နောက်တော့ ခါးသီးပြိုင်ဖက်တွေ ဖြစ်သွားတယ်။ နောက်ဆုံးမှာ မိတ်ဆွေကောင်းတွေ ပြန်ဖြစ်လာကြတယ်။ အာဆင်းနဲ့ကျနော့်ကြား ဆက်ဆံရေးကို အတိုချုပ်ပြောရင်တော့ အဲ့ဒါပါပဲ...

ဘာပဲဖြစ်ဖြစ် အဲ့ဒီနှစ်ကာလတွေတစ်လျှောက်လုံးမှာ ကျနော်ဟာ အာဆင်းအပေါ် ကောင်းကောင်းနားလည်ပေးနိုင်ခဲ့တယ်လို့ပဲ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ကိုယ်တိုင်လည်း သူ့လိုဖြစ်ခဲ့ဖူးလို့ပါပဲ...

ကျနော်ရော၊ အာဆင်းရော အရှူံးကိုသိပ်ကြောက်ကြတယ်၊ အရှူံးကို လွယ်လွယ်နဲ့ လက်မခံချင်ကြဘူး။ ကျနော်စိန့်မာရင်နည်းပြဘဝမှာတုန်းက ရိတ်ရိုဗာအသင်းကို ရှူံးသွားခဲ့တဲ့ ပွဲစဥ်တစ်ပွဲအပြီးမှာ ပြိုင်ဖက်နည်းပြနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့ဖူးတယ်။ ပြိုင်ဖက်နည်းပြဆိုတာ တခြားသူမဟုတ်ဘူး။ ကစားသမားဘဝတုန်းက ကျနော့်အသင်းဖော်ဟောင်းဖြစ်ခဲ့သလို မိတ်ဆွေကောင်းတစ်ယောက်လည်းဖြစ်တဲ့ ဘာတီပါတန်ပါပဲ။ ဘာတီက ကျနော့်နောက် တောက်လျှောက်လိုက်ပြီး ကျနော့်ကို နှစ်သိမ့်‌ဖျောင်းဖျခဲ့တာ၊ ဒါကို ကျနော်လက်သင့်မခံဘဲ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်မြဲငြင်းဆန်ခဲ့တာတွေကို ဒီနေ့အထိ ကျနော်ကောင်းကောင်းမှတ်မိနေပါသေးတယ်...

တချို့သောဘဝသင်ခန်းစာတွေက တန်ဖိုးကြီးကြီးမားမား ပေးရတတ်ပါတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ အမှားတွေကနေ သင်ယူရတာမို့လို့ပါပဲ။ အဲ့ဒီနေ့က ကျနော်သိပ်မှားသွားခဲ့တယ်။ ပိုမိုရင့်ကျက်လာတဲ့တစ်နေ့မှာတော့ “ဘဝဟာ ဘောလုံးပွဲတစ်ပွဲထက် အများကြီးပိုအရေးကြီးတာပဲ”လို့ ကျနော်သင်ယူနိုင်ခဲ့ပါတယ်....

ကျနော်နဲ့ အာဆင်းကြားက ဆက်ဆံရေးဟာ အစောပိုင်းမှာတော့ အဆင်ပြေပြေပါပဲ။ သူ့လက်ထက် အာဆင်နယ်နဲ့ ကျနော်တို့ယူနိုက်တက်ရဲ့ ပထမဆုံးတွေ့ဆုံမှုက အိုးထရက်ဖို့ဒ်မှာဖြစ်ခဲ့တယ်။ ပွဲအပြီးမှာ သူကျနော့်ရုံးခန်းထဲလိုက်လာပြီး အေးအေးဆေးဆေး စကားစမြည်ပြောဖြစ်ခဲ့ပါတယ်...

ပြဿနာကတော့ ကျနော်တို့ထိပ်တိုက်တွေ့ခဲ့တဲ့ ပွဲစဥ်တစ်ပွဲမှာ သူတို့အာဆင်နယ်ဟာ ကစားပုံအတော်ကောင်းခဲ့ပါလျက်နဲ့ ရှူံးသွားရာကနေ စခဲ့တယ်ထင်တယ်။ အာဆင်းဟာ သူ့အသင်းရဲ့ အားနည်းချက်တစ်ခုကို သူကိုယ်တိုင် ရှာတွေ့ခဲ့ပုံမရဘူး။ တကယ်လည်း သူတို့ဟာ အားနည်းချက်မရှိသလောက်နီးနီး ကောင်းခဲ့တာကိုး...

ဒီလိုနဲ့ အာဆင်းဟာ ဒီရလဒ်အတွက် ကျနော်တို့ကို ပြစ်တင်ဝေဖန်လာခဲ့တယ်။ ကျနော်တို့ဟာ ကစားပုံကြမ်းလွန်းတယ်, ကြံ့ခိုင်မှုကို အားပြုလွန်းတယ်လို့ သူဝေဖန်ခဲ့တယ်။ နည်းပြတစ်ယောက်အနေနဲ့ ကိုယ့်အသင်းကိုပဲ ကိုယ်အကောင်းဆုံး ကြိုးစားတည်ဆောက်လို့ရမယ်၊ ပြိုင်ဖက်တွေက ကိုယ့်ကိုဘယ်လိုရင်ဆိုင်မလဲဆိုတာ လိုက်ကန့်သတ်လို့မရနိုင်ဘူးဆိုတာကို သူသဘောမပေါက်ခဲ့တာပဲ။ ဒါမှမဟုတ် သဘောပေါက်ရဲ့သားနဲ့ ကျနော်တို့ကို စိတ်ဓာတ်‌ရေးရာအရ အသာစီးယူနိုင်ဖို့ ကြိုးစားတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်...

ဘာပဲဖြစ်ဖြစ် ကျနော့်အမြင်ကတော့ အာဆင်းဟာ သူ့ကစားသမားတွေကို ပြိုင်ဖက်က တွန်းတွန်းတိုက်တိုက်နဲ့‌ ဘောလုံးဖျက်ထုတ်တာမျိုးကအစ သိပ်လက်သင့်ခံချင်ပုံမရဘူး။ သူတို့လိုပဲ လှပညက်ညောစွာနဲ့ ကစားကွက်ချင်း ယှဥ်ကစားစေချင်ပုံပါပဲ...

ဒါက ကျနော်အာဆင်းကို ပြစ်တင်ဝေဖန်နေတာ မဟုတ်ပါဘူး။ ပြောခဲ့သလိုပဲ ကျနော်ကိုယ်တိုင်လည်း ဒါမျိုးတွေ ကြုံတွေ့ဖြတ်သန်းခဲ့ဖူးပါတယ်။ စိန့်မာရင်နည်းပြဘဝ ပွဲစဥ်တစ်ပွဲမှာ ပြိုင်ဖက်ကစားသမားတစ်ယောက်က ကျနော့်လူတွေကို ခပ်ကြမ်းကြမ်းလိုက်ဖျက်နေတာမျိုး အကြိမ်ကြိမ်မြင်ခဲ့ရတော့ ကိုယ်တိုင်ကွင်းထဲဝင်ကစားပြီး သူနဲ့ရင်ဆိုင်ဖို့ ကျနော်ဆုံးဖြတ်ခဲ့ဖူးတယ်။ လက်ထောက်နည်းပြဒေဗီပရိုဗန်က ကျနော့်ကို အကြိမ်ကြိမ်တားဆီးခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျနော်လူစားဝင်ကစားသမားအနေနဲ့ ကွင်းထဲရောက်လာတယ်။ ၂မိနစ်အတွင်းမှာပဲ အနီကတ်ထိပြီး ပြန်ထွက်လာခဲ့ရပါတယ်...

ကျနော့်ရဲ့ နှစ်ပေါင်း၂၀ကျော် ပရီးမီးယားလိဂ်ခရီးစဥ်မှာ အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်နဲ့ မော်ရင်ဟိုရဲ့ ချယ်လ်ဆီးတို့ဟာ အခက်ခဲဆုံးပြိုင်ဖက်တွေပါပဲ...

မော်ရင်ဟိုနဲ့ ရိုမန်လက်ထက် ချယ်လ်ဆီးက အတွေ့အကြုံရင့်ထိပ်တန်းကစားသမားတွေ ပိုများတော့ ပိုပြီးသတိထားခဲ့ရတယ်။ သူတို့က ပိုပြီး ပရိယာယ်ကြွယ်ဝသလို ပိုပြီးတော့လည်း မာယာများပါတယ်...

အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်ကတော့ သန့်ရှင်းစွာ၊ မာယာနည်းပါးစွာ ကစားတတ်တဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ တစ်ခုသတိပြုရမှာက ဘောလုံးမှာ ဘာကိုမှ တထစ်ချပြောဆိုသုံးသပ်လို့ မရနိုင်ဘူးဆိုတာပါပဲ...

အာဆင်ဝင်းဂါးရဲ့ အစောပိုင်းနှစ်တချို့မှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရဲ့ အဝါအနီအများဆုံးစာရင်းဝင် အသင်းတစ်သင်းဖြစ်ခဲ့ဖူးတယ်။ စတိဗ်ဘိုးလ်နဲ့ တိုနီအဒမ်ဟာ တကယ်ကို ကြမ်းတမ်းမာကြောတဲ့ ဗဟိုခံစစ်အတွဲပါပဲ။ နောက်တော့ ဗီအဲရာရောက်လာတယ်...

ခံစစ်က ဝင်းတားဘန်းတို့၊ တိုက်စစ်မှူးအီယန်ရိုက်တို့ဆိုလည်း အ‌တော်လေးကို တွန်းတွန်းတိုက်တိုက် ကစားတတ်တဲ့၊ အာဆင်းရဲ့စကားကို ငှါးသုံးရရင် “နည်းနည်းညစ်တတ်တဲ့”ကစားသမားမျိုးတွေပါပဲ...
❤9
July 29, 2026 335