The Sports Arena: post #8761 — TG.ME

စပါးရဲ့ ငယ်မွေးခြံပေါက်တစ်ဦးလို့ ပြောရမှာဖြစ်သော်လည်း အသင်းကြီးမှာ နေရာတစ်နေရာရဖို့တော့ သူနည်းနည်းစောင့်ခဲ့ရပါတယ်။ မဟုတ်သေးဘူး၊ နည်းနည်းမဟုတ်ဘူး၊ သူအတော်စောင့်ခဲ့ရတာ....

လေတန်အိုးရီးယန့်၊ မီလ်ဝေါ၊ နော်ဝစ်ချ်၊ လက်စတာ စသည်ဖြင့် ချန်ပီယံရှစ်နဲ့ လိဂ်ဝမ်းကလပ်အသင်းတွေမှာ သူအငှါးထွက်ကစားခဲ့ရတယ်။ အတွေ့အကြုံယူခဲ့ရတယ်။ သူ့ကိုယ်သူပိုကောင်းအောင်၊ စပါးအတွက်၊ ပရီးမီးယားလိဂ်အတွက် အဆင်သင့်ဖြစ်အောင် ကြိုးစားတည်ဆောက်ခဲ့ရပါတယ်...

၂၀၁၃လောက်မှာတော့ စပါးအသင်းကြီးမှာ သူကြိုကြားကြိုကြား ပွဲထွက်ခွင့်ရလာတယ်။ နောက်တစ်နှစ်မှာ စပါးကို ပိုချက်တီနို ရောက်လာခဲ့ခြင်းကပဲ သူ့ရဲ့ကစားသမားဘဝကို တဆစ်ချိုးပြောင်းလဲသွားစေခဲ့ပါတယ်...

ပိုချက်တီနိုဟာ ဆိုလ်ဒါဒို၊ အဒီဘာယောတို့လို တိုက်စစ်မှူးတွေကိုကျော်ပြီး သူ့ကိုနေရာပေးခဲ့တယ်။ အဲ့ဒီရာသီမှာ သူဟာ ပြိုင်ပွဲစုံပွဲ၅၀ကျော်ကစားပြီး ၃၁ဂိုးတိတိ သွင်းပေးနိုင်ခဲ့တယ်။ ပရီးမီးယားလိဂ်ရဲ့ စောင့်ကြည့်ရမယ့် တိုက်စစ်မှူးတစ်ယောက်အဖြစ် မြင့်တက်လာခဲ့ပါတယ်...

အဲ့ဒီကနေစလို့ သူဟာ မရပ်တော့ဘူး၊ နောက်ပြန်လှည့်မကြည့်တော့ဘူး။ သူ့ရဲ့ဂိုးတွေဟာ ဆက်တိုက်ဖြစ်လာတယ်...

စပါးသမိုင်းတလျှောက် ဂိုးသွင်းအများဆုံး၊
အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ သမိုင်းတလျှောက်ဂိုးသွင်းအများဆုံး၊
ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဒုတိယဂိုးသွင်းအများဆုံး စသည်ဖြင့်ပေါ့လေ...

အမြင့်ဆုံးဂိုးသွင်းစံချိန်မှတ်တမ်းတွေကို သူရခဲ့တယ်...

ဒါတင်မကသေးပါဘူး။ သူ့ကို No.9စစ်စစ်၊ ဂိုးသွင်းကောင်းရုံတိုက်စစ်မှူးတစ်‌ယောက်အဖြစ် ကျနော်တို့ တစ်ချိန်လုံး သိထားရာကနေ ၂၀၂၀ပတ်ချာလည် မော်ရင်ဟိုလက်ထက်မှာတော့ သူ့ရဲ့ playmakerဆန်တဲ့ အရည်အသွေးတွေကို ကျ‌နော်တို့ အံ့အားသင့်ဖွယ် ထပ်မံတွေ့မြင်ခဲ့ရပါတယ်...

ဒါပေမယ့် စပါးနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ အဆင်သင့်မဖြစ်လွန်းမှုတွေကြောင့် သူဟာ ကစားသမားဘဝမှာ ဘာဖလားမှ ဟုတ်တိပတ်တိ မရဖူးဘူးဖြစ်ခဲ့တယ်။ ဂိုးတွေဘယ်လောက်သွင်းသွင်း၊ ရွှေဖိနပ်ဆုတွေ ဘယ်လောက်ရရ... ဘာဖလားမှ မရဖူးတာက သူနဲ့ပတ်သက်လို့ လှောင်ပြောင်ရယ်မောချင်စရာလည်း ဖြစ်ခဲ့ပါတယ်...

ဒီလိုနဲ့ ၂၀၂၃မှာတော့ သူစပါးကို စွန့်ခွာဖို့၊ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘိုင်ယန်မြူးနစ်ဆိုတာကလည်း ဒီနေ့ဘောလုံးကမ္ဘာရဲ့ ထိပ်တန်းအသင်းတွေထဲမှာ ဆုဖလားအာမခံချက် အမြင့်မားဆုံးအသင်းတွေထဲက တစ်သင်းပဲမဟုတ်လား...

ဒါပေမယ့်ဖြစ်ချင်တော့ သူစရောက်လာတဲ့ ၂၀၂၃-၂၄မှာ ဘိုင်ယန်ဟာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဖလားလက်မဲ့နဲ့ ရာသီသိမ်းခဲ့ရတယ်။ သူ့ရဲ့ ဖလားမရခြင်းကံကြမ္မာကိုလည်း ပိုပြီးတော့ ရယ်မောနောက်ပြောင်ချင်စရာ ဖြစ်ခဲ့ပါတယ်...

ဒါပေမယ့် ပင်ကိုအရည်အချင်းရှိပြီး မဆုတ်မနစ်ကြိုးစားတတ်သူတွေကို ဘုရားသခင်ဟာ ရေရှည်မျက်ကွယ်ပြုထားလေ့မရှိပါဘူး။ နောက်ဆုံးတော့ ဘိုင်ယန်မြူးနစ်မှာ သူ့အတွက် ဆုဖလားအောင်မြင်မှုတွေဟာ ဆက်တိုက်ဖြစ်လာတယ်...

ထုံးစံအတိုင်း သူ့ရဲ့သွင်းဂိုးတွေဟာလည်း မီးခိုးမဆုံး၊ မိုးမဆုံးပါပဲ။ ပြီးခဲ့တဲ့ရာသီမှာဆိုရင် ပြိုင်ပွဲစုံ၅၁ပွဲကစားပြီး ၆၁ဂိုးထိသွင်းပြခဲ့တယ်။ တစ်ပွဲတစ်ဂိုးနှုန်းထက်ကို သိသိသာသာ ကျော်လွန်နေခဲ့တာဖြစ်ပါတယ်...

စပါးအတွက် ၄၃၅ပွဲမှာ ဂိုး၂၈၀...
ဘိုင်ယန်မြူးနစ်အတွက် ၁၄၇ပွဲမှာ ၁၄၆ဂိုး...
အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၂၁ပွဲမှာ ၈၅ဂိုး...

သူဟာ ဂိုးတွေသွင်းဖို့ မွေးဖွားလာခဲ့သူတစ်ယောက်ပါပဲ။ နောက်ပိုင်းနှစ်တွေမှာ ကိုယ့်အသင်းရဲ့ အဓိကplaymakerအဖြစ်လည်း တွဲဖက်တာဝန်ယူကစားနေရင်း ဒီ‌လောက်ထိဂိုးတွေရထားတယ်ဆိုတာက ပိုပြီးတော့ ချီးကျူးစရာကောင်းတဲ့အချက်ဖြစ်ပါတယ်...

ဒီနေ့ကတော့ ဟာရီကိန်းရဲ့ ၃၃နှစ်ပြည့်မွေးနေ့ပါပဲ...
Happy Birthday Harry Kane!

#TheSportsArena #PlayerBirthday
#Spurs #BayernMunich #EPL #Bundesliga
❤9👍2
July 28, 2026 339