လူတိုင်းမှာ အပူရှိတာမှန်ပေမယ့် ဒီတစ်ခါပူပန်နေရသည်က မမြနှင်းတစ်ယောက်သာ ဖြစ် လိမ့်မည်။ ထိုအပူသည်လည်း မည်သူတစ်ဦးတစ်ယောက်နှင့်မျှ တူလိမ့်မည်မဟုတ်ပေ။ မမြနှင်း၏ သားနှင့်အတူ ကိုဝင်းအောင်၏ သားအကြီးကောင်လည်း ပါသွားသည်။ ကိုဝင်းအောင်ကတော့ ရှင်း သည်။ သူ့စကားနားမထောင်ဘဲ သူ့လမ်းသူ လျှောက်သွားသည့် သူ့သားကို သူနှင့်မဆိုင်တော့ကြောင်း အစကတည်းက အမွေပြတ်ကြေညာသည်။ ရပ်ရွာပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်လာကြ သည့်အခါ ကိုဝင်းအောင်၏ ဆုံးဖြတ်ချက်က ပို၍ပင် ခိုင်မာလာပါသည်။ နဂိုကတည်းက သွေးဆိုး သည့် ကိုဝင်းအောင်၏သားက မမြနှင်းသားထက် နာမည်ဆိုးနှင့် ပို၍ပင် ကျော်ကြားပါသေးသည်။ သို့တိုင် ပြတ်သားသည့် ကိုဝင်းအောင်ကို ရပ်ရွာက ပုံမှန်အတိုင်း ဆက်ဆံကြသည်။ မပြတ်သားသည့် မမြနှင်းကိုတော့ သားကြီး၏လုပ်ရပ်များနှင့်အမျှ အပြစ်ဆိုခံရတော့သည်သာ။
“နင့်ခံစားချက်ကို ငါ နားလည်ပါတယ်၊ ကိုယ်ချင်းမစာလို့ ပြောတာတော့ မဟုတ်ဘူး၊ လူဆိုတာ ကိုယ်ပြုခဲ့တာ ကိုယ်ပြန်ခံစားရတာပဲ၊ ဒီအဖွဲ့တွေ လုပ်ခဲ့တာ ဘာကောင်းတာရှိသလဲ၊ အစကတည်းက ငါပြောခဲ့ပါတယ်၊ ဒီကောင်တွေ တစ်နေ့ ပြေးပေါက်ပိတ်လိမ့်မယ်လို့၊ အဲဒီလို ပြောလို့ပဲ နင့်သားက ငါ့ကို ရန်သူလို အောက်မေ့ခဲ့သေးတာ မဟုတ်လား”
အစကတည်းက လမ်းမှန်ပြဖို့ ကြိုးစားခဲ့သူ ဘကြီးစံမင်းကတော့ သူ့ဝသီအတိုင်း တွေးတွေး ဆဆ ပြောပါသည်။ နားမထောင်ခဲ့သည့် သားကြီးတို့တစ်တွေ ခုချိန်မှာ နောင်တရနေကြမည်လား မပြောတတ်။
“ပူတာလဲ ပူပေါ့၊ ကိုယ့်ကျန်းမာရေးကိုလဲ ဂရုစိုက်၊ အထိခိုက်မခံနဲ့၊ ကိုယ်တတ်နိုင်သမျှ လမ်းပြခဲ့ပြီးပြီပဲ၊ နားမထောင်တာကတော့ သူတို့အပိုင်းပဲလေ ဘယ်တတ်နိုင်မလဲ၊ ဟော… အိုးစည် ဒိုးပတ်သံတွေ ကြားတယ်၊ စစ်ကြောင်းတွေ ရွာထဲ ဝင်လာပြီ ထင်တယ်၊ ငါ သွားဦးမယ်၊ နင် လိုက်ဦးမလား”
ဘကြီးစံမင်းတစ်ယောက် ထိုင်ရာမှ ချက်ချင်းထကာ ထွက်သွားဟန်ပြင်ပြီးမှ မမြနှင်းကို ကြည့်ပြီး မေးလိုက်လေသည်။ မမြနှင်း ဖြေးဖြေးသာသာ ခေါင်းခါပြလိုက်လေမှ ဘကြီးစံမင်း ထွက် သွားလေသည်။ တောင်ဝှေးလေး ထောက်ကာ လျှောက်လှမ်းသွားသည့် ဘကြီးစံမင်း၏ ခြေလှမ်းတွေ က ပို၍ပင် သွက်လက်နေသယောင် ထင်ရသည်။
“အမေရေ… သမီး ရွာထဲ သွားလိုက်ဦးမယ်နော်”
သမီး၏ အလှတရားက အရင်နေ့ရက်များထက်ပင် ပြင်ဆင်လိမ်းခြယ်ထားသယောင် ထင်ရ သည်။ မမြနှင်း ခေါင်းညိတ်၊ ခေါင်းခါ မပြုရသေးခင်မှာပင် သမီး၏ခြေလှမ်းများက အိမ်ပေါက်ဝကို ကျော်လွန်၍ သွားသည်။ တခြားသော အိမ်များဆီကနေလည်း တစ်ယောက်ပြီးတစ်ယောက် ထွက် သွားကြသည်ကို မမြနှင်း တွေ့နေရသည်။ အိမ်လုံးကျွတ်တွေများ သွားကြလေသလား။ သွားနိုင်သူ တွေ သွားကြပေါ့။ ကြိုနိုင်သူတွေ ကြိုကြပေါ့။ မမြနှင်း အာရုံစိုက်၍မရတော့သည့်အဆုံး စိပ်ပုတီးကို အသာချထားလိုက်တော့သည်။
တဖြည်းဖြည်း သေနတ်သံတို့ တိတ်ဆိတ်လုနီးပါး ဖြစ်သွားသည်။ ကြိုကြား ကြိုကြား ကြားနေရသည့် သေနတ်သံတို့သည်လည်း ရွာကလေးနှင့် တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားပါတော့ ၏။
ကိုလူပျို
(၂-၉-၂၀၂၆)











