မအေးမာက ရင်ထဲရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်းကြီး ဆိုလိုက်လေသည်။ မမြနှင်း ရင်ထဲမှာ တော့ နင့်ခနဲ ဖြစ်သွားရပါ၏။ ညတုန်းက သေနတ်သံတွေကိုတော့ မမြနှင်း ကြားမိသည်။ ယခင်ည များထက် ခပ်စိပ်စိပ် ကြားမိသည်ကိုလည်း သတိပြုမိပါ၏။ သို့သော် ဒီလောက်ကြီး ဖြစ်သွားလိမ့် မည်ဟုတော့ တွေးထင်မထားမိခဲ့ပါချေ။ မမြနှင်း စိတ်တွေက သားကြီးဆီသို့ ရုတ်ချည်း ရောက်ရှိသွား သည်။ မအေးမာ၏ ဆုတောင်းတွေ မပြည့်ပါစေနှင့်ဟုလည်း ပြုခဲ့ဖူးသည့် ကုသိုလ်ထူးများကို တိုင်တည်ပြီး တောင်းဆုပြုမိရပြန်သည်။
“ဒါ.. ဒါဆို တစ်ရွာလုံး ဆူညံနေတာ အဲဒါကြောင့်ပေါ့”
“ဆူညံနေတာ မဟုတ်ပါဘူး မမြနှင်းရဲ့၊ ပျော်နေကြတာပါ”
မအေးမာသည် သူ၏ရင်တွင်းအပျော်များကို ဖုံးနိုင်ဖိနိုင်စွမ်းရှိဟန်မတူပါချေ။ မမြနှင်းကို ကြည့်ပြီး ပြုံးပြုံးလေးပင် ဆိုလိုက်ပါသေးသည်။ မမြနှင်း ရင်ထဲမှာတော့ မီးတောင်တစ်ခု ပေါက်ကွဲ သွားသည့်နှယ်။
“အဲဒီအကောင်တွေ မရှိမှ ကျုပ်တို့ရွာလေး အေးချမ်းမှာ မဟုတ်လား မမြနှင်းရဲ့၊ ဒီတော့မှပဲ အရင်လို အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်လို့ရတော့မှာပေါ့၊ အခုတော့ဖြင့် အဲဒီအကောင်တွေ ကို ကြောက်နေ လန့်နေရတာနဲ့ ဘယ်မှကို မထွက်ရဲကြဘူး၊ ဒီကောင်တွေ ဘယ်လိုဖြစ်ပျက်နေကြလဲ သိချင်လိုက်တာ၊ ကျုပ်တို့ကို ပေးခဲ့သမျှ အကုသိုလ်တွေ ခံကြဦးပေါ့လေ၊ ကဲကဲ… စစ်သားတွေ ရွာထဲဝင်လာရင် လှလှလေး ကြိုလို့ရအောင် သွားပြင်လိုက်ဦးမယ် မမြနှင်းရေ”
ပြောဆိုပြီး ကော့ကော့လေး ထွက်သွားသော မအေးမာ၏ ကျောပြင်ကို မမြနှင်း ငေးမောနေမိ လေသည်။ မမြနှင်းသည် တစ်ရွာလုံးနှင့် တစ်ယောက် ဖြစ်သွားသည့်နှယ် ခံစားချက်တို့ ပြောင်းပြန် ဖြစ်လို့နေပါသည်။ တစ်ရွာလုံးပျော်ရွှင်နေသည့်တိုင် မမြနှင်းခမြာ ပျော်ရွှင်နိုင်ခြင်းမရှိခဲ့ပါချေ။ သားကြီး၏ လုပ်ရပ်တွေကို မနှစ်သက်သည့်တိုင် မိခင်စိတ်က ပူပန်မိသွားပြန်သည်။ သားကြီး တစ်ယောက် ပြေးပေါက်တွေ့ပါစေကြောင်းလည်း ဆုတောင်းမိပြန်ပါ၏။
“အမေ… မနက်စာ စားမယ်လေ”
သမီးအသံက ရွှင်လန်းနေပါ၏။ မမြနှင်း ဝဲတက်လာသည့် မျက်ရည်စများကို လက်ဖမိုးနှင့် အသာပွတ်သပ်လိုက်ပြီး…
“စားချင်စိတ်လဲ မရှိပါဘူးအေ”
“ဘာဖြစ်လို့လဲ အမေရဲ့”
သမီးငယ်က မမြနှင်းအနား တိုးကပ်လာပြီး ပြောသည်။ မမြနှင်းက ပြန်မဖြေဘဲ သမီးကိုသာ မျက်နှာငယ်လေးနှင့် ကြည့်နေပါ၏။ မမြနှင်း အကြည့်ထဲမှာ “ညည်းမသိဘူးလား”ဟူသည့် စကား ရောင် သမ်းနေပါသည်။ ဒါကို သမီးဖြစ်သူက သဘောပေါက်သွားဟန်တူ၏။
“ဪ… တပ်မတော်စစ်ကြောင်းတွေ ရောက်လာတဲ့ကိစ္စကြောင့်လား အမေ၊ အဲဒါများ ဘာဖြစ်လဲ အမေရယ်… ဝမ်းသာစရာ မဟုတ်ဘူးလား၊ ကိုယ့်ရပ်ရွာ အေးချမ်းဖို့အတွက် ရောက်လာ ကြတာ ကြိုတောင် ကြိုဆိုရဦးမှာ၊ တစ်ရွာလုံး ပျော်နေကြတာကို၊ အမေက ဘာကြောင့်များ စိတ်ဆင်းရဲခံနေရသေးလဲ”
သမီးငယ်သည်လည်း ဖြစ်တည်မှုအမှန်တရားကို ပြောဆိုနေပြန်ပါ၏။ သူ့အစ်ကိုအပေါ် ခံစား ချက်တစ်စုံတစ်ရာရှိဟန်မတူ။ သို့တည်းမဟုတ် ထိုခံစားချက်တွေကို နားကျည်းချက်တွေကပဲ အနိုင် ယူသွားလေသလား။ “ငါက အမေဟဲ့ အမေ”ဟုတော့ မမြနှင်း စကားစစ်ထိုး မပြောလိုတော့ပါ။
“ဝဋ်ကြွေးပေါ့ သမီးရယ်… ဝဋ်ကြွေးပေါ့”
မမြနှင်းတစ်ယောက် ရှည်ရှည်ဝေးဝေး ပြောမထွက်သည့်နောက် ဝဋ်ကြွေးဟုသာ ဖြေသိမ့်ရ လေသည်။ အများသူငှာ ပျော်ရွှင်နေကြချိန် လိုက်မပျော်နိုင်တာ ဝဋ်ကြွေးပဲမဟုတ်လားလေ။ မမြနှင်း သူ့စကားကိုယ်သူ ကျေနပ်၍ပင် သွားပါသေး၏။ မမြနှင်း သမီးငယ်ဘေးကနေ ရှောင်ထွက်လိုက်ပြီး မျက်နှာသစ်ဖို့ရာ ပြင်လိုက်ပါတော့သည်။
မမြနှင်း မျက်နှာသစ်ပြီးနောက် အိမ်အောက်ရှိ ကုလားထိုင်လေးမှာ ထိုင်ကာ ဒီရက်ပိုင်း မကိုင်ဖြစ်သည့် စိပ်ပုတီးကို ကိုင်လိုက်လေသည်။ ပါးစပ်ကလည်း ရသမျှ တရားစာ ရွတ်နေပါသေး၏။ သို့သော် စိတ်က မတည်ငြိမ်။ စိတ်မတည်ငြိမ်တော့ ရွတ်သမျှတရားစာတွေက အထစ်ထစ်အငေါ့ငေါ့။ စိပ်ပုတီးကို တစ်လုံးပြီးတစ်လုံး ချသွားသော်လည်း ဘာကိုရွတ်ဆိုပြီး စိပ်နေသည်မသိပါချေ။ ရွာအနီးဝန်းကျင်မှ ဆူညံနေဆဲ သေနတ်သံများကလည်း မမြနှင်းစိတ်ကို ပို၍ ယောက်ယက်ခတ် စေပါ၏။
“မြနှင်း ချွေးတွေလဲ ရွှဲလို့ပါလား၊ ဘယ်လိုဖြစ်တုန်း၊ နေမကောင်းဘူးလား…”
တောင်ဝှေးလေး ထောက်ကာ လျှောက်လှမ်းလာနေသည့် ဘကြီးစံမင်းက မမြနှင်းကို သေချာ ကြည့်ပြီး ပြောသည်။ ထိုအခါမှ မမြနှင်းတစ်ယောက် ဘကြီးစံမင်း သူ့အနား ရောက်နေသည်ကို သတိ ထားမိသည်။ သက်ပြင်းမောကို အလျင်မှုတ်ထုတ်လိုက်ပြီးမှ ဘကြီးစံမင်းကို ထိုင်ပါ၊ ပြုပါ ဧည့်ဝတ်ပြု ရသည်။
“ဒီလိုပါပဲ ဘစံမင်းရယ်၊ ဖြစ်နေ ပျက်နေတာတွေက စိတ်ချမ်းသာစရာမှ ကောင်းမနေပဲလေ၊ ဒီတော့လဲ ဟိုတွေးပူ ဒီတွေးပူပေါ့”
ဆွေမျိုးမကင်းသည့် ဘကြီးစံမင်းကိုတော့ မမြနှင်း ရင်ထဲရှိသည့်အတိုင်း ပြောဖြစ်သည်သာ။ ဘကြီး စံမင်းကလည်း ဆွေမျိုးမကင်းသည့် အကြီးပီပီ မမြနှင်းကို ဖေးဖေးမမရှိသည်မဟုတ်လားလေ။
“ပူတာလဲ ပူတာပေါ့၊ လူတစ်ခု ပူမှုရယ်တဲ့ တစ်ကုဋေတဲ့၊ လူတစ်ယောက်နဲ့ တစ်ယောက် တွေးပူတာချင်းတူပေမယ့် အားလုံးကတော့ သူ့အပူနဲ့ သူပါပဲ၊ ဘယ်တတ်နိုင်ပါ့မလဲ၊ ဖြစ်ချိန်တန်လို့ ဖြစ်တယ်ပဲ အောက်မေ့ရမှာပေါ့”
4September 2, 2026 124