မနှိုင်းအပ် မနှိုင်းရာ =========== မျက်စိနှစ်လုံးပွင့်ပွင့်ချင်း… — ကိုလူပျို — TG.ME

မနှိုင်းအပ် မနှိုင်းရာ
===========

မျက်စိနှစ်လုံးပွင့်ပွင့်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ စိတ်လက်မချမ်းမသာ ဖြစ်သွားရ တယ်။ ညတုန်းကလဲ ခြင်တွေ ကိုက်လွန်းလို့ အိပ်မရခဲ့ဘူး။ ဒီတော့ စိတ်က မကြည်လှဘူးပေါ့။ တကယ်တော့လဲ စိတ်ကြည်တဲ့နေ့ရယ်လို့ကို မရှိပါဘူးလေ။

“ဟေ့ကောင် ထတော့ ထတော့”

ဒီလောက် ခြင်တွေကိုက် ပူအိုက်နေတာကို တခေါခေါနဲ့ ဟောက်သံပေးပြီး အိပ်ပျော်နေတာ အံ့ဩလို့မဆုံးဘူး။ သူ ခြေထောက်နဲ့ ပိတ်ကန်လိုက်တာကို တစ်ချက်လှိမ့်သွားရုံကလွဲပြီး အအိပ် မပျက်ဘူး။ ခပ်ပြင်းပြင်း တစ်ချက်ထပ်ကန်လိုက်မှ သူ့ကို ဘုကြည့်ကြည့်ပြီး…

“ဘာလဲကွာ”

“ဘာရမလဲ… ဟိုမှာ ဗီယက်နမ်ရောက်နေပြီဟ”

သကောင့်သားက ဒီလောက်ပြောတာကို သဘောပေါက်ဟန်မတူဘူး။ မျက်လုံးကြီး မှိတ်ပြီး သန်းနေသေးတယ်။

“ဘယ်သူလဲ”

လေးကန်ကန်နဲ့ မေးထွက်လာတော့ သကောင့်သားရဲ့ နားရင်းကို တစ်ချက် ဖြတ်ရိုက် လိုက်တယ်။ ဒီတော့မှ မျက်လုံးတွေ ဘာတွေ ပြူးသွားတယ်။ နားထင်ကို လက်နဲ့ပွတ်ရင်း “နာတယ်ဟ” လို့ ဆိုတယ်။ “နာမှာပေါ့၊ နာအောင် ရိုက်တာပဲကိုး”လို့ သူ့စိတ်ထဲကနေ ပြန်ပြောလိုက် တယ်။

“သမ္မတကြီးကွ… သမ္မတကြီး”

သူ စိတ်မရှည်တဲ့လေသံနဲ့ ခပ်ကျယ်ကျယ် ပြန်ပြောလိုက်တော့ သကောင့်သားက ဆတ်ခနဲ မတ်တပ်ထရပ်တယ်။ မျက်နှာတစ်ခွင်မှာ ပြုံးရောင်တောင်သမ်းသွားသေးရဲ့။ ဒီကောင် ဘာဖြစ်တာ လဲ။ ရူးများသွားသလား။ ပြုံးရွှင်ရွှင် မျက်နှာထားနဲ့ ဟိုကြည့် ဒီကြည့်တောင် လုပ်နေလိုက်သေးရဲ့။

“ငါတို့ သမ္မတကြီးလား”

သကောင့်သားက ပျော်ပျော်ကြီး မေးထွက်လာတော့ သူ ဆွံ့အသွားရတယ်။ ဒီလောက်တောင် ဝေးရလားကွာ၊ ဒီလောက်တောင် တုံးရလားကွာလို့ စိတ်ထဲကနေ အကြိမ်ကြိမ် ပြောနေမိတယ်။

“မင်းကြီးတော်… ဟုတ်နေပါဦးမယ်”

သူ့စကား ကြားတော့ သကောင့်သားဟာ ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကုတ်တယ်။ ခပ်ရို့ရို့လေး ပြန်ထိုင်တယ်။

“ဒါ… ဒါ… ဒါဆို ဒို့…ဒို့သမဂကြီးရော”

“ဟိုမှာ”

သူ လက်ညှိုးညွှန်ပြရာနေရာဆီကို သကောင့်သားဟာ မျက်လုံးလေး ကလယ် ကလယ်နဲ့ လိုက်ကြည့်ရှာတယ်။ အရက်ပုလင်းလေး ရင်မှာပိုက်ပြီး ကွေးကွေးလေး အိပ်နေရှာတဲ့ ပုဂ္ဂိုလ်ထူးရဲ့ တခေါခေါ ဟောက်သံက သကောင့်သားကို လှောင်ပြောင်နေသလို ရှိပါရဲ့လေ။
 
ကိုလူပျို
(၄-၉-၂၀၂၆)
🤣7👍3
September 4, 2026 515 5