ရုတ်တရက် ထရယ်လိုက်သံကြောင့် သူ့ဒေါသဟာ ငယ်ထိပ်ရောက်ခဲ့ပေါ့။… — ကိုလူပျို — TG.ME

ရုတ်တရက် ထရယ်လိုက်သံကြောင့် သူ့ဒေါသဟာ ငယ်ထိပ်ရောက်ခဲ့ပေါ့။ စူးစူးဝါးဝါးနဲ့ ထိုသူ ထံ ကြည့်လိုက်ချိန် ထိုသူကတော့ ဘာမှမဖြစ်သလိုပဲ။ မြေကြီးကို တုတ်တိုတစ်ချောင်းနဲ့ ခေါက်နေ ရင်း သီချင်းလေးတောင် ခပ်အေးအေး ညည်းနေပါရဲ့လေ။ လူတကာ အေးနေတဲ့အချိန်မှာ ထိုသူဟာ အပေါ်ပိုင်းအဝတ်ဗလာနဲ့။ သူ့ဘေးက တစ်ယောက်က တုတ်တိုတစ်ချောင်းကို ဂစ်တာသဖွယ် တီးပေး နေသေးတာ။ “ဘယ်လိုကောင်တွေလဲကွာ၊ ဒီလောက် အမှုပေါင်းတစ်ထောင် ရင်ဆိုင်နေရတာကို… တောက်” သူ့ရဲ့ ဘဝင်မကျဟန် ပြောဆိုသံကိုလဲ ထိုသူတွေဟာ ဂရုစိုက်နေဟန်မတူဘူး။ သက်ပြင်းမော တစ်ချက်ကို ခပ်လေးလေး မှုတ်ထုတ်လိုက်ပြီး စိတ်ပြေလက်ပျောက် ဘေးဘီကို အကြည့်လွှဲလိုက် တော့ မြေပြင်မှာ ကွေးကွေးလေး ထိုင်ပြီး ငေးနေတဲ့တစ်ယောက်က ဆီးကြိုလို့နေပြန်တယ်။ မျက်လုံး တွေ စင်းနေတာများ စိတ်ဆင်းရဲစရာ ကောင်းလိုက်တာ။ “ကျုပ်တို့ တစ်ခုခုတော့ ဆုံးဖြတ်ချက်ချက်မှ ရလိမ့်မယ်၊ ဟိုဘက် အမျိုးသမီးအုပ်စုက အခုလို အဓမ္မပြုကျင့်တာကို ဘယ်လိုမှ ကျေအေးမပေးနိုင်ဘူးလို့ ပြောနေကြတယ်” ဒီအမှုတွေဟာ သူ့တစ်သက် ရှင်းလို့မပြီးနိုင်ခဲ့လေဘူး။ အရင်တုန်းကတော့ သူ တစ်ခွန်းဆို တစ်ခွန်း ငြိမ်ကျသွားတတ်ပေမယ့် အခုနောက်ပိုင်းမှာတော့ သူ့စကားဟာလဲ အရာမထင်တော့လေ ဘူး။ အခါခါ အနိုင်ကျင့်ခံရတော့ ဘယ်ငြိမ်ခံနေကြတော့မလဲလေ။ “ငါလဲ မကြံတတ်တော့ဘူးကွာ၊ ဒီကောင်တွေကွာ… မဟုတ်တဲ့နေရာကျတော့ အားထည့်ကြ တယ်၊ တိုက်ကြခိုက်ကြဆိုရင် ဘယ်ပျောက်နေမှန်း မသိဘူး၊ အလှူငွေရအောင် လုပ်လားဆိုတော့လဲ ကိုယ့်ဖာသာ ဆေးသုံးဖို့တောင် ရအောင် မရှာနိုင်ကြဘူး၊ အလကား သုံးစားမရတဲ့ ဆေးသမားတွေ” တစ်စုံတစ်ရာ ကြံမရတဲ့အဆုံး ပြစ်တင်ရှုတ်ချခြင်းကိုသာ သူ လုပ်ဆောင်နိုင်လေတယ်။ သူ့ဘေးက ကောင်တွေကလဲ အကြံဉာဏ်ပေးဖို့မပြောနဲ့၊ ငိုက်စိုက်ကျနေတဲ့ ခေါင်းတွေတောင် ပြန်ထောင်မတ်လာတာမျိုး မရှိဘူးရယ်။ “မင်းတို့ကလဲ ဘယ်လိုကောင်တွေ ခေါ်လာမှန်းမသိဘူး” သူ့စကားအဆုံးမှာ ငိုက်စိုက်ကျနေတဲ့ ဦးခေါင်းတွေ တစ်ပြိုင်တည်း ထောင်မတ်လာကြတယ်။ “ကျုပ်တို့လဲ ရတဲ့လူ ခေါ်လာရတာပဲ” “ဒါတောင် မပြေးနိုင်၊ မလွှားနိုင် သောက်စားမူးရူး ခိုးဆိုးလုဝှက် ဆေးစွဲနေတဲ့သူတွေမို့လို့ ခေါ်လာလို့ရတာ” “ခင်ဗျားက ပြောတော့ လွယ်လွယ်လေး၊ ကိုယ်တိုင်လဲ လုပ်ကြည့်ပါဦး” တန်ပြန်လာတဲ့ အသံပေါင်းစုံကြားမှာ သူ့ခေါင်းဟာ ပြန်ဖော်မလာနိုင်အောင် ငိုက်စိုက်ကျသွား ရတယ်။ စီတန်းနေတဲ့ ပြဿနာပေါင်းစုံကိုလဲ ဘယ်လိုဖြေရှင်းရမှန်း မသိသေးဘူး။ ဒီလိုကောင်တွေနဲ့ ဘယ်လိုရှေ့ဆက်သွားရမလဲဆိုတာလဲ သူ မစဉ်းစားချင်တော့ပါဘူးလေ။ ကိုလူပျို (၃၁-၈-၂၀၂၆)

August 31, 2026 1.2K 4