အဘိုးကြီးကား အင်မတန်မှပင် မောဟိုက်ပင်ပန်းဟန်ဖြင့် သူ့ထံ ကြည့်လာလေသည်။ စကား လုံးတို့ကား ထွက်မလာခဲ့။ မျက်လုံးကား တော်တော်နှင့် မြင်ဟန်မတူ၊ ဖြဲကား ကြည့်နေလေသည်။ အဘိုးကြီးကို ကြည့်ရင်းနှင့် သနားလာကာ အနီးရှိ သစ်ပင်အောက် ခုံတန်းလေးမှာ ထိုင်ဖို့ ညွှန်ရ သည်။ အဘိုးကြီးက တုန်တုန်ချိချိနဲ့ ထိုင်လိုက်လေ၏။ ရေအိုးစင်မှ ရေအေးအေးတစ်ခွက် ခပ်တိုက် လိုက်တော့လည်း အဘိုးကြီးက အငမ်းမရ သောက်သည်။ နှစ်ခွက်ဆက် သောက်လိုက်လေမှ အဘိုး ကြီး ရေငတ်ပြေသွားဟန်တူသည်။ ပခုံးအထက်မှ ညစ်ထေးထေး တဘက်နှင့် မျက်နှာကို သုတ်လိုက်လေသည်။
“ငါ့တူ အဘကို တစ်ခုကူညီပါ”
အဘိုးကြီး၏အသံက တုန်တုန်ရင်ရင် ထွက်ပေါ်လာသည်။
“ပြောပါ အဘ၊ ကျွန်တော် ဘာများကူညီရမလဲ”
အဘိုးကြီးမျက်နှာ ပြုံးရွှင်သွားသည်။
“ဒီဘက်မှာကွာ အမ်နူဂျီးက ဆောက်ထားတဲ့ မြေအောက်ဆေးရုံဆိုတာ တွေ့မိလား”
အဘိုးကြီးစကားအဆုံးမှာ သူ ခေါင်းကုတ်ရသည်။ မကြားဖူးသည့် စကားကြီး မဟုတ် လားလေ။
“ဘာ… ဘာကို ပြောတာလဲ အဘ၊ ကျွန်တော် နားမလည်ဘူး”
အဘိုးကြီးက ဒါလေးတောင် မသိရကောင်းလားဆိုသည့်အကြည့်နှင့် သူ့ကို ဘုကြည့် ကြည့်သည်။
“အဘ ငယ်ငယ်ကတည်းက လိုက်ရှာလာတာ ဒီအသက် ဒီအရွယ်ထိသာ ရောက်လာတယ်၊ မတွေ့သေးဘူးကွာ၊ အဘဇနီးလဲ အမ်နူဂျီးရဲ့ မြေအောက်ဆေးရုံမှ မဟုတ်ရင် ဆေးမကုဘူးဆိုတဲ့စိတ်နဲ့ သေသွားရရှာတယ်၊ အခုလဲ အဘ သေတော့မယ်ထင်ပါရဲ့ကွာ”
အဘိုးကြီးက စိတ်ညစ်ညူးစွာ ပြောရှာလေသည်။ သူ မည်သို့နှယ် နှစ်သိမ့်ပေးရမည်မသိပါ လေ။
“လိပ်စာလေး ဘာလေး မသိဘူးလား အဘရဲ့”
နှစ်သိမ့်စကား ရှာကြံမရသည့်အဆုံး ဤသို့သာ မေးလိုက်မိလေသည်။
“အေးကွာ… သူတို့ကလဲ လိပ်စာလေး ဘာလေး ရေးမထားဘူး၊ ရေးထားလဲ အဘ ဖတ်တတ်မှာမဟုတ်ပါဘူးကွာ”
“ဟောဗျာ… အဘက စာမတတ်ဘူးလား”
လိုက်မမီလောက်အောင် ခေတ်မီဖွံ့ဖြိုးတိုးတက်နေသည့် ယနေ့လိုခေတ်ကြီးမှာ စာမတတ်သူ ဆိုတာ မရှိသလောက်ရှားနေပြီမဟုတ်လားလေ။ ဒီတော့လည်း သူ တအံ့တဩ မေးမိသွားတော့တာ ပေါ့။
“မတတ်ပါဘူးကွာ၊ အဘတစ်ယောက်တည်း စာမတတ်တာမဟုတ်ဘူးဟေ့၊ အဘတို့ တစ်မျိုးလုံး တစ်ဆွေလုံး စာမတတ်ကြတာဟ၊ အဲဒါလဲ ဒီကောင်တွေကြောင့်ပါပဲကွာ၊ အမ်နူဂျီးက ဖွင့်ထားတဲ့ကျောင်း တက်မယ်ဆိုပြီး လိုက်ရှာတာ… ခုချိန်ထိ မတွေ့လို့ မတက်လိုက်ရဘူး မောင်ရင်ရေ”
အဘိုးကြီး၏ စကားတွေကို သူ လိုက်မမီတော့။
“အမ်နူဂျီးရဲ့ ကျောင်းဖြစ်ဖြစ်၊ မြေအောက်ဆေးရုံဖြစ်ဖြစ် ငါ့တူ သိရင် အဘကို လမ်းညွှန်ပေးပါ လားကွာ”
“ကျွန်တော်မျိုး မသိကြောင်းပါခင်ဗျာ… အဘဖာသာ အဘသာ လိုက်ရှာကြည့်ပါလေ”
အဘိုးကြီးက သူ့ကို မနှစ်မြို့ဖွယ် ကြည့်လိုက်ပြီးနောက် တောင်ဝှေးလေး ထောက်ကာ လိမ်ဖယ်လိမ်ဖယ် ကျောခိုင်းသွားလေတော့သည်။
ကိုလူပျို
(၂၁-၈-၂၀၂၆)
10
5
1
1August 21, 2026 1.8K 5