ခွက်တစ်လုံးကို အကြောင်းပြု၍ ================== “မဖြစ်နိုင်ပါဘူးကွာ”… — ကိုလူပျို — TG.ME

ခွက်တစ်လုံးကို အကြောင်းပြု၍
==================
         
“မဖြစ်နိုင်ပါဘူးကွာ”
         
ဒေါသအမျက်ချောင်းချောင်းထွက်နေဟန်နဲ့ တစ်ယောက်က ပြောတယ်။
         
“အေး ဖြစ်လဲမဖြစ်သင့်ဘူးကွ”
         
နောက်တစ်ယောက်ရဲ့ အသံက ပိုပြီးတော့ မာတယ်။ ညမှောင်မှောင်မှာ ကိုယ်စီ တက်ခေါက် သံတွေက အနီးအနားက ပိုးကောင်မွှားကောင်တွေကိုတောင် လန့်ဖျပ်သွားစေပါရဲ့။
         
“ဖြစ်ခဲ့ရင်လဲ ဘယ်ကောင်လဲ ဘယ်သူလဲဆိုတာ ရအောင် ဖော်ထုတ်မယ်”
         
ဆုံးဖြတ်ချက်ပါတဲ့ စကားအသွားအလာကို ထိပ်ပြောင်ပြောင်နဲ့ ပုဂ္ဂိုလ်က ဆိုတယ်။ ဒီလို ညမှောင်မှောင်မှာ အဲဒီပုဂ္ဂိုလ်ရဲ့ နဖူးကြီးက ထင်းနေတော့တာပဲ။
         
“ဖော်ထုတ်ပြီးရင်လဲ ဒီတိုင်းမထားဘူး၊ ထိထိရောက်ရောက် အရေးယူရမယ်”
         
ဒီတစ်ယောက်ရဲ့ ပေါက်ကွဲသံက တော်တော်လေး ကျယ်တယ်။ ဒေါသလဲ တော်တော်ထွက်နေ ပုံပဲ။
         
“သတ်ပစ်ရင် သတ်ပစ်ရမယ်… ဘယ့်နှယ်ကွာ ဒါလေးနဲ့ လုပ်စားနေရတာကို… တောက်”
         
ဒီစကားကြားတော့ သစ်ပင်အောက် ချောင်ကလေးကနေ ချောင်းနားထောင်နေတဲ့ သူ့ အသားတွေ တဆက်ဆက်တုန်လာတယ်။ ဒီအချိန်မှာပဲ ဆိုင်းမဆင့် ဗုံမဆင့် ကျောလာပုတ်လိုက်တာ ကြောင့် “အမလေး”ဆိုပြီး ထအော်လိုက်မိတယ်။ ကျောလာပုတ်တဲ့တစ်ယောက် ထိတ်ထိတ်ပြာပြာ ဖြစ်သွားပြီး သူ့ပါးစပ်ကို လက်နဲ့ ပြေးအုပ်တယ်။
         
“ငါပါကွ မင်းကလဲ” လို့ တိုးတိုးလေး ဆိုတယ်။ ဒီတော့မှ သူကြည့်လိုက်တယ်။ သကောင့်သား ကိုမြင်တော့ သူ သက်ပြင်းချနိုင်တယ်။ “မင်းကလဲ ဖြည်းဖြည်းသက်သာမလုပ်ဘူး၊ အသံလေးဘာ လေး ပေးလေကွာ”လို့ ပြောလိုက်တယ်။ သကောင့်သားက စောရီးလို့ လုပ်တယ်။
         
“နေပါဦးကွ… ဒီလူတွေ ဘာဖြစ်နေကြတာလဲ၊ အရေးယူမယ်တွေကော၊ သတ်ပစ်မယ် တွေကော ကြားလိုက်ပါတယ်၊ ဒီလူတွေကို ကြည့်ရတာ တော်တော်လေး ဒေါသ ဖြစ်နေပုံပဲ”
         
“ဒေါသဖြစ်မှာပေါ့ကွာ… ဖြစ်လဲ ဖြစ်ချင်စရာပဲလေ၊ မင်းမကြားမိဘူးလား၊ ရေဘေးသင့် ပြည်သူတွေကို အနူဂျီးက ခွက်တစ်လုံးစီ ထောက်ပံ့မယ်ဆိုတာ”
         
“ဟုတ်လား… ဒါတော့ မဖြစ်သင့်ဘူးကွာ၊ ငါတို့မှာ ဒါလေးနဲ့ လုပ်စားနေရတာ အနူဂျီးက မသိဘူးလား… တောက်”
         
သကောင့်သားကပါ ထပြီး ပေါက်ကွဲနေလို့ “ဟေ့ကောင် ဖြည်းဖြည်း”ဆိုပြီး ပါးစပ်ကို လက်နဲ့ ပြေးအုပ်ရတယ်။ အခန့်မသင့်လို့ ဟိုလူတွေ ကြားသွားရင် ခွက်တစ်လုံးကို အကြောင်းပြုတဲ့ ဒေါသတွေ သူတို့ဆီ စုပြုံလာနိုင်တယ်လေ။
 
ကိုလူပျို
(၂၄-၈-၂၀၂၆)
🤣13😁3❤2
August 24, 2026 2.2K 7