ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
=====================
ယနေ့သည် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ဖြစ်သည်။
အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းနာယူ၍ တောအုပ်အတွင်း တရားအားထုတ်ကြသည်။ ရဟန်းတို့၏ သီလကြောင့် သစ်ပင်ဗိမာန်မှ နတ်တို့ဆင်းပေးရလေရာ နတ်တို့က ရဟန်းတော်များ မနေနိုင်အောင် ခြောက်လှန့်ခြင်းကို ပြုလုပ်ကြသည်။ ထိုအခါ ရဟန်းတို့တရားရှုမှတ်၍မရသဖြင့် မြတ်စွာဘုရားအား လျှောက်ထားရာ မေတ္တာကမ္မဋ္ဌာန်းကို မပွားများကြသည့်အတွက် ခြောက်လှန့်ခံရခြင်းဖြစ်ကြောင်း မြတ်စွာဘုရားက ဟောကြားပြီး မေတ္တာကမ္မဋ္ဌာန်းကို သင်ပြတော်မူသည်။
ထို့နောက် ရဟန်းတို့လည်း မူလတောအုပ်သို့ပြန်လာကြပြီး နတ်တို့နှင့်တကွ အားလုံးသော ဝေနေယျသတ္တဝါတို့အပေါ် မေတ္တာဖြန့်လျက် ပို့လွှတ်သောအခါ နတ်များက ကြည်ညိုချစ်ခင်လာ ကြသည်။ ဝါတွင်းကာလ၌ နတ်အပေါင်းတို့၏ စောင့်ရှောက်မှုဖြင့် တရားအားထုတ်ကြရာ ရဟန်း ငါးရာတို့ ရဟန္တာဖြစ်သွားကြသည်။ မြတ်စွာဘုရားရှင်က ရဟန်းငါးရာတို့ကို ဝါခေါင်လပြည့်နေ့တွင် မေတ္တသုတ်ဒေသနာတော်ဟောကြားတော်မူသည်ကို ရည်မှန်း၍ ဝါခေါင်လပြည့်နေ့ကို မေတ္တာ အခါတော်နေ့အဖြစ် သတ်မှတ်ကြသည်။
မေတ္တာပို့သူသည် ချမ်းသာစွာအိပ်ပျော်ပြီး စိတ်ကြည်လင်စွာ အိပ်ရာမှနိုးထရသည်။ မကောင်းသောအိပ်မက်များမမြင်မက်ဘဲ လူအများ၏ ချစ်ခင်မှုကိုရစေ၏။ ထို့ပြင် ပရလောက သားများနှင့် နတ်ဗြဟ္မာများက စောင့်ရှောက်ကြသည်။ မေတ္တာဟူသည် ချစ်ခင်သောသဘော၊ သတ္တဝါအားလုံး၏ ကောင်းကျိုးချမ်းသာကို လိုလားသော စိတ်ဓာတ်များသက်ဝင်နေသည့် ချစ်ခြင်း သဘောဖြစ်သည်။
မေတ္တာတရားသည် အထက်အောက်ဘေးဘီအရပ်မျက်နှာအားလုံး၌ အတွင်းရန်၊ အပြင်ရန်မရှိ။ အတိုင်းမသိမြတ်နိုးတတ်သောမေတ္တာစိတ်ကို ပွားများစေရာ၏။ မတ်တတ်ရပ်နေစဉ် ဖြစ်စေ၊ လမ်းလျှောက်သွားနေစဉ်ဖြစ်စေ၊ ထိုင်နေစဉ်ဖြစ်စေ၊ လဲလျောင်းနေစဉ်ဖြစ်စေ အမြဲမပြတ် သတိချပ်လျက် မေတ္တာပို့သနေရာ၏ဟု မြတ်စွာဘုရားက ဟောကြားထားသည်။
သို့ဖြစ်ရာ မျက်မှောက်ကာလတွင် လူအချင်းချင်းနှိပ်စက်ခြင်းကင်းဝေးပြီး ဒေါသ၊ မောဟ၊ မာန်မာနများလျော့ပါးကာ အများသူငါသတ္တဝါတို့အပေါ် ကိုယ်နှင့်ထပ်တူချမ်းသာစေရန် မေတ္တာပို့ မည်ဆိုပါက ထိုပို့သသောမေတ္တာ၏ရောင်ပြန်ဟပ်မှုအကျိုးကို ရရှိကြမည်မှာ ဧကန်ဖြစ်သည်။
ကိုလူပျို
(၂၈-၈-၂၀၂၆)
19
3August 28, 2026 1.8K 10