“ဒြပ်စင် ၁၀၉ ရဲ့ မိခင်”
―――――――
“ငြိမ်းချမ်းရေးလက်နက်ဟူ၍ မရှိ”
ဒီထင်မြင်ယူဆချက်ကို ထောက်ခံသူတစ်ယောက်ဟာ နျူကလီးယားလက်နက် တီထွင်စီမံကိန်း — မန်ဟက်တန် ပရောဂျက် (Manhattan Project) — အတွက် ဖိတ်ခေါ်ခံရတဲ့အခါ ပါဝင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူ့နာမည်က လီဇ် မိုက်နာ (Lise Meitner) ပါ၊ ဗီယင်နာတက္ကသိုလ်ရဲ့ ဒဿနဗေဒဌာန (အဲဒီခေတ်က သိပ္ပံအပါအဝင် ပညာရပ်အများစုစုပေါင်းဌာန) မှာ အမျိုးသမီးတွေ တရားဝင်သင်ယူလေ့လာခွင့်ရပြီးနောက် လေးနှစ်အကြာ ၁၉၀၁ ခုနှစ်မှာ ရူပဗေဒပညာရပ်ကို တက်ရောက်သင်ယူခဲ့တဲ့ ပထမဆုံးအမျိုးသမီးဖြစ်ပါတယ်။
၁၉၃၈ ခုနှစ် — ဂျာမနီက ဩစတြီးယားကို အင်အားသုံးပြီး သိမ်းယူပေါင်းစည်းခဲ့ချိန်မှာတော့ နာဇီတွေရဲ့ လူမျိုးရေးခွဲခြားဥပဒေ အသက်ဝင်သွားလို့ ဂျူးမျိုးနွယ်ဖြစ်တဲ့ မိုက်နာ အခက်တွေ့ခဲ့ရပါတယ်။ အန္တရာယ်လွတ်မြောက်ဖို့မရေရာတဲ့ ဩစတြီးယားနိုင်ငံကူးလက်မှတ်နဲ့ပဲ ပထမဆုံး နယ်သာလန်၊ နောက် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့ကနေတစ်ဆင့် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အမှန်တော့ နာဇီအစိုးရ အာဏာမရခင်ကတည်းက မိုက်နာ,ဟာ ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ကိုက်ဇာ ဗီလ်ဟဲလ်(မ်) ဓာတုဗေဒအဖွဲ့အစည်း (Kaiser Wilhelm Institute) မှာ သုတေသနလုပ်ကိုင်နေသူပါ။ ဓာတုဗေဒပညာရှင် အော့တို ဟန် (Otto Hahn) နဲ့အတူ နှစ်ပေါင်း ၃၀ လောက် ရေဒီယိုသတ္တိကြွမှုဆိုင်ရာသုတေသနတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၃၃ လောက်ကတည်းက ဂျူးလူမျိုးတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေ တဖြည်းဖြည်း တင်းကျပ်လာခဲ့ပေမဲ့ ဂျူးမျိုးနွယ်ဖွား ဩစတြီးယားနိုင်ငံသားဖြစ်နေတာမို့ အချိန်တစ်ခုထိ ဂျာမနီမှာ ဆက်နေနိုင်ခဲ့တာပါ။
စတော့ဟုမ်းမှာ ခိုလှုံနေခိုက် နျူကလီးယား ပြိုကွဲမှု (Nuclear Fission) အကြောင်း စာတစ်စောင် ဟန်,ဆီက ရောက်လာခဲ့တယ်။ ဒီလိုနဲ့ ခရစ္စမတ်အားလပ်ရက်မှာ မိုက်နာတစ်ယောက် အခေါက်ခေါက်အခါခါ လမ်းလျှောက်ထွက်ရင်း သီအိုရီမျိုးစုံကို ပေါင်းစပ်ရင်း နျူကလီးယားပြိုကွဲမှုနောက်ကွယ်က အကြောင်းရင်းကို အဖြေရှာခဲ့တာပေါ့။ နောက်ဆုံးမှာတော့ ယူရေနီယမ်ဝတ်ဆံက မြန်နှုန်းမြင့်နျူထရွန်ရဲ့ တိုက်ခိုက်မှုကြောင့် မတည်ငြိမ်တော့ဘဲ ပြိုကွဲသွားပြီး စွမ်းအင်ထွက်သွားတာကို တွေ့ရှိခဲ့ပါတယ် — ဆိုတော့ စမ်းသပ်ချက်ရလဒ်ကို တိုက်ရိုက်မြင်လိုက်ရတဲ့ ဟန်,အစား အဝေးရောက် မိုက်နာ,ကပဲ ဖြေရှင်းခဲ့တာပေါ့။ ၇ နှစ်အကြာ ၁၉၄၅၊ ဩဂုတ် ၆ ရက်မှာ ဟီရိုရှီးမား,ပေါ် ကျရောက်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး စစ်ရေးသုံးအဏုမြူဗုံးမှာ အဲဒီ နျူကလီးယားပြိုကွဲမှုလုပ်ငန်းစဉ် သဘောတရားကိုပဲ သုံးခဲ့ပါတယ်။ ဒါပေမဲ့ ဒီရှာဖွေတွေ့ရှိချက်ကို သိပ္ပံဂျာနယ်တွေထဲ ထုတ်ဝေတဲ့အခါ ဂျူးမျိုးနွယ်ဖြစ်နေတာကြောင့် လီ(ဇ်) မိုက်နာ ဆိုတဲ့ နာမည် မပါခဲ့ပါဘူး။ နျူကလီးယားပြိုကွဲမှုကို ရှာဖွေတွေ့ရှိခဲ့လို့ပေးတဲ့ ၁၉၄၄ ဓာတုဗေဒနိုဘယ်ဆုကိုလဲ ဟန်,ကပဲ ရရှိခဲ့တာပါ။ မိုက်နာ နိုဘယ်ဆု ရမသွားခဲ့ပေမဲ့ ဒြပ်စင် ၁၀၉ ကိုတော့ ‘မိုက်နဲရီယမ်’ (Meitnerium) ဆိုပြီး ဂုဏ်ပြုအမည်ပေးထားပါတယ်။ ။
References:
- Jewish Women's Archive. (n.d.). Lise Meitner.
- Kronecker Wallis. (2026, February 13). Lise Meitner: Nuclear fission's overlooked discoverer.
- Atomic Heritage Foundation. (n.d.). Lise Meitner. Nuclear Museum.
- U.S. Environmental Protection Agency. (2026, February 17). Women in radiation history: Lise Meitner.
- BBC Science Focus. (2020, April 8). Lise Meitner: The nuclear pioneer who escaped the Nazis.
- Famous Scientists. (2018, August 30). Lise Meitner: Biography, facts and pictures.
Written by - Khin Malikha Su Zin
Fact-checked by - Min Z
Copy-edited by - Khin Myat Noe Zaw
©️ 2026-2027 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
#Fact_Hub #Short_Article #Science #Meitner #Meitnerium