အရက်တွေ ရောသောက်တဲ့အခါ ပိုမူးနောက်ပြီး နေရထိုင်ရ ခက်သွားတတ်တာက ကိုယ်ဘယ်လောက်တောင် သောက်မိသွားပြီလဲဆိုတာကို မမှန်းဆတတ်တော့ဘဲ အလွန်အကျွံ ဖြစ်သွားတတ်တာကြောင့်ပါ။
အယူအဆမှား (၅) - သောက်တာကြာလာလို့ ခံနိုင်ရည် (Tolerance) တက်လာရင် ပိုသောက်လို့ရတယ်။
ပုံမှန်သောက်နေကျလူတွေဟာ အရင်လို အမူးရှိန် ရဖို့အတွက် ပိုပြီး များများသောက်ရတတ်တာ (Tolerance တက်လာတာ) တကယ် ရှိပါတယ်၊ ဦးနှောက်နဲ့ အသည်းက အရက်ရဲ့ဒဏ်ကို အမြဲရင်ဆိုင် ရုန်းကန်နေရလို့ အင်္ဂါနှစ်ခုလုံး တဖြည်းဖြည်း ချို့ယွင်းပျက်စီးလာတာပါ။ အရင်လို မူးချင်လို့ ပိုသောက်ရတယ်ဆိုကတည်းကိုက ခန္ဓာကိုယ်မှာရှိတဲ့ အတွင်းကလီစာတွေဟာ မမူးခင်ကတည်းက ဒဏ်ရာရနေပြီဆိုတဲ့ သဘောပါပဲ။
အယူအဆမှား (၆) - ဘီယာက ဝီစကီထက် ပိုပြီး ဘေးကင်းတယ်။
ဘီယာမှာ အရက်ပါဝင်နှုန်း (ABV) နည်းတာတော့ အမှန်ပါ။ ဒါကြောင့်လဲ လူတွေက ဘီယာကို အန္တရာယ်နည်းတဲ့ အဖျော်ယမကာလို့ ထင်တတ်ကြတယ်။ တကယ်တော့ ပုံမှန်ဘီယာတစ်ဗူး၊ စပျစ်ရည်တစ်ခွက်၊ ဝီစကီတစ်ခွက် (Shot) မှာ ပါဝင်တဲ့ အရက်စစ်စစ် ပမာဏဟာ အတူတူနီးပါးပါပဲ။ ဆိုတော့ ဘီယာပဲ သောက်သောက်၊ ဘာပဲ သောက်သောက် စုစုပေါင်း သောက်သုံးမိတဲ့ အရက်ပမာဏကပဲ အဓိက ဖြစ်ပါတယ်။ ဘီယာကို အလွန်အကျွံသောက်ပြီး အသည်းခြောက်တာ၊ ကျန်းမာရေးထိခိုက်တာတွေလဲ အများကြီးပါ။ “ဘီယာဆိုတော့ ဘေးကင်းပါတယ်လေ” ဆိုတဲ့ အမြင်က များသောအားဖြင့် အလုပ်သဘောအရ ပေါ့ပေါ့ပါးပါး တွေ့ဆုံပွဲတွေမှာ အရက်၊ ဝီစကီအစား ဘီယာ သောက်လေ့ရှိကြတဲ့ အလေ့အထကြောင့်ပါပဲ။
အယူအဆမှား (၇) - အရက်က အသည်းကိုပဲ ထိခိုက်စေတာပါ။
အရက်ကို အဓိက ခြေဖျက်ပေးရတဲ့ အင်္ဂါဖြစ်လို့ အသည်းက ဒဏ်အခံရဆုံးဆိုတာ မှန်ပေမဲ့ အရက်ရဲ့ ဆိုးကျိုးက အသည်းတစ်ခုတည်းမှာတင် ရပ်မနေပါဘူး။ အရက်သောက်တဲ့အခါ သွေးလမ်းကြောင်းကနေတစ်ဆင့် ခန္ဓာကိုယ်ရဲ့ အင်္ဂါစနစ် အားလုံးဆီ ရောက်ရှိသွားပါတယ်။ အဲဒီနောက် သွေးပေါင်ချိန် တက်တယ်၊ နှလုံးဖိအား များလာတယ်၊ အာရုံကြောတွေ ထိခိုက်တယ်၊ နောက် စိတ်ကျန်းမာရေးမှာပါ ဆိုးဆိုးရွားရွား သက်ရောက်မှု ရှိလာတယ်။ ဒါတင်မကသေးပါဘူး — လက်ရှိ ဆေးပညာအရ အရက်ဟာ ဆေးလိပ်သောက်ခြင်းနဲ့ အဝလွန်ခြင်း ပြီးရင် ကင်ဆာဖြစ်စေနိုင်တဲ့ အကြီးမားဆုံး အကြောင်းရင်းတစ်ခုပါ။ အသည်း၊ အစာအိမ်၊ ပါးစပ်ကင်ဆာ အပါအဝင် အနည်းဆုံး ကင်ဆာအမျိုးအစား ၆ မျိုးနဲ့ အရက် တိုက်ရိုက်ဆက်နွယ်နေတယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေပြချက်တွေ ရှိနေပါတယ်။
အယူအဆမှား (၈) - နေ့တိုင်း မသောက်ရင် ပြဿနာမရှိဘူး။
နေ့တိုင်း စွဲစွဲမြဲမြဲ သောက်မှပဲ အရက်သမား၊ အရက်စွဲနေသူလို့ လူတွေက သတ်မှတ်တတ်ကြတယ်၊ တကယ်တော့ အရက်စွဲတယ်ဆိုတာ နေ့တိုင်း သောက်မှရယ်လို့ မဟုတ်ပါဘူး။ တစ်ပတ်လုံး အရက်မသောက်ဘဲ ပိတ်ရက်ကျမှ သွေးထဲမှာ အရက်ပမာဏ မြင့်တက်သွားတဲ့အထိ တစ်ထိုင်တည်း အလွန်အကျွံ သောက်တာမျိုးကို Binge Drinking လို့ ခေါ်ပြီး အသက်အန္တရာယ်ရှိပါတယ်။ အရက်စွဲရောဂါ (Alcohol Use Disorder) ဟာ အရက် ဘယ်နှစ်ကြိမ် သောက်သလဲဆိုတာထက် လူတစ်ယောက်ရဲ့ သောက်တဲ့ပုံစံအပေါ် မူတည်ပြီး သတ်မှတ်တာပါ — တစ်ပတ်မှာ နှစ်ကြိမ်ပဲ သောက်ပေမဲ့ နှစ်ကြိမ်လုံး အလွန်အကျွံ သောက်တဲ့သူဟာ ညတိုင်း အရက်တစ်ခွက် သောက်သူထက် အန္တရာယ်ပိုကြီးပါတယ်။
အယူအဆမှား (၉) - ကလေးတွေကို မိဘအုပ်ထိန်းမှုအောက်မှာ စောစောစီးစီး အနည်းအကျဉ်း တိုက်ပေးထားရင် ကြီးလာတဲ့အခါ ထိန်းထိန်းသိမ်းသိမ်း သောက်တတ်လာမယ်။
ဆယ်ကျော်သက်တွေကို အိမ်မှာ မိဘတွေရှေ့တင် အရက်ကို စမ်းသောက်ခွင့်ပေးလိုက်ရင် အရက်အပေါ် စူးစမ်းချင်စိတ် ကုန်သွားပြီး ကြီးလာတဲ့အခါ အလွန်အကျွံ သောက်တာမျိုး မဖြစ်တော့ဘူးလို့ တချို့မိဘတွေက ထင်ကြပါတယ်။ ဒါပေမဲ့ ဆေးပညာ သက်သေအထောက်အထားတွေကတော့ ဒီအယူအဆနဲ့ လုံးဝဆန့်ကျင်ဘက်ပါ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်ကို စတင်ထိတွေ့ဖူးသူတွေဟာ ကြီးလာတဲ့အခါ အရက်စွဲနိုင်ခြေ ပိုမြင့်တယ်လို့ တွေ့ရှိထားပါတယ်။ ဆယ်ကျော်သက်အရွယ် ဦးနှောက်က ဖွံ့ဖြိုးကြီးထွားနေဆဲ ဖြစ်တာကြောင့် အဲဒီအချိန်မှာ အရက်နဲ့ ထိတွေ့မိတာဟာ ဦးနှောက်ကို ရေရှည်မှာ ပိုထိခိုက်စေပြီး အန္တရာယ်လျော့ကျစေမဲ့အစား ပိုလို့တောင် ဆိုးရွားစေပါတယ်။
လက်ရှိ ဆေးပညာ သုတေသနတွေအရတော့ ခန္ဓာကိုယ်အတွက် လုံးဝအန္တရာယ်ကင်းတဲ့ အရက်ပမာဏဆိုတာ မရှိသေးသလို မူးတာကို ချက်ချင်းပြေစေမဲ့ ဖြတ်လမ်းနည်းကိုလဲ ရှာမတွေ့ကြသေးပါဘူး။ စုစုပေါင်း သောက်တဲ့ အရက်ပမာဏ၊ သောက်တဲ့ပုံစံနဲ့ သောက်တဲ့သူရဲ့ ခန္ဓာကိုယ်ကျန်းမာရေး အခြေအနေကပဲ ရလဒ်ကို အမှန်တကယ် ဆုံးဖြတ်ပေးနေတာ ဖြစ်ပါတယ် ။ ။
References
- Alcohol Change UK. (n.d.). Alcohol fact checker – busting some common alcohol myths.
- RWJBarnabas Health. (2024, March). Debunking common misconceptions when it comes to alcohol and your health.
- Mayo Clinic Press. (n.d.). Common myths and misconceptions about alcohol use.
- Yahoo Life. (n.d.). 5 common alcohol myths debunked: Experts unpack the truth about nightcaps, hangover cures, red wine and more.
- College Drinking Prevention. (n.d.). Alcohol Myths.
1August 31, 2026 94