မြန်မာ့အာကာသစီမံကိန်း ဘယ်လောက် အလားအလာ ရှိသလဲ _______________… — Fact Hub Myanmar — TG.ME

မြန်မာ့အာကာသစီမံကိန်း ဘယ်လောက် အလားအလာ ရှိသလဲ
_______________
 
ပြီးခဲ့တဲ့ ၂၀၂၆ ဇူလိုင်မှာ မြန်မာအသွင်ပြောင်းအစိုးရခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရန်ကုန်မှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုထဲ ဂြိုဟ်တုမော်ဒယ်ငယ်တစ်ခုကို စမ်းသပ်ကြည့်ရှု၊ မြေပြင်ထိန်းချုပ်ရေးစင်တာ ဖွင့်လှစ်ပြီး အာကာသယာဉ်မှူးအဖြစ် ကနဦး ရွေးချယ်ခံထားရ ဆိုသူတွေနဲ့ တွေ့ခဲ့ပါတယ်။ နောက်တော့ ဒါက “နှစ်ရှည်လများ ရှိနေခဲ့တဲ့ နိုင်ငံတော်အိပ်မက်” ဖြစ်တယ် လို့ ဆိုပါတယ်။ ထပ်ပြီးတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့မှာ သမ္မတရုံးပြောခွင့်ရသူ ခိုင်ခိုင်စိုးက လာမဲ့ ၂၀၂၈ ခုနှစ်မှာ ရုရှားနိုင်ငံနဲ့ ပူးပေါင်းပြီး မြန်မာလူမျိုး အာကာသယာဉ်မှူးကို အာကာသထဲပို့မယ် လို့ ထုတ်ပြောလာပါတယ်။ စောင့်ကြည့်လေ့လာချက်တွေအရ အသွင်ပြောင်းအစိုးရဟာ ၂၀၂၅ ခုနှစ်ဝန်းကျင်က စလို့ ရုရှားအစိုးရနဲ့ အာကာသနည်းပညာဆိုင်ရာ သဘောတူညီချက်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ တရားဝင်ပြုလုပ်လာတာ တွေ့ရပါတယ်။

၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ မြန်မာအာကာသအေဂျင်စီခေါ် Myanmar Space Agency (MSA) ကို မင်းအောင်လှိုင်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ စ,ဖွဲ့ခဲ့ပြီး အဲဒီအေဂျင်စီမှာ ခန့်အပ်မဲ့ ကျွမ်းကျင်ပညာရှင်တွေကိုလဲ မင်းအောင်လှိုင်ကိုယ်တိုင်က အတည်ပြုရွေးချယ်ခွင့် ရှိတယ်လို့ ဖွဲ့စည်းခွင့်အမိန့်မှာ ဖော်ပြပါတယ်။ ဒီအေဂျင်စီရဲ့ ပင်မတာဝန်တွေက မြန်မာ့ကိုယ်ပိုင်ဂြိုဟ်တုတွေ လွှတ်တင်တာနဲ့ ထိန်းချုပ်မောင်းနှင်တာ၊ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ မှတ်တမ်းတွေ စီမံခန့်ခွဲတာ၊ ကုလသမဂ္ဂရဲ့ ‘အာကာသကို ငြိမ်းချမ်းစွာ အသုံးပြုရေး ကော်မတီ’မှာ နိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်တာနဲ့ ပြည်တွင်းမှာ အာကာသဆိုင်ရာ ကျွမ်းကျင်လုပ်သားအင်အား တည်ဆောက်တာတို့ပါပဲ။

ဒီနောက်ပိုင်းက စလို့ အာကာသနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေထဲ မင်းအောင်လှိုင်ရဲ့ ၂၀၂၆ ဖေဖော်ဝါရီ မော်စကိုခရီးစဉ်မှာ ရုရှားအာကာသအေဂျင်စီ ရော့စ်ကော့စ်မော့စ် (Roscosmos) နဲ့ အာကာသစူးစမ်းလေ့လာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချုပ်ချုပ်တာ၊ ရုရှားအကူအညီနဲ့ တည်ထောင်တယ် ဆိုတဲ့ ဂြိုဟ်တုဒေတာ သုတေသနစင်တာ ရှိလာတာ၊ ဇူလိုင်မှာ အာကာသယာဉ်မှူးလောင်းတွေ ရွေးချယ်တာနဲ့ လွှတ်တင်ဖို့ စီစဉ်နေတယ် ဆိုတဲ့ MAH-1 ERS (Earth Remote Sensing - ကမ္ဘာမြေ စောင့်ကြည့်လေ့လာရေး) ရဲ့ ဂြိုဟ်တုပုံစံငယ်တွေ လက်တွေ့ပြသတာတို့ ရှိခဲ့ပါတယ်။ ဒီ့တိုင် လက်ရှိအချိန်ထိ MSA ရဲ့ ကိုယ်ပိုင်ထိန်းချုပ်မှုအောက်မှာ လည်ပတ်မဲ့ ဂြိုဟ်တုစီမံကိန်းမျိုး သတ်မှတ်အကောင်အထည်ဖော်တာ မရှိသေးဘဲ ရုရှားရဲ့ အကူအညီအောက်က လွတ်ထွက်နေတဲ့ သီးခြားလုပ်ဆောင်ချက်မျိုးလဲ မတွေ့ရသေးပါဘူး။ နောက်၊ MAH-1 ERS ဂြိုဟ်တုနဲ့ ပတ်သက်ပြီးလဲ အသေးစိတ်အချက်အလက်တွေ မဖော်ပြထားတာပါ။

တကယ်တော့ မြန်မာမှာ မြန်မာ့လေကြောင်းသိပ္ပံတက္ကသိုလ်နဲ့ ဂျပန်နိုင်ငံ ဟိုကိုင်းဒို (Hokkaido)၊ တိုဟိုကူ (Tohuko) တက္ကသိုလ်တို့ ပူးပေါင်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ လွှတ်တင်ခဲ့တဲ့ ဒေါ်လာ ၁၅ သန်းတန်ဖိုးရှိ လောကနတ်-၁ (Lawkanat-1/MMSAT-1 လို့လဲ သိကြ) အမည်ရ ကိုယ်ပိုင်ဂြိုဟ်တုတစ်လုံး ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ လောကနတ်-၁ စီမံကိန်းမှာ ဂြိုဟ်တုကို ဂျပန်နိုင်ငံက အပြည့်အဝ ထိန်းချုပ်ခဲ့ပြီး ဒီဂြိုဟ်တုက ရတဲ့ မှတ်တမ်းဒေတာတွေကိုတော့ အစိုးရအချင်းချင်း တစ်ဆင့်ခံ ပြန်ရယူဖို့ စီစဉ်ခဲ့ကြတာမျိုးပါ။ အဆိုပါ တစ်ခုတည်းသော အာကာသစီမံကိန်း လောကနတ်-၁ ဟာလဲ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ ဂြိုဟ်တုဓာတ်ပုံတွေကို စစ်တပ်က ထောက်လှမ်းရေးအတွက် အသုံးပြုမှာ စိုးတာကြောင့် ဂျပန်အစိုးရနဲ့ ပူးပေါင်းတက္ကသိုလ်တွေကနေ နိုင်ငံတကာအာကာသစခန်းကတစ်ဆင့် ကမ္ဘာ့ပတ်လမ်းနိမ့်ဆီ လမ်းကြောင်းလွှဲ-လွှတ်တင်မဲ့ကိစ္စကို ယာယီရွှေ့ဆိုင်းလိုက်ပါတယ်။ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ နောက်ဆက်တွဲ လိုက်လာချိန်မှာတော့ လောကနတ်-၁ ကို ၂၀၂၃ မှာပဲ ကမ္ဘာ့လေထုထဲ ပြန်ထိုးစိုက်ဆင်းစေပြီး အပြီးရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။
❤1
September 6, 2026 48 1