အရှေ့တောင်အာရှရဲ့ ခြောက်သွေ့ရာသီနဲ့ လေထုညစ်ညမ်းမှု” ―――――――… — Fact Hub Myanmar — TG.ME

“အရှေ့တောင်အာရှရဲ့ ခြောက်သွေ့ရာသီနဲ့ လေထုညစ်ညမ်းမှု”
―――――――


ဆောင်းရာသီရဲ့ မနက်ခင်းတွေမှာ မြူခိုးတွေ မှိုင်းနေသလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာလဲ ပတ်ဝန်းကျင်တစ်ခုလုံးက မှုန်ဝါးနေတာမျိုးကို ကြုံဖူးကြလား . . . ? ဒါဟာ တကယ်တော့ မြူခိုးမဟုတ်ဘဲ သက်ရှိတွေအတွက် အန္တရာယ်ရှိတဲ့ ဖုန်မှုန့်တွေ၊ ဓာတ်ငွေ့တွေ ပါဝင်နေတဲ့ ညစ်ညမ်းလေထုအလွှာကြီးပါ။ နွေရာသီလိုမျိုး ခြောက်သွေ့တဲ့ ရာသီအပိုင်းအခြားကို ရောက်ရင် မြန်မာနိုင်ငံအပြင် အရှေ့တောင်အာရှနိုင်ငံတွေမှာ လေထုအရည်အသွေး ကျဆင်းတဲ့ကိစ္စ၊ လေထုညစ်ညမ်းမှုကိစ္စတွေက ပိုမိုများပြားလာပါတယ်။ ဒီပြဿနာတွေက လူသားတွေရဲ့ ကျန်းမာရေးနဲ့ သက်ရှိတွေရဲ့ အသက်ရှင်သန်မှုကိုပါ ခြိမ်းခြောက်နိုင်စွမ်း ရှိပါတယ်။

လေထုအရည်အသွေးဆိုတာ လေထဲမှာ ဘယ်လိုဓာတ်ငွေ့တွေ၊ အမှုန်တွေက ဘယ်လောက်များများ ပါရှိနေလဲ တိုင်းတာပြီး သက်ရှိတွေ ရှူရှိုက်ဖို့ ဘယ်လောက်အထိ သန့်စင်လဲ၊ ညစ်ညမ်းလဲ သတ်မှတ်တာပါ။ ဒီတိုင်းတာချက်တွေကို လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index, AQI) ကို အသုံးပြုပြီး ဆန်းစစ်ပါတယ်။ ဒီညွှန်းကိန်းမှာက ၀ ကနေ ၅၀၀ အထိ ရှိပြီး တန်ဖိုးပမာဏက ကြီးလေလေ ညစ်ညမ်းမှု ပမာဏ များပြားလေလေပါပဲ။ သုညကနေ ၅၀ အထိကိုတော့ ကောင်းမွန်တဲ့အဆင့်လို့ သတ်မှတ်ထားပြီး ၅၁ ကနေ ၁၀၀ အထိဆိုရင် အသင့်အတင့်၊ ၁၀၁ နဲ့ အထက်ကိုတော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တဲ့ မကောင်းမွန်တဲ့ လေထုအခြေအနေလို့ သတ်မှတ်ထားတာပါ။ ဒီအခြေအနေမှာ ရောဂါအခံရှိသူတွေ၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေက အဓိက ထိခိုက်နိုင်ခြေ များပါတယ်။ ၁၅၁ ကနေ ၂၀၀ လောက်အထိ ဖြစ်သွားရင်တော့ သက်ရှိတွေအားလုံးအတွက် အန္တရာယ်ရှိနိုင်တာပေါ့။

အမေရိကန်ပြည်ထောင်စုရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ရေးဌာန (Environmental Protection Agency, EPA) ရဲ့ အဆိုအရ လေထုထဲမှာ အဓိကညစ်ညမ်းပစ္စည်း (၆)မျိုး – ဒြပ်သားအမှုန် (Particulate Matter, PM)၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ အိုဇုန်း၊ ဆာလဖာဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်နဲ့ ခဲ (Lead) – ရှိတာပေါ့။ ဒီပစ္စည်းတွေကို မူလအဆင့်ပစ္စည်းနဲ့ ဆင့်ပွားပစ္စည်း ဆိုပြီး ပြန်ခွဲထားပါတယ်။ မူလပစ္စည်း ဆိုတာ ညစ်ညမ်းမှုကို ဖြစ်စေတဲ့ မူလအရင်းမြစ်ကို သိရှိနိုင်တဲ့၊ ဥပမာ စက်ရုံရဲ့ မီးခိုးခေါင်းတိုင်ကနေ အဆိပ်အတောက်တွေ ထွက်ရှိတာမျိုးဖြစ်ပါတယ်။ လေထုထဲမှာ ပြန့်ကျဲနေတဲ့ ဓာတ်ငွေ့အချင်းချင်း ဓာတ်ပြုပေါင်းစည်းပြီး ဖြစ်လာတာမျိုးကိုတော့ ဆင့်ပွားပစ္စည်းလို့ သတ်မှတ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ ညစ်ညမ်းပစ္စည်း (၆) မျိုးထဲမှာ ကာဗွန်မိုနောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်နဲ့ ခဲတို့က မူလအဆင့် ရှိပြီး နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်နဲ့ ဒြပ်သားအမှုန်တွေကတော့ မူလတင်မက ဆင့်ပွားပစ္စည်းပါ ဖြစ်နိုင်တာပါ။ ဒါပေမဲ့ အိုဇုန်းကတော့ နေရောင်အောက်မှာ နိုက်ထရိုဂျင်အောက်ဆိုက်တွေ (Nitrogen Oxides) နဲ့ အငွေ့ပြန်လွယ်တဲ့ သဘာဝဓာတ်ငွေ့ (Volatile Organic Compounds, VOCs) တို့ ဓာတ်ပြုမှုကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ဆင့်ပွားပစ္စည်းတစ်မျိုးပါ။

ခြောက်သွေ့ရာသီရောက်လာတိုင်း မြက်တွေ၊ သစ်ရွက်တွေနဲ့ သစ်တောမှာ အစိုဓာတ်လျော့နည်းသွားပါတယ်။ ဒါကြောင့် “အမှိုက်ကစ ပြဿဒ်မီးလောင်” ဆိုသလို သစ်ရွက်ခြောက်သေးသေးလေးတွေ မီးစလောင်ရာကနေ တောမီးလောင်မှုအထိပါ ဖြစ်သွားနိုင်တာမို့ ဒီလိုအချိန်အပိုင်းအခြားမှာ တောမီးလောင်မှုဖြစ်စဉ်တွေကို မကြာမကြာ ကြားရလေ့ရှိတာပေါ့။ အရှေ့တောင်အာရှနိုင်ငံတချို့မှာတော့ စိုက်ပျိုးမြေ အသစ်ဖော်ဖို့၊ ရိတ်သိမ်းပြီး ကျန်ခဲ့တဲ့ အပင်အကြွင်းအကျန်တွေကို ဖယ်ရှားဖို့နဲ့ စိုက်ခင်းပြင်ဆင်ဖို့အတွက် တောမီးရှို့တဲ့နည်းကို အသုံးပြုနေဆဲပါ။ ဒီလို မီးရှို့ရာက ထွက်တဲ့ မီးခိုးငွေ့တွေမှာ ဒြပ်သားအမှုန်တွေ – အထူးသဖြင့် ၂.၅ မိုက်ခရိုမီတာရှိ ဒြပ်သားအမှုန် (PM 2.5)၊ ကာဗွန်မိုနော့ဆိုက်(ဒ်)နဲ့ အခြားညစ်ညမ်းဓာတ်ငွေ့တွေ – အမြောက်အများ ပါရှိပါတယ်။ ၂.၅ မိုက်ခရိုမီတာ ဆိုတဲ့ အတိုင်းအတာဟာ လူ့ဦးခေါင်းထက်က ဆံချည်မျှင်တစ်မျှင်ရဲ့ အချင်းပမာဏထက်ကို အဆပေါင်းများစွာ ပိုမိုသေးငယ်တာပါ။ ဒါဟာ လုံးဝ တိကျနေတာမျိုးတော့ မဟုတ်ပါဘူး၊ တချို့ဒြပ်သားအမှုန်တွေဆိုရင် ၂.၅ မိုက်ခရိုမီတာထက်တောင် ပိုမိုသေးငယ်ကြပါသေးတယ်။ ဆိုလိုတာက သူတို့ဟာ သာမန်နှာခေါင်းစည်းတစ်ခုရဲ့ အလွှာတွေကိုပါ ထိုးဖောက်ပြီး အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်နိုင်တဲ့ အမှုန်ငယ်လေးတွေပေါ့။ ဒီအမှုန်တွေက အသက်ရှူလမ်းကြောင်းကတစ်ဆင့် အဆုတ်ထဲ၊ သွေးကြောလေးတွေထဲကိုပါ ဝင်ရောက်ပြီး နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ အဆုတ်ကင်ဆာ၊ နာတာရှည်လေပြွန်ရောင်ရောဂါ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးရှုထောင့်ကကြည့်ရင် လေထုအရည်အသွေး ကျဆင်းတာက စိုးရိမ်ဖွယ်ဖြစ်နေတာပါ။
အရှေ့တောင်အာရှနိုင်ငံတွေမှာ မြေဆွေးအလွှာ ထူထပ်ရာဒေသ (Peatland) တွေက တစ်ကမ္ဘာလုံးရဲ့ ၆ ရာခိုင်နှုန်း ရှိပါတယ်။ ဒီမြေတွေက ကာဗွန်ကြွယ်ဝပြီး အစိုဓာတ်များစွာ ရှိတာပေါ့။ နွေရာသီလို ပူပြင်းတဲ့ရာသီမှာ အပူချိန်ကြောင့် မြေဆွေးအလွှာထူထပ်ရာဒေသတွေ ခြောက်သွေ့သွားပြီး မီးစွဲသွားရင် မြေအောက်ထဲအထိ ဆက်လက်လောင်ကျွမ်းနိုင်ပါတယ်။ အဲဒီလို
❤1
August 24, 2026 158