“အရက်နဲ့ပတ်သက်တဲ့ အယူအဆလွဲများ”
―――――――
အရက်ဆိုတာ လူတွေ လိုလိုလားလားနဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းလေ့ရှိတဲ့ အဆိပ်အတောက် တစ်ခုပါ။ အဆိပ်ဆိုတာကို သိရက်နဲ့ သောက်သုံးနေကြဆဲလူတွေ ရှိသလို မှားယွင်းနေတဲ့ ကျန်းမာရေး အယူအဆတွေပေါ် အခြေခံပြီး သုံးစွဲနေကြသူတွေလဲ အများအပြားပါပဲ။ ညတိုင်း အစာစားပြီး အရက်တစ်ခွက်သောက်ရင် အသက်ရှည်တယ် လို့ ထင်နေတဲ့ အဘိုးအဘွား၊ ဘီယာ အရင်သောက်ပြီးမှ ဝီစကီ သောက်ရင် ပိုမမူးဘူး ဆိုတဲ့ သူငယ်ချင်း စတဲ့ ဒီလိုလူမျိုးတွေဟာ မိသားစုနဲ့ ကျင်လည်ရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ရှိတတ်ကြစမြဲပါ။ ဒါပေမဲ့ သူတို့ပြောနေကြတဲ့ အရာအများစုကတော့ သိပ္ပံယောင် အယူအဆမှားတွေပဲ ဖြစ်ပါတယ်။
အယူအဆမှား (၁) - နေ့တိုင်း Red wine တစ်ခွက်သောက်ရင် နှလုံးကျန်းမာစေတယ်။
ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက လူတွေကြားမှာ စွဲကျန်နေတဲ့ အယူအဆတစ်ခုပါ။ အရင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတချို့မှာ အရက်ကို အသင့်အတင့် သောက်သုံးသူတွေဟာ လုံးဝမသောက်သူတွေထက် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နှုန်း နည်းနေတာကို တွေ့ခဲ့ရတာကြောင့် ဒီအယူအဆ ပျံ့နှံ့သွားခဲ့တာပါ။ အထူးသဖြင့် စပျစ်သီးအခွံမှာပါတဲ့ ရစ်ဗဲရထရို (Resveratrol) ခေါ် Antioxidant တစ်မျိုးကြောင့် Red wine ကို အမွှမ်းတင်ခဲ့ကြတာပေါ့။ တကယ်လဲ စပျစ်သီးနဲ့ စပျစ်ရည်မှာ ပါဝင်တဲ့ ရစ်ဗဲရထရို,ရဲ့ အကျိုးကျေးဇူးကို လုံးဝမရှိပါဘူးလို့ မငြင်းပယ်နိုင်သလို အသင့်အတင့် သောက်သုံးသူတွေမှာ နှလုံးရောဂါဖြစ်နှုန်း နည်းနေတဲ့ သုတေသနရလဒ်ဟာလဲ အမှန်ပါပဲ။ ဒါပေမဲ့ ဒီနေရာမှာ သိထားရမဲ့ နှစ်ချက် ရှိပါတယ်။
၁ အချက် — စပျစ်ရည်ထဲမှာပါတဲ့ ရစ်ဗဲရထရို ရဲ့ ကာကွယ်မှုအာနိသင်ကို တကယ်ခံစားမိဖို့ဆိုရင် လက်တွေ့မှာ အရက်ပမာဏ အများကြီး သောက်မှရမှာပါ။ တစ်ချိန်နည်းမှာပဲ Antioxidant ကို အယ်(လ်)ကိုဟော မပါဝင်တဲ့ စပျစ်သီး၊ အသီးအနှံ၊ ရေနွေးကြမ်း (Green Tea) တို့ကနေ ရရှိနိုင်ပါတယ်။ ၂ အချက် — အရင်က လေ့လာမှုတွေရဲ့ အရက်မသောက်သူ အုပ်စုမှာ ကျန်းမာရေး မကောင်းလို့ အရက်ဖြတ်ထားသူတွေကိုပါ ထည့်သွင်းထားခဲ့တာကြောင့် ဒေတာ လွဲမှားနေခဲ့တာ ဖြစ်နေသလို အသင့်အတင့် သောက်သုံးသူတွေဟာလဲ ပိုကောင်းတဲ့ လူမှုစီးပွားအခြေအနေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ပုံစံ၊ ကိုယ်လက်လေ့ကျင့်ခန်း စတာတွေကြောင့် ကျန်းမာရေး ပိုကောင်းနေခဲ့တယ်လို့ နောက်ပိုင်း သုတေသနတွေက ထောက်ပြပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) အပါအဝင် အဖွဲ့အစည်းကြီးတွေရဲ့ ထုတ်ပြန်ချက်အရ နှလုံးအတွက်ဖြစ်စေ၊ အထွေထွေ ကျန်းမာရေးအတွက်ဖြစ်စေ လုံးဝဘေးကင်းကြောင်း သတ်မှတ်နိုင်တဲ့ အရက်ပမာဏဆိုတာ မရှိပါဘူး။
အယူအဆမှား (၂) - အရက်သောက်ရင် ပိုအိပ်ပျော်တယ်။
မအိပ်ခင် အရက် တစ်ခွက်၊ နှစ်ခွက် သောက်လိုက်ရင် ပိုပြီးမြန်မြန်ဆန်ဆန် အိပ်ပျော်သွားတာ မှန်ပါတယ်။ ဒါပေမဲ့ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့အတွက်ဆိုရင်တော့ အရက်ဟာ အဆိုးဆုံးရန်သူပါပဲ —
အရက်ရဲ့ စိတ်ငြိမ်စေတဲ့ အာနိသင် (Sedative Effect) က ဦးနှောက်လှိုင်းတွေကို နှေးကွေးစေပြီး အိပ်ပျော်ဖို့ လိုအပ်တဲ့ ကြာချိန် (Sleep Onset) ကို တိုတောင်းစေတာကြောင့်ပါ။ ခန္ဓာကိုယ်က အရက်ကို စတင်ခြေဖျက်တာနဲ့တစ်ပြိုင်နက် အိပ်စက်မှုကိုလဲ ဖျက်ဆီးပါတယ်။ အဲ့ဒီအခါ ခန္ဓာကိုယ်ကို ပြန်လည်အားပြည့်စေတဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ချိန် (Deep Sleep) နည်းပါးသွားပြီး၊ ညသန်းခေါင်မှာ ခဏခဏ နိုးတာ၊ အိပ်နေတုန်း နှလုံးခုန်နှုန်း မြန်လာတာတွေ ဖြစ်လာစေပါတယ်။ သုတေသနတွေအရ အိပ်ခါနီး အရက်သောက်တာဟာ အိပ်စက်မှု အရည်အသွေးကို သိသိသာသာ ကျဆင်းစေပြီး ခန္ဓာကိုယ်ကလဲ စွမ်းအင် ပြည့်ပြည့်ဝဝ မရပါဘူး။
အယူအဆမှား (၃) - ကော်ဖီသောက်တာ၊ ရေအေးချိုးတာတွေက အမူးပြေစေတယ်။
ကော်ဖီပြင်းပြင်းတစ်ခွက် သောက်လိုက်ရင် (ဒါမှမဟုတ်) ရေအေးအေးလေး ချိုးလိုက်ရင် အမူးပြေသွားတယ် ဆိုတာ စိတ်အထင်သက်သက်ပါ။ လက်တွေ့မှာတော့ အချိန်တစ်ခု ကြာသွားမှပဲ အမူးပြေတာဖြစ်ပြီး မူးတာကို မြန်မြန်ပြေစေနိုင်တဲ့ နည်းလမ်းရယ်လို့ မရှိပါဘူး။ လူ့အသည်းဟာ တစ်နာရီမှာ အရက်သတ်မှတ်စံပမာဏ (Standard Drink) တစ်ခွက်နှုန်းလောက်ပဲ ခြေဖျက်ပေးနိုင်တာမို့ ဘာပဲစားစား၊ ဘာပဲသောက်သောက်၊ အရေပြားကို ဘာပဲလုပ်လုပ် ဒီခြေဖျက်နှုန်းကို ပြောင်းလဲပစ်လို့ မရပါဘူး။ ဒါကို မသိတဲ့အခါ အရက်သောက်ပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ချက်နဲ့ တုံ့ပြန်မှု စွမ်းရည်တွေ ကျဆင်းနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် အမူးပြေသွားပြီလို့ အထင်မှား ကားမောင်းတာမျိုးက အန္တရာယ်များပါတယ်။
အယူအဆမှား (၄) - အရက်အမျိုးမျိုး ရောသောက်ရင် ပိုမူးတယ်။
“ဘီယာ နောက်မှာ ဝီစကီ လိုက်ရင် ပိုမူးတယ်” (ဒါမှမဟုတ်) “ဝီစကီ နောက်မှာ ဘီယာ” စသဖြင့် ကြားဖူးကြမှာပါ။ ဒါပေမဲ့ လူတစ်ယောက် ဘယ်လောက်အထိ မူးမလဲဆိုတာကို ဆုံးဖြတ်တာက သူသောက်လိုက်တဲ့ စုစုပေါင်း အရက်ပမာဏ (Pure Alcohol) ပဲ ဖြစ်ပြီး၊ သောက်တဲ့ အစီအစဉ် (ဒါမှမဟုတ်) အရက်အမျိုးအစား စုံလင်မှုနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ဗော့(ဒ်)ကာ၊ ဝီစကီ၊ စပျစ်ရည်၊ ဘီယာ အားလုံးကို ပုံမှန်တစ်ခွက်စာ ပမာဏ (Standard Serving) နဲ့ တွက်မယ်ဆိုရင် ပါဝင်တဲ့ အရက်ပမာဏဟာ အတူတူနီးပါးပါပဲ။
1August 31, 2026 79