တပင်ရွှေထီး နဲ့ ဘုရင့်နောင် (49)
========================
"အင်း မောင်မင်းလည်း မောင်မင်းနယ်ပယ်ကို အစွမ်းကုန် ခုခံခဲ့ခြင်းအပေါ် ငါ စိတ်ဆိုးစရာ မလိုပါဘူး ။ တိုက်ပွဲကာလမှာ စစ်သားဟာစစ်သားလို ကျင့်ကြံရပြီး အနိုင်အရှုံးပေါ်ချိန်မှာ ဧကရာဇ်မင်းတို့ဟာ ကြင်နာမှုကိုလည်း ပြသရပါတယ် ၊ အနိုင်အရှုံး မပေါ်ခင် ရန်သူကို ကြင်နာခြင်းဟာ မိမိရဲမက်အပေါ် ရက်စက်ခြင်းမည်တယ် ၊ ယခု ငါ အောင်ပွဲရပေပြီ မောင်မင်းတို့ မိသားစုအားလုံးကို ချမ်းသာပေးပါ့မယ် နောက်နောင် သစ္စာရှိဖို့ပဲ အရေးကြီးပါတယ် ''
ဘုရင့်နောင်ဟာ သူ့ရဲ့ စိတ်ထားကို ပွင့်လင်းစွာ မိန့်တော်မူပါတယ် ။ ထို့နောက် မိုးကောင်းမြို့ထဲ ဝင်ပါတယ် ။ ရှိသမျှ တပ်တွေကို မိုးကောင်းသို့ စုရုံးစေပါတယ် ။ အားလုံးရောက်လာတော့ မိုးကောင်းမြို့စားအား သစ္စာပေးကာ မိုးကောင်းမြို့ကိုပင် ပြန်လည်အပိုင်းစားပေးလိုက်ပါတယ် ။ မိုးကောင်းစား ရဲ့ သား ၂ သမီး ၁ ၊ မြေး ကျား / မ တဦးစီကို သစ္စာအတွက် ခေါ်ယူခဲ့ပါတယ် (မိုးကောင်းစား သစ္စာဖောက်လျှင် ထိုသူများ အရင်ဆုံး သေရပေလိမ့်မည်) ။
မိုးညှင်းမြို့ကိုတော့ အစောကြီးက လာပြီး ခိုလှုံခဲ့သူ မိုးညှင်းစော်ဘွား ယောက္ဖ ဒီပဲယင်းစားအား စလုံ ဟူသော ဘွဲ့ဖြင့် အပိုင်စားပေးအပ်ပါတယ် ။
မိုးညှင်းစော်ဘွားအား ဝန်စင်ခံမိတ်နယ်ကို ပေးအပ်ပါတယ် ။
မိုးညှင်းစော်ဘွား သား ကိုတော့ ဒီပဲယင်းမြို့စား ခန့်ပါတယ် ။
အားလုံးကို နှစ်စဥ်ပေးသွင်းရမယ့် အခွန်အခ သတ်မှတ်ပါတယ် ။ သား သမီး အချို့ကို ခေါ်ယူခဲ့ပါတယ် ။ မိုးကောင်း၊ မိုးညှင်း သမ္မာဒိဋ္ဌိဖြစ်စေ၍ ဂန္ထဓူရ ၊ ဝိပဿနာဓူရ ဆရာတော်များအားပင့်ပါတယ် ။ ပိဋကတ် ၃ ပုံ ကျမ်းဂန်တို့ကို ထားပါတယ် ။ တောင်း၊ တင်း၊ အလေး၊ ချိန်ခွင် နဲ့ ငွေကြေးစနစ်ကို ဟံသာဝတီအတိုင်း သတ်မှတ်ပါတယ် ။ ထို့နောက် သက္ကရာဇ် ၉၁၉ ကဆုန်လဆန်း ၂ နေ့မှာ ပြန်လာရာ ကဆုန်လပြည့်ကျော် ၁၄ ရက်မှာ အင်းဝသို့ ရောက်ပါတယ် ။
အင်းဝ တောင်ပလူအရပ်မှာ ၇ ရက်ခန့် နားနေပြီး ရှမ်းမြောက်တိုက်ပွဲများရဲ့ သူရဲကောင်းများအား ချီးမြှင့်မြောက်စားပါတယ် ။ ထို့နောက် ဝါဆိုလဆန်း ၆ ရက် မှာ ဟံသာဝတီသို့ ပြန်ရာ ဝါခေါင်လဆန်း ၃ ရက်နေ့မှာ ပြန်ရောက်ပါတယ် ။
ဘုရင့်နောင်က ရှမ်းမြောက် ဦးစားပေးမလား ရှမ်းတောင် မိုးနဲ ညောင်ရွှေဘက် ဦးစားပေးမလားလို့ မေးမြန်းခဲ့တာ အလကားမဟုတ်ပါဘူး ။ သူဟာ မင်းနားတထောင်ပီသတဲ့ ဘုရင်မို့ မိုးနဲစော်ဘွားရဲ့ အကြံအစည်တွေကို ကြိုတင်ရိပ်မိနေလို့ မေးမြန်းခြင်းဖြစ်ပါတယ် ။
တကယ်ဆိုရင် မိုးနဲစော်ဘွားဟာ ကေတုမတီတောင်ငူ ပေါက်စ အချိန်ကတည်းက မဟာမိတ်တွေ ဖြစ်ပါတယ် ။ သို့သော် ဘုရင့်နောင်ရဲ့ ကြီးမြင့်လာမှုအပေါ် ငါလည်း သူနဲ့ တချိန်က အတူတူပဲ ဆိုတဲ့ မမှီမကမ်း နဲ့ ပခုံးဖက် အံ့တုလိုစိတ် ပေါ်လာဟန်တူပါတယ် ။
ပထမဆုံး ဘုရင့်နောင်ရဲ့ လက်အောက်ခံ သီပေါစော်ဘွားအား အလစ်အငိုက် ဝင်တိုက်ပါတယ် ။ အမှုမဲ့ နေခဲ့သော သီပေါစော်ဘွား စစ်ရှုံးသွားပြီး အသတ်ပါခံလိုက်ရပါတယ် ။ သားမယားကစ၍ ဆင်ကောင်း၊ မြင်းကောင်းတို့ကိုလည်း ယူပါတယ် ။ အဲဒီနောက် သုံးဆယ် နယ်မြေထဲထိ သွေးတိုးစမ်း နယ်ချဲ့လာပါတယ် ။ ယင်းသတင်းအား သုံးဆယ်မြို့စားထံမှ အင်းဝသတိုးမင်းစော ၊ သတိုးမင်းစောမှ ဘုရင့်နောင်ထံ အတည်ပြု သတင်းပို့လိုက်ပါတယ် ။
မူလကတည်းက မသင်္ကာတဲ့ ဘုရင့်နောင်ဟာ ချက်ခြင်းပဲ အစည်းအဝေးခေါ်ပြီး....
" ကဲ မိုးနဲစော်ဘွားကတော့ ရှေးကတည်းက ပြုထားတဲ့ မဟာမိတ်စည်းကမ်းကို ဖောက်ဖျက်ပေပြီ ၊ သီပေါစော်ဘွားကို ဖမ်းဆီးသတ်ဖြတ် လုယက်ရုံမက ယခုအခါ သုံးဆယ် နယ်ကိုပင် ထိပါးလာတဲ့ သတင်း ကြားရပေပြီ.... မိုးနဲစော်ဘွားကို ငါ ကိုယ်တိုင် တိုက်ရမလား... မှူးကြီး မတ်ရာတွေပဲ တိုက်ကြမလား ဆွေးနွေးကြစမ်း ''
ဗညားလောက....
" မိုးနဲ ညောင်ရွှေ အရေးလောက်ကတော့ အရှင်မင်းကြီး နဲ့ မတန်ပါဘူး ကျနော်တို့ မှူးမတ်များနဲ့သာ အလွယ်တကူ နှိမ်နင်းပေးနိုင်ပါတယ် ''
ထိုအခါ ဘယကျော်သူက....
" မိုးနဲ ညောင်ရွှေ မျှသာဆိုပါက အကြောင်းမဟုတ်ပါဘူး. ဒါပေမယ့် ရပ်စောက် နဲ့ နောင်မွန် စော်ဘွားတွေကလည်း သူ့ဖက်က သေချာပေါက် ရပ်ကြပါလိမ့်မယ် ၊ သူတို့အင်အား စုပေါင်းလိုက်ပါက အထင်သေးမရပါဘူး... ဒီထက်ပိုပြီး တွေးစရာလည်း ရှိနေပါတယ်... ယခု မိုးနဲ နယ်နမိတ်သည်ကား ဇင်းမယ်ပြည်ကြီး၊ ကျိုင်းတုံပြည်ကြီး၊ သိန္နီပြည်ကြီး တိုနဲ့ နီးကပ်ပေါတယ် ။ မိုးနဲသည် အမှီသဟဲမရှိဘဲ အရှင့်နိုင်ငံတော် ကျေးစွန်ရွာနားကို ထိပါးဖျက်ဆီးဝံ့မည် မဟုတ်... ဒီအရေးမှာ ပြည်ပတိုင်းသားများ ပါဝင်ဖွယ် ရှိနေလို့ အရှင်မင်းကြီးကိုယ်တိုင် တပ်အင်အားအများအပြားနဲ့ ချီတက် တိုက်ခိုက်သင့်ပါတယ် ''
အိမ်ရှေ့မင်းကလည်း ဘယကျော်သူ လျှောက်တင်ချက်ကို ထပ်ဆင့်ထောက်ခံ ဆွေးနွေးလိုက်ပါတယ် ။ ဘုရင့်နောင် ဆိုသည်ကလည်း နဂိုကမှ တိုက်ချင် ခိုက်ချင်သူမို့ ကဲ စစ်ပြင်တော့ ဆိုပြီး တထိုင်တည်း ဆုံးဖြတ်လိုက်ပါတော့တယ် ။
189
138
4
1
1September 4, 2026 4.1K 4 17