တပင်ရွှေထီး နဲ့ ဘုရင့်နောင် (50) ========================… — Ko Myo Win — TG.ME

တပင်ရွှေထီး နဲ့ ဘုရင့်နောင် (50)
========================

           သတိုးဓမ္မရာဇာရဲ့ ရှေ့ပြေး မြင်းတပ်ဟာ မိုးနဲစော်ဘွားရဲ့ တပ်ကို မြင်တာနဲ့ ရဲဝံ့စွာ အတင်းဝင်တိုက်ကြပါတယ် ။ မိုးနဲစားရဲ့ မြင်းစစ်သည်တွေက ရင်ဆိုင်မတွေ့ရဲပဲ နောက်နားက ဆင်တပ်ကြားထဲ ပြန်ပြေးကြပါတယ် ။ ဆင်နဲ့မြင်း အားမတန်လို့ ခဏပဲ အကဲစမ်းပြီး ရှေ့ပြေးမြင်းတပ် ပြန်ဆုတ်လာပါတယ် ။

           တောင်ကြားထဲမှ ပြန်ဆုတ်လာတဲ့ မြင်းတပ်နောက်သို့ မိုးနဲတပ်များ အတင်းလိုက်လာကြရင်း လွင်ပြင်ထဲ ရောက်လာပါတယ် ။ အဲဒီ အချိန်မှာ နောက်ကပါလာတဲ့ ဗမာ့ဆင်တပ် ၈ တပ် နဲ့ ထိပ်တိုက်လာဆုံကြပါတယ် ။ ဆင်စီးမြို့စား ၈ ဦးလုံးရဲ့ ချွန်းကုန်ဖွင့်ပြီး မောင်းသံတဒူဒူပေးကာ ဝင်ဆောင့်တိုက်တာကို ရုတ်ချည်း ခံလိုက်ရကာ ရှမ်းဆင်တို့ တုံ့ကနဲ ဖြစ်ကုန်ရပါတယ် ။ ရန်သူ့စစ် တုံ့ဆိုင်းတာကို အခွင့်ယူပြီး ဇွတ်အတင်း ပစ်ခတ်ထိုးခုတ်ကြရာ ရှမ်းတပ်များ အချိန်ကြာ မခံနိုင်ပဲ ဖရိုဖရဲ ပြိုကွဲသွားပါတော့တယ် ။

              ဆင်မြင်း လူသူများကို ဖမ်းဆီးပြီး ဘုရင့်နောင်ထံ ဆက်သလိုက်ပါတယ် ။ ဘုရင့်နောင်လည်း မိုးနဲမြို့ အနီးက အောင်တပ်မင်္ဂလာ အမည်ရှိ နေရာမှာ တပ်ချလိုက်ပါတယ် ။ မြို့တွင်းက မိုးနဲစော်ဘွားလည်း ဘုရင့်နောင်ရဲ့ ထိုးစစ်ကို မခံနိုင်ဘူးဆိုတာ တွက်ဆမိလို့ မြို့ထဲကနေ ထွက်​ပြေးပါတယ် ။ ဘုရင့်နောင်တပ်တွေ အတင်းလိုက်ကြရာ မပြေးနိုင်သော ဆင် မြင်း လူသူများ ထပ်မံရရှိပါတယ် ။ အရေးကြီးတဲ့ မိုးနဲစော်ဘွားကတော့ လွတ်သွားပါတယ် ။ ဒါကြောင့် ဘုရင့်နောင်က.....

" ကဲ အဓိက ဖမ်းရမယ့် မိုးနဲစော်ဘွား ထွက်​ပြေးပြန်ပြီ ဒီတော့ ငါ့လက်အောက် မရောက်မခြင်း ဒီနယ်မအေးချမ်းနိုင်ဘူး... နယ်စွန်နယ်ဖျား မအေးချမ်းရင် အနားစုတ်တဲ့ ဖျာ ကဲ့သို့ အလယ်ဗဟိုထိ ပုံပျက်နိုင်တယ် တို့ တပ်တွေ ခွဲပြီး အရပ် ၄ မျက်နှာ အနှံ့လိုက်ရှာကြရမည် အချိန်မဆွဲနဲ့ ချက်ခြင်းလုပ် သူပုန်ချေမှုံးရေးကို အချိန်ဆွဲတာ သူပုန်မွေးနေတာနဲ့ အတူတူပဲ... ဘာအကြောင်းပြချက်မှ ငါ မကြားလိုဘူး နင်တို့ စစ်လမ်းကြောင်းတလျှောက် သူပုန်အငုတ်အမြစ်မှန်ရင် သေးသေးကြီးကြီး ခုတ်ဖြတ်ခဲ့ကြပေတာ့ ''

           အမိန့်လည်း ကြားရရော သားတော် ၊ ညီတော် မှူးမတ်တို့လည်း မိမိတပ်အသီးသီးနဲ့ မိုးနဲတခွင် ပြဲပြဲစင်အောင် ဖိဖိစီးစီး ဆောင်ရွက်ကြပါတယ် ။

          မိုးနဲစော်ဘွားလည်း ပြေး၍ မလွတ်နိုင်ဘူးလို့ တွက်ဆကာ သားမိုင်းကိုင်စားကို လက်ဆောင်၊ လက်နက်၊ မိုင်းလုံးဇာ၊ ပယင်း၊ ရွှေဖျင်၊ ဖဲ၊ ကတိုး၊ အောင်း၊ တင်ရန်း၊စသည့် လက်ဆောင်များနှင့် စေလွှတ်၍ ...

“ကျွန် တော် မတတ် မလိမ္မာ၍ ပစ်မှားမိသည်။ အသက်ကို ခွင့်ပြုပါ”

          ဟု တောင်းပန်လိုက်ပါတယ် ။

             ထိုအခါ ဘုရင့်နောင်က မိုင်းကိုင်စားအား......

" ငါ့ထံ ခိုလှုံသူကို ငါစောင့်ရှောက်၏ ၊ ငါ့အားဆန့်ကျင်သူကို ငါသတ်ဖြတ်သည် ၊ ငါ့အား အသာတကြည် လက်နက်ချ အညံ့ခံသူအပေါ်မူကား ငါ မရက်စက်တတ် နင့်အဖအား ပြန်ပြောလေ ''

           ဟု စကားပြန်ပေးပြီး မိုင်းကိုင်စားအတွက် လက်ဆောင်ပစ္စည်းများ ပြန်ပေးကာ မိုးနဲစော်ဘွားထံ ပြန်စေပါတယ် ။

          မိုင်းကိုင်စား ပြန်၍ အကြောင်းကြားလိုက်ရာ မိုးနဲ စော်ဘွားလည်း ဆင်ပေါက်တစ်ဆယ်၊ ရွှေငါးပိဿာ၊ ငွေခွက်ငါးဆယ် လက်ဆောင်တော် ယူ၍ အညံ့ခံပါတယ် ။ ထိုအခါ ဘုရင့်နောင်က မိုးနဲစော်ဘွားအား....

“ နင်သည် ငါ့နိုင်ငံတော်ဖြစ်သော သီပေါသုံးဆယ်တို့ကို ထိပါးဖျက်ဆီးသဖြင့်သာ ငါကိုယ်တော်တိုင် လာခဲ့ရတယ် ။ နင်ပြေးရင်လည်း ငါ့ရန်သူကို ဘယ်သူလက်ခံဝံ့မလဲ ။ နင်က မလိမ္မာပဲ ပညာအမျှော်အမြင်နည်းလို့ မှားခဲ့ပေမယ့် ငါ့လို ဧကရာဇ်က သည်းခံခွင့်လွတ်ပြီး နင့်ရဲ့ အသက် စည်းစိမ်ကို ချမ်းသာပေးမည် နောက်နောင် အမှားကျူးလွန်ရင်တော့ နင့်ထိုက်နဲ့ နင့်ကံပဲ ''

           ဟု မိန့်တော်မူလိုက်ပါတယ် ။

         ထို့ကြောင့် မိုးနဲစော်ဘွား မှစ၍ သား၊ သမက်၊ အမှူးအမတ်တို့ကို  သစ္စာတော်ပေးပြီးလျှင် မိုးနဲမြို့ကိုပင် ပြန်ပေးလိုက်ပါတယ် ။ ထိုအခါ ထွက်ပြေးနေကြသော  ညောင်ရွှေစော်ဘွား၊ ရပ်စောက်စော်ဘွား၊ မိုးဗြဲစော်ဘွား၊ စကားစား၊ နောင်မွန်စားတို့လည်း ဆင်ကြီး၊ မြင်း ကြီး၊ သားသမီးတို့ကို ဆက်၍ ခိုလှုံလာကြပါတယ် ။

         ဘုရင့်နောင်လည်း ထိုသူတို့ကို သစ္စာတော်ပေး၍ စားမြဲသော ကျေးစည်းစိမ်ကိုပင် ပေး တော်မူပြန်သည်။ ထိုရှမ်းပြည်တစ်တန်းတွင် မှားသော မိစ္ဆာဒိဋ္ဌိ အယူများကိုလည်း သမ္မာဒိဋ္ဌိဖြစ်အောင် ဆုံးမ တော်မူ၍ ကျောင်း၊ ဘုရား တည်ထားရသည်။ ကျမ်းဂန် တတ်ကျွမ်းတော်မူသော အရိယာပုဂ္ဂိုလ်တို့ကို တောင်းပန်တော် မူ၍ ပိဋကတ် စာပေနှင့်တကွ သီတင်းသုံးနေရသည်။ ဝတ္ထုကံ မိုးမြေလည်း လှူတော်မူသည်။

            ယင်းသို့ မိုးနဲ၊ ညောင်ရွှေ အစရှိသော ရှမ်းပြည်အား နေရာတကျ စီစဥ်ပြီးနောက် အစည်းအဝေးခေါ်ပါတယ် ။

“ကမ္ဗောဇတိုင်းဖြစ်သော မိုးနဲ၊ ညောင်ရွှေကိုတော့ သိမ်းပြီးပြီ ရှေ့ကို ဘာဆက်လုပ်သင့်လည်း ဆွေးနွေးကြစမ်း ''
2❤172👍104👏2🖕1
September 5, 2026 3.9K 12