ထိုအခါ အိမ်ရှေ့မင်းက..... “ယခု သံလွင်မြစ် အနောက်ဘက်တွင်ရှိသော… — Ko Myo Win — TG.ME

  ထိုအခါ အိမ်ရှေ့မင်းက.....
    
“ယခု သံလွင်မြစ် အနောက်ဘက်တွင်ရှိသော ရှမ်းပြည်ကြီးများအား သိမ်းပြီးသော်လည်း သိန္နီတစ်မြို့က အညံ့မခံသေးပါဘူး ၊ သူက တရုတ်ဥတည်ဘွားကို အမှီပြု၍ အခိုင်အလုံနေတဲ့ သဘောရှိပါတယ် ၊ ဒါကြောင့် သိန္နီကို သိမ်းပိုက်နိုင်မှ  ရှမ်းကိုးပြည်ထောင်လုံး လက်နက်နိုင်ငံတော်ချည်းဖြစ် မည်”

       ဟူ၍  လျှောက်သည်။ ထိုအခါ ဗညားပရံက .....

“အိမ်ရှေ့မင်း၏ အကြံမှာ စစ်ရေး ဖြစ်ပါတယ် ။ သို့ရာတွင် မိုးနဲ၊ ညောင်ရွှေ စသော ရှမ်းပြည်ကြီးများကို သိမ်းပြီးပါပြီ ။ ထို့ကြောင့် သိန္နီမြို့ သိမ်းရေးမှာ အလွန်လွယ်နေပါပြီ ။  လတ်တလော သိန္နီမြို့ကို မတိုက်သေးပါနဲ့ ၊ သူ့ထက်အရေးကြီးတာ ဇင်းမယ် ဖြစ်ပါတယ် ။  ဇင်းမယ် ပြည်ကြီးသည် မှူးကောင်း၊ မတ်ကောင်း၊ သူရဲသူခက်ကောင်း များလှသည်။ ဆင်ကောင်း၊ မြင်းကောင်း၊ လက်နက်ကိရိယာလည်း ထူထပ်လှသည်။ မြို့ရံ ငါးဆယ့်ခုနစ်မြို့လည်း အလုံးအရင်းနှင့်ချည်း အခိုင်အမာဖြစ်သည်။ ကျွန်တော်တို့ မွန်ပြည်နှင့်လည်း နယ်စပ်ဖြစ်သည်။ ရှေးကာလ၌ တစ်ကြိမ်တစ်ခါမျှ မသိမ်းဖူးတဲ့ ဇင်းမယ်သို့ အလျင်ချီတော်မူ၍ သိမ်းယူတော် မူသင့်လေသည် ။ ဇင်းမယ်ကို ရတော်မူလျှင် ဇင်းမယ်၌ အခြေပြု၍ ၊ ညီတော်၊ သားတော်၊ မှူးတော်၊ မတ်တော်အပေါင်းတို့ကို  ကျိုင်းရုံ၊  ကျိုင်းတုံစသော ပြည်များသို့ အသီးသီး စစ်ချီစေ၍  လုပ်ကြံရသည်ရှိသော် လက်နက်နိုင်ငံတော်ချည်း ဖြစ်မည်။  ကျွန်တော်တို့ချီလျှင် ဆင်စီးချင်း၊ မြင်းစီးချင်းယှဉ်၍ တိုက်ဝံ့မည်မထင်။ ဘာလို့လဲဆိုရင် ဘုရင့်နောင်နဲ့ ယှဥ်ပြိုင်တဲ့  ရန်သူအပေါင်းတို့သည်၊ သေကျေ ပျက်စီးကြောင်းကို ဇမ္ဗူဒိပ်မြေပြင်ဝယ် တိုင်းကြီးပြည်ကြီးအပေါင်း ထီးဆောင်းမင်းတကာတို့ သိနေကြလို့ ဖြစ်ပါတယ် ”

          ဟူ၍ ရှည်လျှားစွာလျှောက်တင်လိုက်ပါတယ် ။ ဗညားပရံ စကားကို ဗညားဒလ ကြားလျှင်

   “ကျွန်တော် ဗညား ပရံ လျှောက်သော အရေးသည် သင့်လှပေသည် ”

           ဟူ၍ ​ထောက်ခံ ဆန္ဒပြု ပြန်ပါတယ် ။ ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ စသော မှူးတော်၊ မတ်တော်အပေါင်းတို့လည်း ဗညားပရံ လျှောက်သောအရေးကို ကြိုက်ကြ ကုန်သည်။ ဘုရ င့်နောင်လည်း  ကြိုက်တော်မူ၍ ဇင်းမယ်သို့ ချီတက်ဖို့ စီစဥ်ကြပြန်ပါတယ်  ။

              မိုးနဲစော်ဘွားက မကျန်းမာ၍ မလိုက်နိုင် ၊ ညောင်ရွှေစော်ဘွားက လိုက်မည်ဟုဆိုကာ တပ်ပေါင်းတို့ကို ခေါ်ရန် ညောင်ရွှေသို့ ပြန်လေသည်။ မိုးနဲစော်ဘွားသား မိုင်းကိုင်စား၊ ကျိုင်းတောင်းစား သားအငယ် စမော်ခန်း ယောက်ဖ သိုခဲနှင့် လဲချားစား၊ မိုးဗြဲစား၊ နောင်မွန်စား တို့မူကား၊ နောက်တော်တွင် အလုံးအရင်းနှင့် လိုက်ပါ​ကြရပါတယ် ။

-  အိမ်ရှေ့မင်းက မြင်းတပ်နှစ်တပ်နှင့် တပ်ပေါင်း ဆယ်တပ်  ။

-  ဘုရင့်နောင်က မြင်းတပ်လေးတပ်နှင့် တပ်ပေါင်းတစ်ဆယ့် နှစ်တပ် ။

-  ညီတော် တောင်ငူဘုရင်မင်းခေါင်က မြင်းတပ်နှစ်တပ်နှင့် တပ်ပေါင်းဆယ်တပ် ။

            မိုးနဲ မှ သံလွင် ထားစင်ဆိပ်သို့ ၂၄ ည အိပ်ခရီး ချီတက်ကာ  ဇေယျသာစည်၌ တပ်ချနား၏ ။ ထားစင်ဆိပ် တွင် ဖောင်ပန်းဖွဲ့စေ၍ ဆင် မြင်း လူသူတို့ကို ကူးရသည်။ သံလွင်က တစ်ဖက်သို့ ရောက်လျှင်......

- အိမ်ရှေ့မင်း၏ တပ်  ၁၀ တပ်က  လက်ယာကြောင်း ။

-  ညီတော် ပြည်ဘုရင်ရဲ့ တပ် ၁၀ တပ်က  အလယ်ကြောင်း ။

-  အင်းဝဘုရင် သတိုးမင်းစောရဲ့ တပ် ၈ တပ်က  လက်ဝဲစစ်ကြောင်း ။

- ဘုရင့်နောင်က တပ်ပေါင်း ၁၂ တပ် နဲ့ ပင်မစစ်ကြောင်း ။

-  ညီတော် တောင်ငူဘုရင်မင်းခေါင်တို့ တပ် ၁၀ တပ်က နောက်ဆုံးစစ်ကြောင်း ။



           ဤသို့ ဘုရင့်နောင်က အင်အား အပြည့်ချီတက်လာကြောင်း ဇင်းမယ်ဘုရင် ဗြသံ ကြားသိရလျှင် လမ်းခုလတ်မှ ဆီးကြို၍ တိုက်မည်ဟု စစ်ပြင်ရန် အမိန့်ပေးလိုက်ပါတယ် ။ ထိုအခါ ဇင်းမယ်အမတ် ငသည်လုံက........

" ယခု ဟံသာဝတီမင်း, တရားတွင် ပါသော ရဲမက်ဗိုလ်ပါတို့ကို​ကြည့်ရရင် လက်အောက်ခံ တိုင်းပြည်အသီးသီးက စစ်တပ်အားလုံး စုရုံးလာဖွယ် ရှိပါတယ် ၊ ဘုရင့်နောင်ရဲ့ စစ်သူကြီးတွေကလည်း အသက်စွန့် တိုက်ရဲသူတွေများပြားလှပါတယ်  ၊ ဒါကြောင့် လမ်းခုလတ်မှ ဆီးတိုက်၍ နိုင်စရာအကြောင်းမရှိပါဘူး ၊ မြို့ပြအားကိုးပြီး စနစ်တကျ ခုခံမှသာ သင့်တော်ပါ့မယ် မြို့ကခံ၍ မခုခံနိုင်တော့ရင် အညံ့ခံလိုက်ပါက ပြည်သူနဲ့ မြို့ သက်သာမည်ဟု ယူဆမိပါတယ် ''

       ဆိုပြီး လျှောက်တင်လိုက်ပါတယ် ။ ထိုအခါ ဇင်းမယ်ဘုရင်လည်း စဥ်းစားပြီး....

" မှန်တယ် ဘုရင့်နောင်သည် ငါ့မြို့အား ကြက်ကို စွန်သုတ်ချီသလို သုတ်ချီလို့ မရနိုင်ဘူး ''

        ဟု မိန့်ပါတယ် ။ အဲဒါနဲ့ မြို့ပြင်ထွက် ခုခံဖို့ ပြင်ဆင်ထားတဲ့ တပ်တွေကို ရုတ်သိမ်းပြီး   စိန်ပြောင်း မြတပူ မြို့ထိပ်ဝန်းကျင် နေရာချလေ၏ ။ ထိုသတင်းကို ဘုရင့်နောင်ကြားလျှင်......

" ဇင်းမယ်ပြည်ကြီးကို အစိုးရသောမင်းသည် ငါကဲ့သို့သော ဧကရာဇ် ချီတော်မူသည်ကို အညံမခံဘူး ။  မြို့ရိုး နဲ့ အမှူးအမတ် ဆင်လုံး မြင်းရင်းများသည်ကို ယုံကြည်၍နေသည် ။ ငါတိုက်ရင်  ဇင်းမယ်မြို့ မဆိုနဲ့  တရုတ်ဥတည်ဘွားပင် ခံနိုင်မည်လော ”
❤133👍88👏2
September 5, 2026 2K 11