ဒို့ဆီက ပြဿနာ ============= နိုင်ငံ​​ရေး မဟုတ်ဖူး ပွဲဆူနေတာ… — Ko Myo Win — TG.ME

ဒို့ဆီက ပြဿနာ
=============

               နိုင်ငံ​​ရေး မဟုတ်ဖူး ပွဲဆူနေတာ များနေလို့ စပ်စုကြည့်တာ.... ။ ကျနော်တို့ အသက်အရွယ်အရ မြန်မာ့ယဥ်ကျေးမှုကို ထိမ်းသိမ်းဖော်ဆောင်နေတဲ့ ဘယ်ဇာတ်မင်းသားပဲ ဖြစ်ဖြစ် လေးစားစွာ အားပေးပါတယ် ။ အခုတလော ဇာတ်လောကမှာ ပြဿနာလို့ ဆိုရမယ့် ပွဲဆူနေတဲ့ ကိစ္စက စမ်းရေမိုး ရဲ့ ဇာတ်ဆရာ အောင်ကျော်မိုးပဲ ။

          အောင်ကျော်မိုးက လူတော်တယောက်လို့ ဆိုနိုင်ပါတယ် ။ သူရဲ့ မူလ အဓိက အနုပညာအလုပ်က ပန်းချီဆရာပါ ။ အောင်မြင်သလား ဆိုရင် လွန်ခဲ့တဲ့ ၄ / ၅ နှစ်လောက်တုန်းက သူ့ရဲ့ ဘီလူးပုံ ပန်းချီကား တကားကို ဒေါ်လာ ၂၅၀၀ နဲ့ ရောင်းချခဲ့ရဖူးပါတယ်... တကားထဲ မဟုတ်ပါဘူး ၁၀ ကားခန့် ရှိပါ့မယ် ။

       နောက် ဆီလီကွန် ပုံတူတွေ ထုဆစ်ရာမှာလည်း သူက မြန်မာပြည်မှာ ပထမဆုံးပါပဲ ။ နတ်မောက်မှာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပက်လက်ကုလားထိုင်မှာ ထိုင်နေတဲ့ ပုံက သူ့လက်ရာလို့ ကြားဖူးပါတယ် ။

            Video ခေတ်တုန်းကလည်း ဇာတ်ရံ သဘော ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ် ။

           ဒါရိုက်တာမိုးမင်းရဲ့ '' ပတ္တမြားဒေဝီ စောမဲကြည် '' ဆိုတဲ့ ဇာတ်တော်ကြီးမှာ ရန်အောင် ၊ နေတိုး ၊ ရတနာမိုင် တို့နဲ့အတူ သရုပ်ဆောင်ဖူးပါတယ် ။ ဘီလူးအကကို ကျကျနန ကပြပြီး သရုပ်ဆောင်တာလည်း တွေ့ဖူးပါတယ် ။ နောက်ဆုံး စည်တိုတီးနေတာထိ တွေ့ဖူးပါတယ် ။ ပြောချင်တာက သူသည် စွယ်စုံ အနုပညာရှင်လို့ ဆိုနိုင်သူ တဦးပါပဲ ။

       ကဲ ကောင်းတဲ့ အချက်တွေ သိသလောက် ပြောပြီးပြီ ။ သူ့ကို လူတွေ သတိထားမိတာက ပရိပ်သတ် တယောက်ကို စင်ပေါ်ကနေ အဲဒီကောင်ကို တသောင်းပေးပြီး ပြန်လွှတ်လိုက် ဆိုတဲ့ ကိစ္စက စပြီး လူသိများလာတယ် ။

         စမ်းရေမိုးနဲ့ ပက်သက်လို့ ဇာတ်ထောင်ပြီး သူမြေတောင် ဘယ်လိုမြောက်ခဲ့ရကြောင်း အင်တာဗျူးတယ် ( တင်မောင်ဆန်းမင်းဝင်းက ပညာသင်ပေးတာ ၊ ဇာတ်ပစ္စည်း နဲ့ တကွ ဇာတ်သူဇာတ်သား အဖွဲ့လိုက်ကြီး အခမဲ့ ပေးလိုက်တာ သူမပြောဘူး 😂)

        မင်းသားက အရမ်းအောင်မြင်လာတော့ ပရိပ်သတ်တွေက ဆုချီးမြှင့် ဆယ်ဖီဆွဲကြတာပေါ့ အဲဒါကို စင်ပေါ်မှာ ဆယ်ဖီဆွဲဖို့ လုပ်နေတဲ့ အမျိုးသမီးပရိပ်သတ်တဦးကို သူကိုယ်တိုင် စင်ပေါ်က ဆွဲချပြီး နောက်လူလာဆိုကာ အရှက်ခွဲခဲ့တယ် ။

           စမ်းရေမိုး အိမ်တက်မှာ စတုဒီသာ ကျွေးတယ် ၊ စားသောက်နေဆဲကာလ ကုန်အောင်စားကြ တပွဲ ၂ ယောက် စားချင်စားကြ နဲ့ ဝင်ရောက် ဟန့်တားတယ် ( စည်းကမ်းရှိအောင် ဆိုပေမယ့် အလှူဒါနမှာ လာစားကြသူ ဆင်းရဲသားတွေ အတွက်တော့ ရှက်စရာပဲ... ဘယ်သူဌေးမှ ဘဲဥချက် တိုးဝှေ့မစားဘူး)

          အင်တာဗျူးတခုမှာ မင်းသားလေးပွဲချီများလို့ ပင်ပန်းပြီး ကျန်းမာရေးထိခိုက်မှာ စိုးရိမ်ရကြောင်း မေးတာကို အိမ်က လင်ကိုမစိုးရိမ်ဘူးလားလို့ အမြင်ကပ်ဖွယ် ပြောခဲ့တယ် ။

        သိန်းဇော် နဲ့ လူသိရှင်ကြား ပြဿနာဖြစ်တယ်...အဲဒီနောက် ( ကျော်ခမောင် ဆိုတဲ့ အကောင့်က သူ့ကို အမြဲ ဘလိန်းနေတဲ့ အကောင့်တဲ့ အဲဒါ သိန်းဇော် နဲ့ ပက်သက်တယ်ဆိုပြီး လိုင်းပေါ်တင် စွတ်စွဲလို့ သိန်းဇော်က ၆၆ ဃ နဲ့ တရားစွဲဖို့ လုပ်နေကြောင်း သတင်းထွက်နေတယ် အချို့က စွဲထားပြီလို့ ဆိုတယ်)

           ဇာတ်ပွဲ ကနေတုန်း အောက်ကနေ မီးထိုးသမားတွေကို အော်ကြီးဟစ်ကျယ်နဲ့ ထငေါက်တယ်.. စင်ပေါ်မှာ ကနေကြတဲ့ အဖွဲ့သားတွေရော.. ပရိပ်သတ်ရော အံ့အားသင့်ခဲ့ရတယ်.. အဲသလို ကပြနေချိန် ဝင်ပြီးဆရာလုပ်တဲ့သူ မမြင်ဖူးကြလို့ ။

          အခု နောက်ဆုံး ပွဲဆူတာက ဆင်းတုတော် ကိစ္စ ။ အမှန်က သူအပြောမှားသွားတာပါ ။ သူ့ဘက်က ဘာစိတ်ညာစိတ်ရှိလို့ ပြောတာ မဟုတ်မှန်း အစအဆုံးကြည့်ရင် သိသာတယ် ။ ဒါပေမယ့် ဖြတ်ညှပ်ကပ်နဲ့ သူ့ကို စောက်မြင်ကပ်တဲ့သူက တင်လိုက်တော့ ဝိုင်းဘလိန်းတော့တာပဲ ။ ရှင်းရမှာ ရိုးရိုးလေးရယ် ကျနော်အပြောလောကြီးပြီး မှားသွားလို့ပါ ဆိုပြီး ရှင်းလိုက်ရင် ပြီးပြီ ။ သူကိုက ပွဲရှာချင်လို့ တမင်လျှောက်ပြောနေသလား ယူဆရပါတယ် ။

       စမ်းရေမိုး နဲ့ ပက်သက်ပြီးမှ လူသိများလာတဲ့ အောင်ကျော်ထွန်းက စမ်းရေမိုးကို အလုံးစုံ ချုပ်ကိုင်ထားပါတယ်လို့ ပရိပ်သတ်တွေ ယူဆလာကြတယ် ။ မင်းသားရဲ့ အိမ်တက်ပွဲ ကုသိုလ်ရေး ၊ မွေးနေ့ပွဲ ကိတ်ခွဲတာကအစ ၊ ဆုချီးမြှင့် ဆယ်ဖီဆွဲတာ အဆုံး ဇာတ်ပွဲ ကနေတဲ့ စင်မြင့်အထိ မလိုအပ်ပဲ လူလုံးပြပြီး သြဇာအာဏာ  ထူထောင်နေတာ စမ်းရေမိုးသည် သူမရှိရင် မဖြစ် ဆိုတဲ့ အပေါက် လုပ်ပြနေတာလို့ ပြောဆိုယူဆ စရာဖြစ်နေပါတယ် ။

          သူ့အကြောင်း  အရေးကြီးတာ တခု ကျန်သေးတယ် ။ သူက မေ့မေ့သား ရဲရဲတောက် လက်သုံးချောင်းထောင် တော်လှန်ရေး လုပ်ခဲ့သူ ဗျ... အတော်များများလည်း သိပါတယ်လေ ။ သူရှိလို့ စမ်းရေမိုး ဖြစ်နေတာလား စမ်းရေမိုးကြောင့် သူလူသိများလာသလားဆိုတာ စိတ်ဝင်စားစရာပါပဲ ။ အကယ်၍ စာချုပ်သက်တမ်းကုန်တဲ့ အချိန် စမ်းရေမိုးက သူနဲ့ လက်မတွဲတော့ဘူးဆိုရင်...? စိတ်ဝင်စားစရာပဲ ဗျ.... ။
1👍279❤61😁2🖕2
September 6, 2026 2.2K 8 13