မိုးနဲစော်ဘွားလည်း ဆင်ကောင်းနှစ်စီး၊ မြင်းကောင်းနှစ်စီး၊ လက်ဆောင်တော်… — Ko Myo Win — TG.ME

         မိုးနဲစော်ဘွားလည်း ဆင်ကောင်းနှစ်စီး၊ မြင်းကောင်းနှစ်စီး၊ လက်ဆောင်တော် ယူခဲ့၍  ရောက်လာပါတယ် ။ မိုးနဲစော်ဘွားရောက်လာတာနဲ့ ဖမ်းချုပ်ထားပြီး ကျိုင်းတောင်းဆိပ်မှ မိုးနဲသို့ ချီတက်ကြပါတယ် ။ ရောက်ရောက်ခြင်းပဲ မိမိစစသည်တို့ကို ဘယ်သူ သတ်သလဲ အရင်ဆုံး စစ်ဆေးပါတော့တယ် ။

          တရားခံပေါ်တာနဲ့   ညောင်ရွှေစော်ဘွား၊ ရောက်စောက်စော်ဘွားတို့ကို သားမယားနှင့်တကွ ဖမ်းခဲ့ကြလို့ အိမ်ရှေ့မင်း ဆင်တပ်နှင့်တကွ  အင်းဝဘုရင် သတိုးမင်းစောတို့ ရှစ် တပ်ကို တာဝန်ပေးလိုက်ပါတယ် ။ မိမိစစ်သည်တို့ကို သတ်ဖြတ်ပစ်သော တရားခံများအား လက်စားချေရန် အမြန်ဆုံး ချီတက်ကြပါတယ် ။


               ညောင်ရွှေစော်ဘွား နဲ့ ရပ်စောက်စော်ဘွားတို့လည်း ဘုရင့်နောင်တပ်တွေ ချီလာပြီဟူ၍ ကြားလျှင် ...

“ဘဝရှင်မင်းတရားကြီးကို ကျွန်တော်တို့ မပုန်ကန်ပါ။ မိုးနဲစော်ဘွားသား ရဲမက်တော်တို့ကို သတ်ညှစ်၍ တံတားကို ဖျက်လေသည်”

               ဟူ၍ လက်ဆောင် ပဏ္ဏာကာရနှင့် ဆီး၍လျှောက်သည် ။

              အိမ်ရှေ့မင်း နဲ့  သတိုးမင်းစောတို့လည်း လက်ဆောင်ပေး လာဘ်ထိုးတာနဲ့ ပြန်မသွားရဲပါဘူး ။ ဘုရင့်နောင်က ဘယ်ရမလဲ ဒါကြောင့် ညောင်ရွှေ၊ ရပ်စောက်သို့ အရောက်ချီတက်ပြီး စော်ဘွားမြို့စားတို့ စ၍၊ သား၊ မယား၊ အမှူး၊ အမတ်၊ ဆင်ကောင်း၊ မြင်းကောင်းတို့ကို အကုန်ဖမ်းပြီး  မိုးနဲသို့ ခေါ်လာခဲ့ကြပါတယ် ။


                  ဘုရင့်နောင်ရှေ့ရောက်တာ နဲ့

“မိုးနဲစော်ဘွား၊ ညောင် ရွှေစော်ဘွားငယ် တို့သည် ငါ့နိုင်ငံတော်ဖြစ်သော သီပေါ-သုံးဆယ်တို့ကို ထိပါးသောကြောင့် ငါတိုက်ခိုက်ရန် လာရာတွင်လည်း မြို့တွင်းမျှ မရပ် မနေဝံ့၊ ပြေးပုန်း နေခဲ့ကြတယ် ။ လက်နက်ချလို့ စည်းစိမ်အသက် မပျက်စေပဲ ငါ သူကောင်းပြုတော်မူသည်။ ဒါကိုပဲ သစ္စာတော် မစောင့်ပဲ  ငါ့ ရဲမက်တော် တို့ကို သတ်ခဲ့ကြတယ် ။ သင်တို့ သေသင့်ပေမယ့် ဆရာတော်များက အသက်ချမ်းသာပေးဖို့ တောင်းပန်ကြလို့ အသက်ကို လွှတ်တော်မူမယ် သို့သော် ငါ့ရဲ့ စစ်သည်တွေကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ကြသော အစုအဖွဲ့ကိုမူကား ငါ ခွင့်မလွတ်ဖူး ၊ ငါ့ စစ်သည်တယောက်ခြင်းသည်ကား ငါ့ ပလ္လင်ရဲ့ ဒေါက်တိုင်များမို့ ငါ တန်ဖိုးထားရမည် သတ်ဖြတ်သူ အစုအဖွဲ့အား ယခု ချက်ခြင်း ကွပ်လေ  ”

             ဟု အမိန့်ချလိုက်ပါတော့တယ် ။  မိုးနဲစော်ဘွား၊ ညောင်ရွှေစော်ဘွား၊ ရပ်စောက် စော်ဘွား တို့ကို သား၊ မယား၊ ညီ၊ သမက်တို့နဲ့ အတူ ဖမ်းခေါ်လာပြီး အနားမှာ အကျယ်ချုပ်နေထိုင်ရန် စီမံပါတယ် ။  ဆင်ကောင်း၊ မြင်းကောင်း၊ သူရဲသူခက်ကောင်းတို့ကိုလည်း ရွေးချယ် စုဆောင်းပါတယ် ။

             မိုးနဲမြို့ကို စော်ဘွားကြီးသား သိုခဲအား အဆောင်အယောင်နှင့်တကွ ခန့်အပ်၏ ။  ညောင်ရွှေမြို့ကို စော်ဘွားခင်သား စမော်ခန်းအား အဆောင် အယောင်နှင့်တကွ  စော်ဘွားခန့်အပ်၏ ။

                 ဇင်းမယ်တိုက်ပွဲသို့ ပါလာသော မိုးဗြဲစား၊ စကား စား၊ နောင်မွန်စား၊ လဲချားစား၊ တီကျစ်စား၊ ကျိုင်းတောင်းစား၊ မိုင်းပံစား တို့ကို သစ္စာတော်ခံစေပြီးလျှင် ဆုလာဘ်ပေးတော်မူ၍၊ မိမိတို့ စားမြဲသော မြို့ပြကျေးရွာတို့ကိုပင် စားရသည်။ မိုင်းကိုင်စား မြို့ကို စော်ဘွားကြီးသား သိုခဲညီ၊ စမော် ခန်းကို ပေးတော်မူသည်။

              အခွန်အဖြစ် ရွှေခွန်၊ ငွေခွန်၊ ကတိုးခွန်၊ အောင်းခွန်၊ တစ်နှစ်ကို မည်မျှဆက်ဟု သတ်မှတ်သည် ၊၊ သိမ်းယူသမျှ ဆင်ကြီး၊ မြင်းကြီး၊ သား၊ သမီးတို့ကို ခေါ်ယူကာ အင်းဝသို့ ပြန်လာပါတယ် ။  တီကျစ်သို့ရောက်လျှင် မတိုက်ပဲ ချန်ထားခဲ့သော သိန္နီစော်ဘွားလည်း တရုတ်ပုဆိုး၊ ကတိုး၊ အောင်း၊ တင်ရန်း၊ မြင်းကောင်းတစ်ဆယ်၊ ဆင်ပေါက်နှစ်စီး၊ လက်ဆောင်တော်ယူ၍ ခိုလှုံလာပါတယ် ။

         ဘုရင့်နောင်လည်း တဲနန်းသို့ခေါ်၍ သာယာစွာ ပြောဆိုပြီးလျှင် ကွမ်းခွက်၊ လက်ဖက်အိုး၊ တကောင်းဖုံး၊ ပတ္တမြားစီ ရွှေထွေးအင် ပေးတော်မူသည် ။  သိန္နီပိုင်နက် အစွန်အဖျား ကျေးရွာကို မိုးနဲစော်ဘွား  သိမ်းယူခဲ့သည်များကိုလည်း စစ်ကြော၍ ပြန်ပေးပါတယ် ။ ထို့နောက် တီကျစ်ကသည်၊ အင်းဝသို့ ပြန်ခဲ့ရာ သက္ကရာဇ် ၉၂ဝ ခု၊ ဝါခေါင်လဆန်း တစ်ဆယ့်နှစ်ရက် မှာ  ရောက်ပါတယ် ။

               အင်းဝတောင်ဘက်ရှိ တောင်ပလူနန်းတော်တွင် တစ်နှစ်ခန့်နေပါတယ် ။ စစ်ကိုင်း၊ ပင်းယ၊ အင်းဝတွင်ရှိသော ဘုရား ပုထိုးများကို ရှမ်းတို့ဖျက်ဆီး၍ ပြိုပျက်လေသည်ကို လုပ်စေ၍ ထီးတင်တော်မူသည် ။

-  ပုညရှင်ဘုရားတွင် ရွှေဇရပ် ဆောက်တော်မူ၍ ခဲမဖြူအုတ်ကြွပ် မိုးတော်မူသည် ။

-  စစ်ကိုင်းအရပ်၌ ဆရာတော် (တိသာသနဓဇ)အားလည်း ရွှေကျောင်းဆောင်ဆောက်၍ လှူတော်မူသည် ။ ပိဋကတ်သုံးပုံ အဋ္ဌကထာ၊ ဋီကာနှင့်တကွ ဆရာတော်ကိုအပ်၍ ကြည့်ရှုသင်ကြား ပို့သတော်မူစေသည်။ ပင်းယမြောက် ဇေသဟန်” ဘုရားရှင်တွင်လည်း (ရှင်သဒ္ဓမ္မဒိဝါကရ)အား ရွှေကျောင်း ရွှေရံနှင့်တကွ လှူတော် မူသည် ။ (မဟာသာမိဓမ္မတေဇ) ဟူသော တံဆိပ်ကိုလည်း အပ်တော်မူသည် ။
1👍172❤58
September 6, 2026 3.3K 3 12