မိုးကောင်း ၊ မိုးညှင်းစော်ဘွားတို့လည်း ဘုရင့်နောင် စစ်ကြောင်း လာနေပြီလို့ ကြားတာနဲ့ မိုးညှင်းမြို့တွင် မခံဝံ့၍ တိုက်စစ်ဆင်ရန် ခက်ခဲသော မိုးညှင်း မြောက်ဖက် ပတ်ပူဟူသော တောတွင် ဆင်လုံး၊ မြင်းရင်းနှင့် တပ်ခိုင်တပ်လုံတည်၍ ခုခံဖို့ လုပ်ထားပါတယ် ။
ရှေ့ကစစ်ကြောင်း ၃ ကြောင်းမှ ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ အိမ်ရှေ့မင်း ၊ ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ ၊ သတိုးမင်းစောတို့လည်း စော်ဘွားတွေ မိုးညှင်းမြောက် နွယ်ပတ်ပူ တောတွင် ခံစစ်ပြင်စောင့်နေတယ်ဆိုတဲ့ သတင်းရလျှင် ရခြင်း အကြောက်အရွံ့မရှိ ကိုယ့်စစ်ကြောင်း အရင်တိုက်ရရေးအတွက် အားသွန်ခွန်စိုက် ဒရကြမ်း ချီတက်ကြပါတော့တယ် ။
အင်းဝဘုရင် သတိုးမင်းစောရဲ့ လက်ဝဲစစ်ကြောင်းက ဦးဆုံးရောက်ပါတယ် ။ စစ်ရည်ဝနေတဲ့ သတိုးမင်းစောက စော်ဘွား ၂ ဦးရဲ့ ခံစစ်ကို အကဲခတ်ပြီး ငါ့တပ်က အနိုင်မယ်လို့ ဆုံးဖြတ်ကာ ကျန် စစ်ကြောင်း ၂ ခုကို မစောင့်ပဲ ဝင်တိုက်ပါတော့တယ် ။ သတိုးမင်းစောက ဆင်ဦးကင်းကနေ ရှေ့ဆုံးမှ ရဲဝင့်စွာ ဝင်တိုက်လေရာ ကျန် ဆင်စီး အမတ်များလည်း ဆင်အုပ်လိုက် ဝင်တိုက်ကြပါတော့တယ် ။
ရွပ်ရွပ်ချွံချွံ အဆီးအတားမရှိ ရက်ရက်စက်စက် အုန်းကနဲ ဝင်တိုက်ကြလေရာ မူလကတည်းက ကြောက်ခံ ခံနေရပြီး ပြေးပေါက်ရှာထားကြတဲ့ စော်ဘွားတပ်တွေဟာ ဒီလှိုင်းအောက်က သဲအိမ်တွေလို ချက်ခြင်းပြိုဆင်းသွားကြပါတယ် ။ ရှမ်းတွေ သေကြေ ထွက်ပြေးပြီးချိန်မှသာ အိမ်ရှေ့မင်းရဲ့ စစ်ကြောင်းရောက်လာပါတော့တယ် ။ အိမ်ရှေ့က ကျန်ကောက်အဖြစ် ဆင်မြင်းသုံ့ပန်း တို့ကိုပဲ ဖမ်းဆီးရပါတော့တယ် ။
ဘုရင့်နောင်ရဲ့ ပင်မတပ်ဟာ တောင်တန်းများကိုကျော်၍ ချီတက်ပါတယ် ။ မိုင်းနောင်နားမှာ တပ်ချ၍ နားနေစဥ် ညီတော် သားတော်တို့တိုက်၍ စော်ဘွားနှစ်ဦး တပ်ပျက်ကြောင်း သတင်းကောင်းကြားလိုက်ရပါပြီ ။ စစ်ဘုရင်ပီပီ စော်ဘွားတို့ ပြေးလမ်းကို တွက်ဆ၍ မိမိတပ်အား ပိတ်ဆို့ ကြားဖြတ်တိုက်စေပါတယ် ။ ခန့်မှန်းတွက်ဆမှု မှန်ကန်သောကြောင့် ဆင်မြင်း လူသူအများ ထပ်မံရရှိပြန်ပါတယ် ။
ရှေ့က စစ်ကြောင်း ၃ ကြောင်းမှ ဖမ်းမိတဲ့ ဆင်မြင်း လူသူတို့ကို ဆက်သရင်း အိမ်ရှေ့စံက.....
" မိုးကောင်း စော်ဘွား၊ မိုးညှင်း စော်ဘွားတို့ကို သူတို့ရဲ့ဘိုးဘေးများက တရုတ်ဥတည်ဘွားကိုတောင် တစ်ဆယ့်နှစ်နှစ်တိုင် စစ်ပြု၍ ထိုးဖူးသည် ကြားသောကြောင့် ကျွန်တော်တို့ ရောက်လျှင် ဆင်စီးချင်း၊ မြင်းစီးချင်း ရဲရဲရင့်ရင့်တိုက် ရလိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ် ။ ဒါပေမယ့် မတိုက်ရပဲ တော ထူထပ်ရာ ထွက်ပြေးပုန်းအောင်းကြလို့ အားပါးတရ မတိုက်ခဲ့ပါဘူး ''
ဟု လျှောက်တင်ရာ ဘုရင့်နောင်က.....
“ငါသို့သော မင်းဧကရာဇ် ချီတော်မူသည်ကို စော်ဘွားတို့ မျက်နှာချင်းဆိုင် မတိုက်ရဲဘူးလို့ ပြောခဲ့တယ်လေ ..ကဲ အခု သူတို့ပြေးပြီ.. ပြေးကြပါစေ ငါ့ရန်သူကို ဘယ်သူလက်ခံဝံ့မလဲ ကြည့်ရမယ် ငရဲမင်းလက်ခံရင် ငရဲပြည်ပါ တိုက်ပစ်ကြရမယ် ၊ ကဲ မမွေးကောင်းတဲ့ ရန်သူကို အမြစ်ဖြတ်ရှင်းဖို့ မောင်မင်းတို့ စစ်ကြောင်း မွှေနှောက် ရှာဖွေသုတ်သင်ကြစမ်း ''
ဆိုပြီး အမိန့်ပေးလိုက်ပါတယ် ။ ဒါကြောင့် အိမ်ရှေ့မင်း ၊ ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ နဲ့ အင်းဝဘုရင် သတိုးမင်းစောလည်း စော်ဘွားတို့ ပြေးလေရာ သို့ သုံးကြောင်းခွဲ၍ ဒရကြမ်းလိုက်ကြရပါတယ် ။ ဆင်ခြေ အလိုမရှိသူ ၊ ရလာဒ်ကိုသာ တစိုက်မတ်မတ်ကြည့်ရှု အကဲဖြတ်သူ ဘုရင့်နောင်အကြောင်း ကောင်းစွာသိကြသူများမို့ အပါးမခိုဝံ့ပဲ မြေပြင်ပြည့်မျှ အားကုန်ထုတ် လိုက်ကြရပါပြီ ။ ဘုရင့်နောင်က ခိုင်းပြီး ငုတ်တုပ်ထိုင်နေတာ မဟုတ်ပါဘူး သူ့ တပ်မကြီးက ဖြည်းဖြည်းချင်း နောက်က လိုက်ကြည့်နေတာပါ ။
ဒီအခါ မိုးကောင်းစော်ဘွားကို အမတ်တို့က.....
“ယခု ဘုရင့်နောင် စစ်ကြောင်းက ဆင် မြင်း ဗိုလ်ပါ လက်နက် များလှသည် ။ ဘုရင့်နောင်၏ ညီတော်၊ သားတော်၊ သမက်တော်၊ မှူးတော်၊ မတ်တော် အပေါင်းတို့သည်လည်း အသက်ကိုစွန့်၍ အမှုထမ်းသူချည်းဖြစ်သည်။ ဆီးကြို၍ ခံသော်လည်း ခံနိုင်မည်မဟုတ် ။ မခံနိုင်၍ ပြေးပုန်း ရှောင်လွှဲသော်လည်း ဒီပုံစံဆို မလွတ်နိုင်တော့ဘူး ။ ဒါကြောင့် မိုးညှင်းစော်ဘွားကို သားမယားနှင့် တကွ ဖဖမ်း၍ လက်ဆောင်တော်ဆက်ရမှ စည်းစိမ်မပျက် အသက်မသေ ရှိမည်ထင်သည်”
ဟု အကြံပြုကြပါတယ် ။ မိုးကောင်းစော်ဘွားလည်း သဘောတူပြီး မိုးညှင်းစော်ဘွားမှစ၍ သား၊ မယား၊ ဆင်၊ မြင်း၊ ဗိုလ်ပါတို့ကို အလစ်အငိုက် ရုတ်ချည်း ဖမ်း၍ ဘုရင့်နောင်ထံ ဆက်လာပါတော့တယ် ။ ဆက်သရင်း သူတို့ အပြစ်လွတ်အောင် လျှောက်တင်ပုံက.....
“ဘဝရှင်မင်းတရားကြီးဘုရား ချီတော်မူလာ၍၊ မိုးမိတ်ကို လုပ်ကြံကတည်းကပင် သစ္စာတော်ကိုခံ၍ အမှုတော်ကို ထမ်းရမှသင့်မည်ဟု အကြံပေးသော်လည်း မိုးညှင်းစော်ဘွားသည် သူ့ ကျွန်ခံစရာမလို လာလျှင်လည်း ဆီး၍တိုက်မည် ဆိုသောကြောင့် ကျွန်တော်တို့ ပျက်စီးခြင်းသို့ ရောက်ချေသည် ၊ ယခု သစ္စာတော်ကိုခံ၍ အမှုတော်ကို ထမ်းပါ မည်”
ဆိုပြီး အညံ့ခံ လျှောက်တင်ကြပါတယ် ။ ထိုအခါ ဘုရင့်နောင်က အဖမ်းခံထားရသော မိုးညှင်းစော်ဘွားကို ကြည့်ရှုပြီး ........
ကိုရွှေမျိုးဝင်း
417
124
6
1September 3, 2026 5.3K 12 14