သက်တော်ရှည်ကို ငစဥ့်ကူးမြို့စား ရာထူးပေးပြီး လှေတပ်ကို အင်းဝသို့… — Ko Myo Win — TG.ME

         သက်တော်ရှည်ကို ငစဥ့်ကူးမြို့စား ရာထူးပေးပြီး လှေတပ်ကို အင်းဝသို့ ပြန်စေပါတယ် ။ ထိုအချိန်တွင် အင်းဝသို့ စစ်ကူလာသော မိုးကောင်း ၊ မိုးညှင်း ၊ ကလေး စော်ဘွားတွေဟာ သူတို့မရောက်မှီ အင်းဝ အလျှင်အမြန် ကျဆုံးသွားသောကြောင့် သာဝတ္ထိမြို့အရောက် စုပေါင်းပြီး တပ်ချထားလိုက်ရပါတယ် ။ ဘုရင့်နောင်က ထိုသတင်းကြားသိရာ အစည်းအဝေးပြုလုပ်ပါတယ် ။

              " စော်ဘွား ၃ ဦးက ယခု သာဝတ္ထိမှာ တပ်ချထားကြတယ် အဲဒါလည်း အမြန်တိုက်ရမယ် ရန်သူကို အားမွေးဖို့ အချိန်မပေးစကောင်း...ဒီတော့ ဒီပွဲကို မင်းတို့ချည်း သွားတိုက်ကြမလား.. ငါ ကိုယ်တိုင် ဦးဆောင်တိုက်ရမလား အကြံပေးကြပေတော့ ''

       ဤတွင် ပုသိမ်စား ဗညားလောက ....

" ယခု သာဝတ္ထိအရေးသည်ကား အမြန်တိုက်ရမည့် အရေးကိစ္စဖြစ်ပါတယ် ၊ မိုးလေ ကျတော့မည်ဖြစ်၍ အရှင်မင်းကြီး ကိုယ်တိုင်ဦးစီးမှ အမြန်ဆုံး နိုင်ပွဲရပါလိမ့်မယ် လှေတပ်ကို စံမ္ပာယ်နဂို ကြံညှပ် အရပ်ထိ တပ်စွဲထားပါက ရှမ်းတို့ စစ်မျက်နှာ ပိတ်ဆို့ပြီး ဖြစ်ပါလိမ့်မယ် ''

          ထိုအခါ သတိုးဓမ္မရာဇာက...

" ဒီ အကြံကောင်းပါတယ် ဘုရင်ကိုယ်တိုင်ချီတက်ပါက ရှမ်းတို့ ကြောက်ရွံ့ပြီး အမြန်ဆုတ်ခွာကြပါလိမ့်မယ် ၊ ရေတပ်ကလည်း စမ္ပာယ်နဂို ကြံညှပ် အရပ်မှာ နေသာလျှင် တပ်ချထားပြီး မနေသာပါက ရေမှ တက်၍ ကြည်းတပ်နဲ့ ပူးပေါင်းလို့ ရပါတယ် ''

              အကြံတွေကို ဘုရင့်နောင်လည်း သဘောကျတော်မူသောကြောင့် တပ်အားလုံးကို အင်းဝမှ စစ်ကိုင်းသို့ ကူးစေပါတယ် ။ ထို့နောက် စစ်ကြောင်း ၃ ကြောင်း ခွဲပါတယ် ။

- တောင်ငူမင်းခေါင်ရဲ့ မြင်းတပ် ၂ တပ်အပါ တပ်ပေါင်း ၇ တပ်က အနောက်ဘက် စစ်ကြောင်း....

- အင်းဝဘုရင်သစ် သတိုးမင်းစော ရဲ့ မြင်းတပ် ၂ တပ်အပါ တပ်ပေါင်း ၇ တပ်က အရှေ့ဘက်စစ်ကြောင်း...

- ဘုရင့်နောင်ရဲ့ မြင်းတပ် ၄ တပ်အပါ တပ်ပေါင်း ၁၁ တပ်က အလယ်စစ်ကြောင်း ချီတက်ကြရပါတယ် ။

           ရေတပ် နဲ့ ပင်မတပ်ကြီးက သက္ကရာဇ် ၉၁၆ တပေါင်းလဆန်း ၉ ရက် စနေနေ့မှာ  စတင်ချီတက်ကြပါတယ် ။ စာရေး ၊ မြင်းကန် ၊ အင်းပဲ ၊ ဟန်လင်း သို့ အသီးသီးစခန်းချ ချီတက်ကြပါတယ် ။ သာဝတ္ထိနဲ့ တညအိပ်ခရီး ( ၁၂ မိုင် ခန့်) ရောက်တော့ လက်ဝဲရဲတိုင်တို့ရဲ့ မြင်း ၄၀၀၀ နဲ့ စစ်ခြေစမ်းပွဲ ပြုလုပ်ကြပါတယ် ။ စော်ဘွား ၃ ဦးလည်း မြင်း ၄၀၀၀ နဲ့ ဆီးကြိုတိုက်ခိုက်ပါတယ် ။

           လက်ဝဲရဲတိုင်တို့ရဲ့ စစ်မြင်းတွေနဲ့ မြင်းစီးသူရဲကောင်း အများစုဟာ တပင်ရွှေထီးလက်ထက်ကတည်းက ဖွဲ့စည်းခဲ့တဲ့ လက်မ အပ်စိုက် ရွှေခွက်ဆွဲ သူရဲကောင်းတွေ နဲ့ ဦးဆောင်လာတဲ့ ဝါရင့်မြင်းတပ်ဖြစ်ပါတယ် ။ ရှမ်းတပ်တွေကို မြင်တာနဲ့ မြင်း ၄၀၀၀ ကို ၃ စုခွဲပြီး ရှမ်းတပ်အား တရကြမ်း ဝင်တိုက်ကြပါတော့တယ် ။

          ရှမ်းတပ်တွေက ဝက်ခေါင်းထိုး ပြေးဝင်လာတဲ့ ခွာသံပြင်းပြင်း နဲ့ ကြောက်မက်ဖွယ် ကြွေးကြော်သံများ ဖွေးဖွေးလက်နေတဲ့ ငှက်ကြီးတောင် ခုတ်ချက်များကြောင့် စစ်ဝမ်းဖောက်ခံရပြီး ချက်ခြင်းပြိုကွဲကာ တပ်ပျက်သွားပါတော့တယ် ။ မြင်းတပ်နောက်က ပါလာတဲ့ ဆင်စီး အမတ်တွေလည်း ကောင်းစွာ မတိုက်ရပဲ စုပြုံပစ်ခတ်လိုက်တဲ့ လှံလျှင်တွေကြောင့် ဆင်များတန့်မနေရဲပဲ လှည့်ပြေးကြရပါတယ် ။ ဆင် ၅ စင်း နဲ့ မြင်း ၁၀၀ ၊ လူ ၃၀၀ ကျော် လက်ရဖမ်းဆီး နိုင်ခဲ့ပါတယ် ။

            မြင်းတပ် ပျက်သွားတာနဲ့ စော်ဘွား ၃ ဦးလည်း သာဝတ္ထိမှာ မနေရဲတော့ပါဘူး မြို့ကို ဘုရင့်နောင်တို့  မဝိုင်းနိုင်ခင် လျှင်မြန်စွာ မြို့ပြင်ထွက် ဆုတ်ခွာပြေးကြပါတော့တယ် ။ ဘုရင့်နောင်ရဲ့ ပင်မတပ်အပြင် အရှေ့ဘက် အနောက်ဘက် စစ်ကြောင်း ပူးပေါင်းမိပြီး စော်ဘွားများနောက် အပြင်းအထန်လိုက်ကြပါတယ် ။ ဘယ်လိုမှ မမှိလိုက်တဲ့ အတွက် ဖမ်းဆီးမိတဲ့ ဆင်မြင်းလက်နက် သုံ့လူတွေကို လက်ခံရင်း သာဝတ္ထိမှာ စခန်းချကြပါတယ် ။

          ထိုအချိန်မှာပဲ မိုးညှင်းစော်ဘွားထံ ထွက်ပြေးခဲ့တဲ့ ပုခန်းမြို့စား ၊ မိုးညှင်းစော်ဘွား ယောက္ဖ ဒီပဲယင်းစားတို့က ဆင် မြင်း သား သမီးတို့ကို ဆက်သ၍ အညံ့ခံပါတယ် ။ စော်ဘွား ၃ ဦးကတော့ မြေဒူးမြို့ထိ ထွက်ပြေးကာ ခံတပ်ပြင် အခြေပြုလိုက်ကြပါတယ် ။ မိုးညှင်းစော်ဘွားရဲ့ တူတော် ဝန်းသိုစော်ဘွားက တဆည်ရွာမှာ ခံတပ်ပြင် တပ်ချထားပါတယ် ။ ဘုရင့်နောင်က ချက်ခြင်းပင် မြေဒူးသို့ ချီတက်ပါတယ် ။

          အင်းပတ်အရပ်ရောက်လာပြီးချိန်မှာ ဝန်းသိုစော်ဘွားရဲ့ တဆည်ကို တိုက်ဖို့ ညီတော်သတိုးမင်းစောကို တာဝန်ပေးပါတယ် ။ ဘုရင့်နောင်ရဲ့ ညီတော်ပီသတဲ့ သတိုးမင်းစောကလည်း တဆည်ခံတပ်အား တမဟုတ်ချင်း စီးနင်းတိုက်ခိုက်ပါတော့တယ် ။ အလွန်ရဲတင်းစွာ ဝင်ရောက်တိုက်ခိုက်လာကြတဲ့ ဟံသာဝတီတပ်ရဲ့ ထိုးစစ်ကို တဆည်ခံတပ် ဘယ်လိုမှ တောင့်မခံနိုင်တော့ပဲ တခဏတွင်းမှာပဲ မြေဒူးသို့ ပြန်ပြေးကြရပါတယ် ။

              အဲဒီ အချိန်မှာပဲ တောင်ငူမင်းခေါင်ရဲ့ တပ် ၇ တပ်လည်း ရောက်ရှိလာပြီး ညီအကို ၂ ယောက်ပေါင်း တပ် ၁၄ တပ် ရှိသွားပါတယ် ။ ဒီတော့ အဲဒီ ၁၄ တပ်နဲ့ပဲ မြေဒူးရှိ စော်ဘွား ၃ ဦးကို တိုက်ခိုက်ကြပါတယ် ။ တကယ့်ကို သရဲမရဲစီးပြီး တိုက်ခိုက်ကြရာ စော်ဘွားတို့လည်း နောက်ချန်တပ် အနည်းငယ်နဲ့ ခုခံစေပြီး မြို့တွင်းက ထွက်ပြေးကြပါတယ် ။
❤207👍157👏6🖕1
August 29, 2026 6.4K 1 14