ပခုက္ကူ အထည်စက်ရုံ ဝန်ထမ်းလစာ သိန်း ၁,၄၀၀ ကျော် လုယက်ခံရ၊ ကားနှင့် ဝန်ထမ်းများကို ပြန်လွှတ်ပေးခဲ့
30 Aug 2026 By ကိုထားဝယ် / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့ အရှေ့မြောက်ဘက်ရှိ အမှတ် (၅) အထည်စက်ရုံ ဝန်ထမ်းများအတွက် လစာငွေကျပ် သိန်း ၁,၄၀၀ ထက်မနည်း သယ်ဆောင်လာသည့် ယာဉ်ကို လက်နက်ကိုင် အဖွဲ့တစ်ခုက လုယက်သွားသည့် ဖြစ်စဉ်တစ်ခု ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်သိရှိထားသည့်သတင်းရင်းမြစ်များက ပြောသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၈ ရက် နံနက် ၁၀ နာရီခွဲခန့်က အမှတ် (၅) အထည်စက်ရုံမှ လက်ထောက် စက်ရုံမှူး ဦးအောင်ထိုက်၊ စာရင်းကိုင် ဦးအောင်သူနှင့် ဒေါ်မြင့်မြင့်သိန်းတို့သည် သီးသန့် မော်တော်ယာဉ်ဖြင့် ပခုက္ကူမြို့နယ် စီးပွားရေးဘဏ်ခွဲမှ ဝန်ထမ်းလစာငွေကျပ် သိန်း ၁,၄၁၀ အား ထုတ်ယူ၍ စက်ရုံသို့ ပြန်လည် ထွက်ခွာလာစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ယာဉ်သည် စက်ရုံရှေ့သို့ အရောက်တွင် လက်နက်ရှည် ၂ လက် ကိုင်ဆောင်ထားသည့် မသိရှိရသေးသော အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ယာဉ်နှင့် ဝန်ထမ်းများကို တားဆီးကာ ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။
ထို့နောက် စက်ရုံ၏ အနောက်မြောက်ဘက် မီတာ ၆၇၀ ခန့်အကွာတွင် စောင့်ဆိုင်းနေသည့် အင်အား ၈ ဦးခန့် ပါဝင်သော အဖွဲ့နှင့် တွေ့ဆုံကာ ယာဉ်နှင့် ဝန်ထမ်း ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး လစာငွေများအားလုံးကို ယူဆောင်၍ စို့တွင်းကျေးရွာ အရှေ့ဘက် လမ်းကြောင်းအတိုင်း ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ် ဖြစ်ပွားပြီးနောက် နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကော်မရှင်လက်အောက်ခံ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဗျူဟာအခြေပြု တပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာ နယ်မြေသို့ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြစ်မှု ကျူးလွန်သူများကို စုံစမ်း ဖော်ထုတ်နိုင်ရေး နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ ယခုအထိ မသိရှိရသေးဘဲ အာဏာသိမ်းစစ်အုပ်စုနှင့် တော်လှန်ရေးတပ်များကြား ပခုက္ကူမြို့ခံများ ကြားညှပ်ဒဏ်ခံနေရသည်ဟု မြို့ခံသတင်းရင်းမြစ်များက ဆိုသည်။
“ပြောရရင်ဟိုဘက်ဒီဘက်ကြားညပ်နေတာ” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက MPA သို့ ပြောသည်။
ပခုက္ကူမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် နောက်ပိုင်းမှစ၍ ခိုးဆိုးလုယက်မှု၊ ပြန်ပေးဆွဲမှုနှင့် အနုကြမ်းစီးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး တရားခံ အများစု ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
“ပခုက္ကူမှာ ခိုးဆိုးလုယက်မှုတွေက နေ့စဉ်လိုလို ဖြစ်နေတယ်။ လူစည်ကားတဲ့ နေရာတွေနဲ့ စခန်းအနီးအနားမှာတင် လက်နက်ရှည်တွေ ကိုင်ဆောင်ထားသူတွေက ကျူးလွန်နေတာမျိုးတွေ တွေ့ရတော့ ပြည်သူတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြရတယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
နယ်မြေ မတည်ငြိမ်မှုများနှင့် မှုခင်းများ ဆက်တိုက် ဖြစ်ပွားနေသည့်အတွက် ဒေသခံ လူငယ်လူရွယ် အများစုမှာ နည်းလမ်းမျိုးစုံဖြင့် ပြည်ပသို့ ထွက်ခွာရန် ကြိုးပမ်းနေကြပြီး ငွေကြေးတတ်နိုင်သည့် မိသားစုများမှာလည်း အခြား ဘေးကင်းရာ မြို့ကြီးများသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - လူမှုကွန်ရက်
#ပခုက္ကူမြို့ #လုယက်ခံရ #MPA
#MRSN
Aug 31, 11:03AM
သတင်းပို့ရန်@MagwayScoutBot