သီးကုန်းရောက်နေသည့် စစ်ကြောင်း ရွာအတွင်းမှာ ဆက်ရှိနေ၊ မင်းလယ်နှင့်… — Magway Scout Network — TG.ME

သီးကုန်းရောက်နေသည့် စစ်ကြောင်း ရွာအတွင်းမှာ ဆက်ရှိနေ၊ မင်းလယ်နှင့် ရင်းခေါ်ရွာတွေကို စစ်အုပ်စုတပ်ဖွဲ့များထပ်မံရောက်ရှိလာ

ဖမ်းဆီးခံပြည်သူများ လွတ်မြောက်လာခြင်းမရှိသေး

စက်တင်ဘာ ၂၊၂၀၂၆၊ ဆော

ယောဒေသ ဆောမြို့နယ် သီးကုန်းရွာတွင် ရောက်ရှိနေသည့် စစ်အုပ်စုစစ်ကြောင်းသည် ၃ ရက်မြောက်နေ့အဖြစ် ရွာအတွင်းမှာ ဆက်လက်တပ်စွဲနေလျက်ရှိနေကြောင်းသိရသည်။

ယခင် သြဂုတ်လ ၃၀ ရက်နေ့ နေ့လည်ပိုင်းကနေ သီးကုန်းရွာအတွင်း အင်အား ၁၂၀ ခန့်ဖြင့် ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဒေသခံအရပ်သားပြည်သူ ၂၀ ကျော်ကိုပါ ဓားစာခံအဖြစ်ဖမ်းဆီးထားခဲ့တာလည်းဖြစ်သည်။ထိုဖမ်းဆီးခံ အရပ်သားပြည်သူများသည် ယခုအချိန်ထိ မည်သူတစ်ဦးတသ်ယောက်မျှ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

"ဖမ်းမိတဲ့ပြည်သူတွေ တစ်ယောက်မှ ပြန်လွတ်လာတာမရှိသေးဘူး၊ ခုမနက်ပိုင်းကလဲ ဆောမြို့ပေါ်မှာ စစ်သားတွေအများကြီး မြင်တွေ့လိုက်ရတယ်၊ ရင်းခေါ်နဲ့ မင်းလယ်ရွာတွေဖက်ကို ထပ်လွှတ်တယ်လို့ သိရတယ်၊ တရွာကို အင်အားဘယ်လောက်ပို့တယ်ဆိုတာတော့ မသိရဘူး" ဟု ဒေသတွင်းသတင်းရင်းမြစ်မှ ယောအလင်းတန်းကိုပြောသည်။

ယနေ့နံနက်ပိုင်းတွင် ဆောမြို့ပေါ်ရှိ စစ်အုပ်စုတပ်သားများသည် မြို့အတွင်းသွားလာလှုပ်ရှားမှုများပြုလုပ်နေသည်ကိုတွေ့မြင်ကြရပြီး မြို့မြောက်အရပ်ရှိ ရင်းခေါ်ရွာနှင့် မင်းလယ်ကျေးရွာတို့ကို ထပ်မံစေလွှတ်ထားကြောင်း သိရသည်။

အဆိုပါ ကျေးရွာ ၂ ရွာသို့ စစ်အုပ်စုတပ်သားများ ထပ်မံစေလွှတ်ပို့ဆောင်ထားခြင်းအားဖြင့် ဆော-ရင်းခေါ်-မင်းလယ်-သီးကုန်း လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ရေးဆောင်ရွက်နေတာဖြစ်ပြီး သီးကုန်းတွင် ရောက်ရှိနေသည့် စစ်ကြောင်းသည် ထိုရွာမှာ အထိုင်ချတပ်စွဲနေထိုင်နိုင်သည့် အ​ခြေအနေရှိနေကြောင်း သတင်းရင်းမြစ်က ခန့်မှန်းပြောဆိုသည်။

" ရင်းခေါ်ကိုက စစ်သားတွေထပ်ရောက်လာတာပါ၊ အရင်က ရဲ တွေ နေ တာပါ၊ ရင်းခေါ်ကို ထပ်ရောက်လာတာကက ဒရုန်းအဖွဲ့ လဲပါတယ် " ဟု သတင်းရင်းမြစ်က ပြောသည်။

ရင်းခေါ်ရွာတွင် အရင်က ရဲတပ်သားများ အများစုနေထိုင်​နေတာဖြစ့်ပြီး ယ​နေ့ပို့ဆောင်သည့်အဖွဲ့တွင် စစ်အုပ်စု၏ ဒရုန်းတပ်ဖွဲ့ ပါရှိပြီး ထိုမှတဆင့် သီးကုန်းရွာအထိ ဆက်လက် ခရီးဆက်ရမည်ဖြစ်ကြောင်း သိရသည်။

ဆော- သီးကုန်း-လောင်းရှည် လမ်းပိုင်းတွင် လတ်တလောအခြေအနေအရ စစ်အုပ်စုနှင့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များကြား ဆက်လက်စစ်ရေးတင်းမာပြီး ဒေသခံပြည်သူများအနေဖြင့် အနေထိုင်အသွားလာများကို ကြိုတင်သတိထားပေးကြရန် လိုအပ်ကြောင်း သတင်းရင်းမြစ်ကပြောသည်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Sep 2 , 5:11PM
သတင်းပို့ရန်@MagwayScoutBot
September 2, 2026 1K 1