တပင်ရွှေထီး နဲ့ ဘုရင့်နောင် (48) ========================= " ကဲ… — Ko Myo Win — TG.ME

တပင်ရွှေထီး နဲ့ ဘုရင့်နောင် (48)
=========================

 
" ကဲ ငါတို့ရဲ့ ရည်မှန်းချက် ပထမအဆင့်တော့ အောင်မြင်ပေပြီ အခု ငါတို့တပ်တွေ ရှေ့တိုးပြီး မိုးကောင်း ၊ မိုးညှင်း ဆီကို တိုးကြမလား... နောက်ပြန်ပြီး မိုးနဲ ၊ ညောင်ရွှေကို သိမ်းမလား ဆွေးနွေးကြပါ ''

         ဘုရင့်နောင်က အဆိုပြုဆွေးနွေးပြီး အကြံတောင်းရာ အိမ်ရှေ့မင်းက.....

" မိုးကောင်း မိုးညှင်းဆိုတဲ့ ရှမ်းမြောက်ဒေသက ဗမာပြည်မကို မွှေနှောက် ဒုက္ခပေးခဲ့ဖူးတာ အကြိမ်ကြိမ်ဖြစ်ပါတယ် ၊ အင်းဝရွှေနန်းတော်ကိုပင် သိုဟန်ဘွား စိုးစံသွားဘူးပါတယ် ၊ သိုချည်ဘွား သိုငံဘွားတို့ လက်ထက်တုန်းကလည်း တရုတ်ဘုရင် ဥတည်ဘွားကိုတောင် ၁၂ နှစ်တိုင် စစ်ပြိုင်ခဲ့ကြပါသေးတယ်... ဒါ့ကြောင့် ရှမ်းမြောက်ကို အလျှင်အမြန် သိမ်းယူရပါ့မယ် မိုးကောင်း မိုးညှင့်ရပြီးရင် မိုးနဲ ၊ ညောင်ရွှေ ဆိုတဲ့ ရှမ်းတောင်ဆိုတာ လက်ထဲက ပြေးမလွတ်နိုင်ပါဘူး ''

             ထိုအခါ ဗညားဒလက ဆက်လက်အကြံပြုပါတယ်...

" အိမ်ရှေ့စံ လျှောက်တင်ချက်ဟာ အင်မတန် ကောင်းပါတယ် ၊ ယခု မိုးရာသီ နီးပြီမို့ ရှမ်းမြောက်ဒေသကို အမြန်ဆုံး သိမ်းဖို့ လိုပါတယ် မိုးလေ ကျလာရင် ဆင်ခင်း မြင်းခင်း ခက်ခဲနိုင်ပါတယ် ''

         ဆိုပြီး မြန်မြန်တိုက်ဖို့ နှိုးဆော်လိုက်ပါတယ် ။ ထိုအခါ ဗညားလောက...

" နှစ်ယောက်လုံးရဲ့ အကြံဟာ စစ်ရေးအရ အလွန်သင့်ပါတယ် ။ သို့သော် မိုးကောင် မိုးညှင်းဟာ ဆင် မြင်း စစ်သည် တောင့်တင်းလှပါတယ် ၊ ဗမာ့လက်ရည် သိနေတဲ့ ရှမ်းတွေက ရင်ဆိုင်တိုက်ဝံ့မယ် မထင်ပါဘူး ၊ သူတို့ မြို့တွင်းက အပြင်းအထန် ခုခံပါက လွယ်လွယ်တိုက်မရပဲ မိုးကျလာနိုင်ပါတယ် ဒီအချက်ကို ထည့်သွင်းစဥ်းစားဖို့ အကြံပြုပါတယ် ''

          ဘုရင့်နောင်လည်း အကြံအသီးသီးကို နားထောင်ပြီးနောက် .....

" အင်း....အားလုံးရဲ့ စိတ်ထဲမှာ အခု တခါတည်း လက်စနဲ့ ရှမ်းမြောက်ကို နှိမ်နင်းချင်နေကြတယ်... တွက်ဆရမှာ မိုးမကျခင် အနိုင်တိုက်နိုင်ပါ့မလား ဆိုတဲ့ တချက်ပဲ ရှိတယ်... မိုးကောင်း ၊ မိုးညှင်းရှမ်းတွေ နဲ့ ငါ အကြိမ်ကြိမ် တိုက်ခိုက်ပြီးပြီ... အင်းဝကို မိုးညှင်းစလုံ အနိုင်ရခဲ့တယ်ဆိုတာ အင်းဝဘုရင် နရပတိ စောက်သုံးမကျလို့ပဲ.. မိုးညှင်း နဲ့ ငါ တိုက်ခဲ့ကြသမျှ တိုက်ပွဲတိုင်း ဒင်းး ခွေးပြေး ဝက်ပြေး ပြေးခဲ့ရတဲ့ သမိုင်းပဲ ရှိတယ်... ယခု ငါကိုယ်တိုင်ပါတဲ့ တိုက်ပွဲမှာ မိုးညှင်းစော်ဘွား ရပ်ပြီး ခံဝံ့ရင် ခံကြည့်စမ်း အမြစ်ပြတ် ထောင်းထောင်းကြေအောင် ချေမှုံးဖို့ အခွင့်အရေးရပြီလို့ သတ်မှတ်တယ်.... မဟုတ်မလို့ ဒင်း လှည့်ပတ်ပြေးနေရင်လည်း မိုးညှင်းကို အလွယ်သိမ်းလို့ရမှာပဲ ကဲ ဒီတော့ ရှမ်းမြောက်ကို အရင်တိုက်မယ် လိုအပ်တာတွေ အမြန်ပြင် တပ်တွေ စုဖွဲ့ကြပေတော့ ''

          ဘုရင့်နောင်ရဲ့ အမိန့်လည်း ရကော ဟံသာဝတီတပ်ဖွဲ့တွေကို စုဖွဲ့ကြရပါပြီ ။

- လက်ဝဲရဲတိုင် ၊ ရာဇတမန် ၊ မြင်းတပ် ၂ ။ နန္ဒကျော်ထင် ၊ ဗညားရံ ၊ နန္ဒသူရိယ ၊ သမိန်သံလိုက် ၊ ဘယဂါမဏီ ၊ အိမ်ရှေ့မင်း ၆ တပ်  ၊၊ စုစုပေါင်း ရှစ်တပ်က လက်ယာကြောင်း ၊၊

-  တုရင်ရာဇ ၊ နန္ဒသိန်းစည်း မြင်းတပ် ။  ဘယကျော်သူ ၊ သမိန်ဇော်ကရတ် ၊ နန္ဒသင်္ကြန် ၊ ဘယကျော်ထင် ၊ သမိန်ရဲသင်ရံ ၊ မင်းမဟာ ၊ ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ တစ်တပ် ပေါင်း ၇ တပ် ။ မြင်းတပ်နှစ်တပ်နှင့် တပ်ပေါင်းကိုးတပ်ကို အလယ်ကြောင်း ချီရသည် ။

-  လက်ယာယောဓာမ ၊ ဘုရင်ဗလ မြင်းတပ် ၂ တပ် ၊၊
ဗညားကျန်းတော ၊ သီရိဇေယကျော်ထင် ၊ သမိန်သံကျယ် ၊ သရေစည်သူ ၊ သမိန်အဲပရဲ ၊ စည်သူကျော်ထင် ၊ ဗညားလော ၊  အင်းဝဘုရင် သတိုးမင်းစော ၊၊ မြင်းတပ်နှစ်တပ်နှင့် တပ်ပေါင်းဆယ်တပ်ကို လက်ဝဲစစ်ကြောင်း ။

- ဘုရင့်နောင် တပ်မတွင် လက်ယာရဲတိုင် ၊ စတုရင်္ဂသူ ၊ ဘယရာဇသူ မြင်းတပ်သုံးတပ် ရှေ့ဖျားချီ ။  အဲမွန်ဒယာ ၊ ရာဇသူရ ၊ သမိန်ဇိပ်ပွန် ၊ ရာဇသင်္ကြန် ၊ သမိန်မောခွင် ၊ သီဟပတေ့ ၊ သမိန်လကွန်းအိန် ၊ နန္ဒကျော်သူ ၊ သမိန်အဲသမိုက် ၊ သင်္ခယာ ၊  သမိန်ပရူ ၊ နန္ဒယောဓာ ပေါင်း ၁၂ တပ် ။ မြင်းတပ်အပါ စုစုပေါင်း ၁၄ တပ် သည့်နောက်မှ  တိုက်ဆင်လေးရာ ၊ မြင်းလေးထောင် ၊ ကိုယ်ရံ တော် ဝင်းတော်သား လေးသောင်းကို ရွှေဒိုင်း၊ ရွှေလွှား၊ ရွှေကာ၊ ရွှေလှံနှင့် လိုက်ရသည် ။  ဘယ ရန္တသူကို တပ်မှူး၊ ရာဇယောဓာကို စစ်ကဲ ခန့်ပြီး စစ်ကြောင်း ၃ ကြောင်း နောက်က လိုက်၏ ။

-  တုရင်သိဒ္ဓိ ၊ တုရင်ပစ္စည်း မြင်းတပ် ၂ ။  သမိန်ပြသမိုက် ၊ လက်ယာနန္ဒသူ ၊ ဘယသင်္ကြန် ၊ သမိန်ယိုကရတ် ၊ လက်ဝဲနန္ဒမိတ် ၊ နန္ဒ ကျော်ထင် ၊ သီရိဓမ္မာ သောက ၊ ညီတော် တောင်ငူမင်းခေါင် ၊ မြင်းနှစ်တပ်နှင့် တပ်ပေါင်း ၁၀ တပ်ကို ဘုရင့်နောင် တပ်နောက်က ချီရသည် ။

        အဲလို တပ်ကိုဖွဲ့စည်းပြီး အုန်းပေါင်စော်ဘွား ၊ မိုးမိတ်စော်ဘွားတို့ကိုလည်း သားမယားနှင့်တကွဟံသာဝတီသို့ ပို့ပါတယ် ။ စမ္ပာနဂိုရ်တွင် လှေတပ်အပေါင်းတို့ကိုလည်း  အညာအင်းရွာ သာဂရသို့  သွားခိုင်းပါတယ် ။

       အားလုံးစနစ် စီစဥ်ပြီးမှ သက္ကရာဇ် ၉၁၈ ခု တပေါင်းလဆန်း ၁၁ ရက် မှာ  မိုးကောင်း၊ မိုးညှင်းသို့ ချီတက်ကြပါပြီ ။ ထီးချည်းသို့ရောက်လျှင် မြစ်ကူးရန် လှေကို တံတားဖွဲ့၍ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ စစ်သည်တိုအား ဖြတ်ကူးစေပါတယ် ။
👍227❤75💯6🖕1
September 3, 2026 5K 17