မြင်းတပ်ကြီးဖြစ်လာမယ့် ဗမာ့မြင်းတပ်ကို ရေရှည် မတိုက်နိုင်ပဲ ကသောကမျှော ဆုတ်ပြေးကြရပါပြီ ။
မြင်းတပ်မှူး ၃ ယောက်က စော်ဘွားရဲ့ ဆင်တပ်နောက်ကို ကြောက်လန့်တကြား ဝင်ပြေးသွားတဲ့ ရန်သူ့မြင်းတပ်အား ဆင်တပ်အရှိန်နဲ့ အလွတ်မပေးနိုင်ပဲ ဆင်တပ်ကိုပါ တရကြမ်းဝင်တိုက်ပစ်ပါတော့တယ် ။ မိမိဆင်တပ် မကြာမှီရောက်လာမှာကို သေချာပေါက် သိနေတဲ့ မြင်းတပ်မှူး ၃ ယောက်ဟာ ရန်သူခွာမပြေးရဲအောင် အတင်းလုံးထွေး ထိမ်းထားပါတယ် ။
ထိုအချိန်မှာပဲ အိမ်ရှေ့မင်းက ဇေယျဒီသာ ၊ နန္ဒသင်္ကြန်က ရတနာပြောင်ကျော် ၊ သမိန်ဇော်ကရတ် က ငရတ်နွယ် ၊ ဘယကျော်သူက ဇေယျပလ္လင် ၊ ဗညားဒလမှာ နတ်သပြောင်ကျော် တို့ကို စီးလာရာမှ လုံးထွေးနေတဲ့ စစ်မြေပြင် မြင်ရတာနဲ့ ဆင်တပ်ငါးတပ်လုံး ဆင်ချွန်းဖွင့် လွှားကနဲ လွှားကနဲ အလုအယက် ပြေးဝင်တိုက်ကြပါတယ် ။ ရှမ်းဆင်တွေက ဗမာဆင်ထက် သေးငယ်လို့ မျက်နှာသုန်မှုန် ထိတ်လန့်နေကြပါပြီ ။
ဘုရင့်နောင်ရဲ့ သားတော်ပီပီ အိမ်ရှေ့စံက အုန်းဘောင်စော်ဘွားသား စီးသော ဆင်ကို ဦးတည်တိုက်ပါတယ် ။ လူ နဲ့ ဆင်တို့ လိုက်ဖက်ညီညီ တိုက်တဲ့အတွက် စော်ဘွားသားရဲ့ ဆင် မခံနိုင်လို့ ဆင် သုံးစီး လဲ တိုက်ရပါတယ် ။ နောက်ဆုံးပြိုင်ဘက်ဆင်မရှိတော့ပဲ အုန်းဘောင်စော်ဘွားသား မြင်းစီး၍ ပြန်ပြေးရပါပြီ ။
အုန်းဘောင်စော်ဘွားညီ စီးသော ဆင်ကို ဗညားဒလရဲ့ နတ်သပြောင်ကျော်နှင့် တိုက်ပါတယ် ။ ဆင်လုံးခြင်း ဘက်မတူပါဘူး ။ ရှမ်းဆင်လည်း ကျိုးစားတိုက်ပေမယ့် နတ်သပြောင်ကျော် ရဲ့ အစွယ်က သူ့အာပေါင်ကို ထိုးစိုက်မိချိန်မှာ လဲကျ သေဆုံးခဲ့ရပါတယ် ။ အုန်းဘောင်စော်ဘွားညီလည်း ဆင်ကဆင်းပြီး မြင်းစီးပြေးရပြန်ပါတယ် ။
ခေါင်းဆောင် ၂ ယောက် ပြေးပေမယ့် တိုက်ပွဲက အရှိန်မကျသေးပါဘူး ။ အဲဒီအချိန် တောင်ငူမင်းခေါင်တို့ ရဲ့ လက်ယာစစ်ကြောင်းရောက်သည်နှင့် ရှမ်းတို့ မွမွကြေအောင် တပ်ပျက်သွားရပါတော့တယ် ။
စော်ဘွားရဲ့ ရှေ့တန်းခံစစ်ပြိုကြချိန်မှာပဲ အင်းဝဘုရင် သတိုးမင်းစောတို့ရဲ့ လက်ဝဲစစ်ကြောင်းက အုန်းဘောင်မြို့ကို ရွပ်ရွပ်ချွံချွံ ဝင်တိုက်ကြပြန်ပြီ ။ အလွန်ရဲရင့်စွာ အုန်းအုန်းကြွက်ကြွက် တိုက်ခိုက်သောကြောင့် အုန်းဘောင်စော်ဘွား မခုခံနိုင်တော့ပဲ သူကိုယ်တိုင် အဖမ်းခံရပြီး တမြို့လုံး အသိမ်းပိုက်ခံလိုက်ရပါတော့တယ် ။
တချိန်ထဲမှာပဲ ဘုရင့်နောင် မိုးမိတ်တွင်ရှိနေတုန်း မိုးလစား ၊ မိုးဝန်းစား ၊ စကားတောင်စားတို့သည် ဆင်ကြီး၊ မြင်းကြီး၊ သားသမီး တို့ကို လက်ဆောင်တော်ဆက်၍ ခိုလှုံလာပါတယ် ။ ထိုသူတို့ကို သစ္စာတော်ပေးပြီးလျှင် ဆုလာဘ်ပေးတော်မူ၍ လက်ခံခဲ့ရပါတယ် ။
ဒီအချိန်မှာပဲ မိုးမိတ်ကနေ ထွက်ပြေးပြီး အုန်းပေါင်ကို ပူးပေါင်းမယ့် မိုးမိတ်စော်ဘွားလည်း ဒုက္ခရောက်နေရပါပြီ ။ ဗညား ဆိုတဲ့ အရပ်ကို ရောက်တော့ သူအားကိုးတဲ့ အုန်းပေါင်မြို့ကို ဗမာတွေ သိမ်းပိုက်လိုက်တဲ့ သတင်းကြားလိုက်ရပါပြီ ။ ဒီတော့ ဗညားမှာပဲ တပ်ချပြီး ဘာလုပ်ရမလဲ တွေဝေနေရပါတယ် ။
သူ့နောက်က လိုက်နေရတဲ့ သတို့ဓမ္မရာဇာလည်း မိုးမိတ်စော်ဘွား မရရင် ပြန်မလာနဲ့ ဆိုတဲ့ ဘုရင့်နောင်အမိန့်ကြောင့် အသဲအသန် လိုက်နေရာကနေ ယခုတော့ ဟန်ကျသွားပါပြီ ။ ဗညားမှာ တပ်ချထားတဲ့ မိုးမိတ်စော်ဘွားကို မြင် မြင်ချင်း တိုက်တာပါပဲ ။ မိုးမိတ်စော်ဘွားလည်း ဘယ်လိုမှ မခုခံနိုင်လို့ အညံ့ခံလိုက်ရပါတော့တယ် ။ စော်ဘွားနဲ့အတူ ဆင် မြင်း လူသူ လက်နက်တွေကို သိမ်းယူပြီးမှ မိုးမိတ်ကို ပြန်လာကြပါတယ် ။
ဘုရင့်နောင်က အစောပိုင်းကာလထဲက ခိုလှုံခဲ့သူ မိုင်းလုံမြို့စားအား မိုးမိတ်စော်ဘွားခန့်အပ်ပါတယ် ။ သုံးဆည်မြို့စားကိုလည်း စော်ဘွားအဆောင်နဲ့ တကွ အုန်းပေါင်စော်ဘွားခန့်အပ်ပါတယ် ။ ထို့နောက် အုန်းပေါင်ကှိ သားတော် နဲ့ ညီတော်များအား မိုးမိတ်သို့ လာရန် ဆင့်ခေါ်လိုက်ပါတယ် ။
ထို့နောက် ဘုရင့်နောင်သည် ရှမ်းပြည်တွင်ရှိ မှားသောမိစ္ဆာ ဒိဋ္ဌိအယူဝါဒတို့ကို တားမြစ်သည် ။ အဓိကအယူမှားဖြစ်သော စော်ဘွားတို့ အနိစ္စရောက်လျှင် စော်ဘွားစီးသည့် ဆင်, မြင်း၊ ချစ်သောကျွန် အခြံအရံတို့ကိုသတ်ကာ တွင်း၌အတူ ထည့်လိုက် ခြင်းဖြစ်၏ ။ ယင်းအယူဝါဒသည် ဘုရင့်နောင် တားမြစ်မှပင် ကွယ်ပျောက်ရလေသည်။
စေတီတော်တစ်ဆူကျစီ မိုးမိတ်နှင့် အုန်းပေါင်တွင် တည်သည်။ ဝတ္ထုကံ မိုးမြေလှူသည်။ မိုးမိတ်တွင် ဇေတဝန်ကျောင်းကို ကျောင်းရံ ၁ဝ နှင့်တကွ ဆောက်၍ ပိဋကတ်ကျမ်းတတ် ဆရာတော်တို့အား သီတင်းသုံးစေ သည်။ စော်ဘွားမှစ၍ မှူးမတ်တို့ကို တစ်လ ၄ သီတင်း ဥပုသ်စောင့်စေသည် ။ မြို့ရွာသားတို့ကို စစ်ကဲတော်တို့အား နှိုးဆော်စေကာ တစ်လ ၄ သီတင်း တရားနာရသည် ။ ပိဋကတ်တော် ၃ ပုံကို ရေးကူးစေ၍ မိုးမိတ်တွင် တစ်ဝက်၊ အုန်းပေါင်တွင်တစ်ဝက် ထားတော်မူသည်။
ထိုမျှမက ပြည်နယ်နှင့် ဟံသာဝတီမြို့တော်တို့တွင် သုံးနေသော အလေးချိန်ခွင်နှင့် တညီတည်း ဖြစ်စေရန် တင်း, ခွဲ, စိတ် ပြည်တို့ကို ညှိနှိုင်း၍ တစ်စံတည်း ပြုစေသည်။ မူး၊ ပဲ၊ ကျပ်၊ ဆယ် စသည့် ငွေကြေးစနစ် သုံးစေပါတယ် ။
1
281
95
3
1
1
1
281
95
3
1
1
1September 2, 2026 5.2K 15