ထို့အရေးအတွက် ဘုရင့်နောင်က အစည်းအဝေးခေါ်ယူတိုင်ပင်ပါတယ်......
" ယခု ရှမ်း ကိုးပြည်ထောင် နဲ့ ယွန်း ၊ ရံ ၊ လူး ၊ ကသည်း ပြည်တို့ကို သိမ်းယူဖို့ အချိန်ကျပြီ ၊ ဒါကြောင့် အုန်းပေါင်ကို စပြီး ငါတို့ တိုက်ခိုက်သိမ်းပိုက်ဖို့ သင့် မသင့် ဆွေးနွေးကြစမ်း.. ''
ဗညားဒလက....
" ယခုအခါ အုန်းပေါင် အရေးချည်း အာရုံစိုက်၍ မရပါဘူး ၊ မိုးမိတ် မိုးကောင်း မိုးညှင်း ဗန်းမော် ကလေး အထိ ရန်ညွှန့်အားလုံး ချိုးဖြတ်ကြရမယ့် အရေးဖြစ်ပါတယ်... ရှမ်းတွေက လူသူ လက်နက် အင်အားတောင့်တင်းသလို အင်းဝကိုလည်း ထိပါးအုပ်ချုပ်ခဲ့ကြပါသေးတယ် ဒါကြောင့် မင်းကြီးကိုယ်တိုင် ကြီးမားသော စစ်အင်အား အပြည့်ဖြင့် ရန်ညွှန့် ရန်ညှောင့်အား အငုတ်အတက် မထွက်နိုင်ရန် ဖိဖိစီးစီး တိုက်ခိုက်သင့်ကြောင်း အကြံပြုပါတယ် ''
ထိုအခါ ဗညားလောက ဆက်လက်၍....
" ယခု ဗညားဒလရဲ့ အကြံဟာ အင်မတန်ကောင်းမွန်ပါတယ် ဒါကြောင့် မင်းကြီးက ရေကြောင်း ၊ သားတော် နဲ့ ညီတော် ၃ ပါးတို့က ကြည်းကြောင်း များကို အုပ်ချုပ်ကြပ်မက်ပြီး စစ်ကြောင်းများ ဖြန့်ကျက် ထိုးစစ်ဆင်ပါက ရှမ်းတို့သာမက ဥတည်ဘွားပင် ခုခံနိုင်မှာ မဟုတ်ကြောင်းပါ ''
ထိုအခါ အိမ်ရှေ့မင်း နဲ့ ညီတော် စစ်သူကြီးများကလည်း ဝမ်းသာအားရ ထောက်ခံဆွေးနွေးကြပါတော့တယ် ။ ထို့ကြောင့် ဘုရင့်နောင်လည်း ရှမ်းပြည်သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်ပါတော့တယ် ။
- လက်ဝဲရဲတိုင် ၊ ရာဇတမန် ၊ တုရင်ရာဇာ ၊ နန္ဒသိန်းစည်း ၊ လက်ယာယော်ဓာ မြင်း ၅ တပ် ။ နန္ဒကျော်ထင် ၊ ဗညားရံ ၊ နန္ဒသူရိယ ၊ ဗညားသံလိုက် ၊ သမိန်ဂါမဏိ ၊ ဗညားဒလ ၊ ဘယကျော်သူ ၊ သမိန်ဇော်ကရက် ၊ နန္ဒသင်္ကြန် ၊ တောင်ငူဘုရင်မင်းခေါင် ၊ အိမ်ရှေ့စံ တပ် ၁၁ တပ် ။ စုစုပေါင်း တပ် ၁၆ တပ် ဆင် ၃၀၀ ၊ မြင်း ၆၀၀၀ ၊ စစ်သည် ၁၂၀၀၀၀ တို့က ကင်းတား ရွာငံ လမ်းကြောင်းက ချီတက်၏ ။
- လက်ယာရဲတိုင် ၊ တုရင်ဗလ ၊ စစ်တုရင်္ဂသူ ၊ ဘယရာဇသူ ၊ တုရင်သိဒ္ဓိ ၊ မြင်းတပ် ၅ တပ် ။ ဘယကျော်ထင် ၊ သမိန်ရဲသင်ရံ ၊ မင်းမဟာ ၊ ဗညားကျန်းတော ၊ သီရိဇေယျကျော်ထင် ၊ သမိန်သံကျယ် ၊ သရေစည်သူ ၊ သမိန်အဲနရဲ ၊ စည်သူကျော်ထင် ၊ ဗညားလော ၊ အင်းဝဘုရင် သတိုးမင်းစော တပ်ပေါင်း ၁၁ တပ် ။ စုစုပေါင်း တပ် ၁၆ တပ် ဆင် ၃၀၀ ၊ မြင်း ၆၀၀၀ ၊ စစ်သည် ၁၂၀၀၀၀ စစ်ကြောင်းက အင်းဝမှတဆင့် ဆင်ခေါင်းဝက်ဝံ ထိုမှ အုန်းပေါင်သို့ ချီတက်မည် ။
- ဘုရင့်နောင်၏ ရေတပ်မှာ လက်ဝဲယော်ဓာ ၊ အဲမွန်ဒယာ ၊ ရာဇသူ ၊ သမိန်ဇိပ်ပွန် ၊ ရာဇသင်္ကြန် ၊သမိန်မောခွင် ၊ သီဟပတေ့ ၊ သမိန်လဂွန်းအိမ် ၊ နန္ဒကျော်သူ ၊ သမိန်အဲဗြပိုက် ၊ သင်္ခယာ ၊ သမိန်ပရူ ၊ နန္ဒယောဓာ ၊ သမိန်ဗြပိုက် ၊ လက်ယာနန္ဒသူ တို့ ၁ တပ်စီ ။
အဲဒီနောက်မှာ ဘုံ ၁၁ ဆင့်ပြဿဒ် နဲ့ ဟင်္သါရုပ် ဖောင်တော်ကြီးမှာ ဘုရင့်နောင် နဲ့ မိဖုရား ၊ သမီးတော်တို့ လိုက်ပါကြပါတယ် ။ ဖောင်တော်ရဲ့ လက်ဝဲလက်ယာမှာ လှေပေါင်း ၃၀၀ ရံထား၏ ။
ဖောင်တော်နောက်က အဘယသင်္ကြန် ၊ သမိန်ယိုကရက် ၊ ဘယကျောင်ထင် ၊ သီရိဓမ္မာ ၊ လက်ဝဲနန္ဒမိတ်၊ ညီတော် ပြည်ဘုရင်သတိုးဓမ္မရာဇာ တို့ လိုက်ပါ၏ ။
ရေတပ်မှာ တပ်ပေါင်း ၂၁ တပ် တိုက်လှေ ၁၅၀၀ ၊ သံလှေ ၃၀၀ ၊ ရိက္ခာတင်လှေ ၁၀၀၀ ၊ စစ်သည် ၁၈၀၀၀၀ ပါဝင်ပါတယ် ။
မုတ္တမ ၃၂ မြို့ အတွက် မုတ္တမစား နဲ့ မော်လမြိုင်စားတို့က ဆင်မြင်းအားလုံး စုစည်း အခိုင်အမာနေရမည် ။ ဟံသာဝတီ မြို့စောင့်အဖြစ် နော်ရထာ ၊ သက်ရှည်ကျော်ထင် ၊ ဗညားစက် ၊ ဗညားရံ တို့ တာဝန်ယူရမည် ။ ပုသိမ် ၃၂ မြို့ကိုလည်း ခဲပေါင်စား ၊ ဒေးပသွယ်စား ၊ လင်းပတေ့စားတို့ စောင့်ရှောက်ရမည် ။ ငါ မရှိခိုက် ပြည်သူတို့ အထိအခိုက် မရှိအောင် စောင့်ရှောက်ရမည် လို့ မိန့်တော်မူခဲ့ပါတယ် ။
ဘုရင့်နောင်ရဲ့ ရေတပ်ကြီးက သက္ကရာဇ် ၉၁၈ နတ်တော်လဆန်း ၈ ရက် တနင်္လာနေ့မှာ ဟံသာဝတီမှ ထွက်ခွာပါတယ် ။ ဒဂုံရောက်တော့ ရွှေတိဂုံဘုရားအား လှူဒါန်းပါတယ် ။ ပြည်ရေရာက်တော့ ရွှေဆံတော်ဘုရားအား လှူဒါန်းပါတယ် ။
ရေတပ်ကြီးက ဆက်လက်ဆန်တက်လာရာ တလုပ်ဆိပ်ကမ်းအရောက် မိုးညှင်းစား ယောက္ဖ နဲ့ တူ ဖြစ်သူတို့ ရောက်လာပြီး ဝန်းသိုစားကို ကျွန်တော်မျိုးတို့ ဖမ်းဆီးပြီး လက်ဆောင်ဆက်သပါမည် အေးချမ်းစွာ အနားယူစောင့်ဆိုင်းနေပါလို့ လျှောက်တင်ပါတယ် ။ ဘုရင့်နောင်လည်း ပြုံးရွှင်စွာနဲ့ ရအောင်ဖမ်းခဲ့ ဟု မိန့်တော်မူပြီး ဆုလာဘ်များ ပေးလိုက်ပါတယ် ။ ထို့နောက် အင်းဝသို့ ဆက်လက်ချီတက်ပြီး တောင်ပလူ အရပ်တွင် တဲနန်းတော်ဖြင့် နေပါတယ် ။
ထိုအချိန်မှာပဲ သုံးဆယ်မြို့စားက ဆင် ၂ ကောင် နဲ့ သမီးတော်ကို ဆက်သ ခိုလှုံပါတယ် ။ မိုင်းလုံစားလည်း လက်နက်ခဲယမ်း နဲ့ သမီးတော်ဆက်သကာ ခိုလှုံလာပါတယ် ။ မြို့စား ၂ ဦးကို ဆုလာဘ်များ ချီးမြှင့်ပြီး သစ္စာခံစေပါတယ် ။ ထို့နောက် သုံးဆယ်စားအား ကင်းတားရွာငံချီ စစ်ကြောင်းမှ အိမ်ရှေ့မင်း နဲ့ တောင်ငူမင်းခေါင်ထံ စေလွှတ်ပါတယ် ။ သုံးဆယ်စား၏ တပ်အား ရှေ့ဖျားချီတပ်အဖြစ် အသုံးပြုဖို့ အမိန့်ပေးလိုက်ပါတယ် ။
238
89
1August 30, 2026 6K 1 15