တပင်ရွှေထီး နဲ့ ဘုရင့်နောင် (46)
========================
" ငါ တညစဥ်းစားပြီး မနက်မှ အမိန့်ချမှတ်မယ် အစည်းအဝေးရုတ်သိမ်းတော့ ''
ဘုရင့်နောင်လည်း တညလုံးစဥ်းစားပြီး လုပ်ချင်တာထက် လုပ်သင့်တာကို ကောင်းစွာသိနေတဲ့ ဘုရင်မို့ လတ်တလော ပြန်ဆုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ မနက်လင်းတာနဲ့ ဆင် ၂၀ မြင်း ၂၀၀ နဲ့ လူ ၃၀၀၀ အား သက်ရှည်ကျော်ထင် နဲ့ အတူ ထားရစ်ကာ မြေဒူးမြို့ကို အပိုင်စားပေးအပ်ပါတယ် ။
မိုးညှင်းစားယောက္ဖ ဒီပဲယင်းစားကိုလည်း သီဟပတေ့ လို့ ဘွဲ့ပေးပြီး ပခန်းကြီးမြို့စားခန့်အပ်ပါတယ် ။
ပခန်းကြီးမြို့စားကိုတော့ ဇေယျသင်္ကြန် ဘွဲ့ပေးပြီး မြေထဲမြို့စား အဖြစ် ခန့်အပ်ပါတယ် ။
မိုးညှင်းစော်ဘွားတူ စည်ပုတ္တရာစားကိုလည်း သင်္ခယာ ဘွဲ့အမည်ပေးအပ်၍ ဗဒုံမြို့ကို စားစေပါတယ် ။
စည်ပုတ္တရာကို ဇေယထီးလှိုင်အား ဆင် ၁၀ ၊ မြင်း တရာ ၊ စစ်သည် ၁၀၀၀ နဲ့ စားစေပါတယ် ။
မြို့စားတွေကို အဲလို မြို့ရွာများအား အပြန်အလှန် ဖလှယ်ပြီး အုပ်ချုပ်စေကာ ကန္နီစား နဲ့ အမြင့်စား ၂ ဦးကိုပဲ စားမြဲအတိုင်း စားစေဖို့ စီမံခဲ့ပါတယ် ။ ထို့နောက် စမ္ပယ်နဂို ကြာညှပ် ရှိ ရေတပ်ကို ပြန်ခေါ်ပါတယ် ။ ရေတပ်ဗိုလ်ချုပ် ညီတော် သတိုးဓမ္မရာဇာလည်း တကောင်း ၊ ချွန်းတောင်း မြတောင် တို့ကို လမ်းကြုံတိုက်ခိုက်သိမ်းပိုက်ပြီး ထီးချိုင့်မြို့ကိုပါ တိုက်ခိုက်ပါတော့တယ် ။
ထီးချိုင့်မြို့စားက ရေတပ်ချည်းထီးထီးကြီး လာတိုက်သောကြောင့် မခန့်လေးစား ပြင်းထန်စွာ ခုခံပါတော့တယ် ။ မည်သို့ပင် ခုခံပါသော်လည်း ဟံသာဝတီတပ်တွေကိုတော့ မခံနိုင်ကြပါဘူး ။ ထီးချိုင့်မြို့စားကိုယ်တိုင် စစ်မြေပြင်မှာ ဂုဏ်သိက္ခာရှိစွာ အသက်စွန့်ခုခံခဲ့ပေမယ့် ဆုံးရှုံးခဲ့ကြရတာပါပဲ ။ ရေတပ်ဟာ ဖမ်းဆီးရမိတဲ့ ဆင် မြင်း လက်နက် လူသူတို့ကို မြေဒူးသို့ ခေါ်လာပြီး ဘုရင့်နောင်ထံ အပ်နှံလိုက်ပါတယ် ။
မြေဒူးမှ အင်းဝသို့ ပြန်လာရာ သက္ကရာဇ် ၉၁၇ ကဆုန်လဆန်း ၂ ရက် စနေနေ့မှာ ရောက်ရှိပါတယ် ။ တောင်ပလူ တဲနန်းမှာနေရင်း ကြည်းတပ် ရေတပ် ရှိ လက်စွမ်းပြခဲ့သူ မှူးမတ် စစ်သည်တို့အား ထိုက်တန်စွာ ဆုချီးမြှင့်လိုက်ပါတယ် ။ ဆုပေးရာမှာ အထက်အရာရှိက ထောက်ခံရုံနဲ့ လွယ်လွယ်မပေးပါဘူး... ကျီး ဘုတ်မြှောက် ဘုတ် ကျီးမြှောက်နဲ့ မတန်မရာ ဘွဲ့တွေ လိမ်ညာယူမှာကို ပညာရှိဘုရင်ပီပီ တွက်ဆထားပြီးတာမို့ ရန်သူ့ သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်များကို ရယူပြီးမှ ဘွဲ့ထူး ချီးမြင့်လေ့ရှိပါတယ် ။
ထို့နောက် သက္ကရာဇ် ၉၁၇ ကဆုန်လပြည့်ကျော် ၂ ရက် တနင်္ဂနွေနေ့မှာ ဟံသာဝတီသို့ ပြန်လာပါတယ် ။ နယုန်လပြည့်ကျော် ၁ ရက် သောကြာနေ့မှာ ဟံသာဝတီကို ပြန်ရောက်ပါပြီ ။
ဟံသာဝတီမှာ ရတနာမြစည်းရုံဘုရားအား ထီးတော်တင်ရန် ရွှေချိန် ၅ ပိဿာ ၃၅ ကျပ်သားကို ညီတော် တောင်ငူမင်းခေါင်အား ပေးအပ်၍ လှူဒါန်းစေပါတယ် ။
ခမည်းတော်၏ ဆရာတော် ရှင်သဒ္ဓမ္မပာလအား ဇေတဝန် ရွှေကျောင်းတော်ကို အရံကျောင်း ၃၀ နဲ့ တကွ လှူ၏ ။
တန်ဆောင်မုန်းလမှာ သီဟိုဘုရင် ဓမ္မပါလက သာသနာတော်ကို စောင့်ရှေက်ပါဟု လက်ဆောင် လက်နက်များပေးအပ် တောင်းပန်လာပါတယ် ။ ထို့ကြောင့် စွယ်တော်မြတ်ကို ပူဇော်ရန် ရွှေ ငွေ များဖြင့် ပြုလုပ်ထားသော သပိတ် ၊ ၊ ထီး ၊ ဟင်းခွက်များ ၊ တန်ဆောင် ၊ ပန်း ၊ ထီး ၊ ပတ္တမြားပေါက်ပေါက် တို့အပြင် သီဟို၌ ငွေချိန် ၁၀၀ ဖိုး မြေဝယ်ပြီး အမတ် ရာဇမနုကို ပေးပို့စေကာ လှူပါတယ် ။
သက္ကရာဇ် ၉၁၇ တပေါင်းလပြည့်ကျော် ၃ ရက် အင်္ဂါနေ့မှာ ဣဿီယိုဘုရား ထီးတော်အသစ် တင်ပွဲကို ကိုယ်တိုင် ကျင်းပ လှူဒါန်းပါတယ် ။
ပုဂံ ရွာသာ စလေ ပခန်းငယ် ငသရောက် တူရွင်းတိုင် ကျောက်ပန်းတောင်း အရပ်တွေမှာ ပုပ္ပါးနတ်အား ကျွဲခေါင်း နွားခေါင်း ကြက်ခေါင်း ဝက်ခေါင်း တို့ကို သီ၍ အိမ်ရှေ့နတ်တိုင်၌ ချိတ်ထားရလေ့ရှိသည့် မိစ္ဆာအယူတို့ကို မင်းမိန့်ဖြင့် ပယ်ဖျက်စေ၏ ။
ထိုနှစ်မှာပဲ ညီတော် မုတ္တမဘုရင်ခံ မင်းရဲစည်သူ သေဆုံးပါတယ် ။ သား သမီး ၅ ပါးထွန်းကားပါတယ် ။
ဘုရင့်နောင်က အမျိုးအဆွေ တောင့်တင်းရေးအတွက် အတုလသီရိ မိဖုရားခေါင်မှ ဖွားမြင်သော သမီးတော် နှင့် ညီတော်ရင်း အင်းဝသတိုးမင်းစောအား ( တူဝရီးတော်စပ်ပါမည်) ပေးစားခဲ့ပါတယ် ။
ဟံသာဝတီမှာ လက်ထက်ပွဲ အကြီးအကျယ် ကျင်းပနေချိန် အုန်းပေါင်စော်ဘွားမျိုးဆက်တွေကလည်း ပြဿနာတက်နေကြရပါပြီ ။ ယခင်က စဥ့်ကူးမြို့စားက အုန်းပေါင်စော်ဘွားကြီး ပေါ် ရဲ့ တူတော်ပါတယ် ။ စဥ့်ကူးအား ဘုရင့်နောင် သိမ်းပိုက်လိုက်ရာ ထွက်ပြေးလာရသည့် တူတော် စဥ့်ကူးစာအား စော်ဘွားကြီးပေါ်က မိုးနဲမြို့စား ခန့်လိုက်ပါတယ် ။
သက္ကရာဇ် ၉၁၈ မှာ အုန်းပေါင်စော်ဘွားကြီးပေါ် သေပါတယ် ။ အဲဒါကြောင့် ညီတော် စဆိုင်လုံ က စော်ဘွားဖြစ်လာပါတယ် ။ မိုးနဲမြို့စားက မကျေနပ်၍ စဆိုင်လုံအား တိုက်ခိုက်ပါတယ် ။ စဆိုင်လုံက ဘုရင့်နောင် လက်ဆောင်ဆက်သပြီး သူ့ကို ကူညီဖို့ တောင်းဆိုပါတယ် ။ ဘုရင့်နောင် မသွားရသေးဘူး မိုးနဲစော်ဘွားက အုန်းပေါင်ကို သိမ်းပြီးသွားပါပြီ ။
238
99
1August 30, 2026 6K 1 16