ဗန်းမော်က စစ်သင်္ဘော သတင်းတွေကို ဖတ်လိုက်ရင် ကိုယ့်ဘက်ကလည်း အလွန်အကျူး အောင်ပွဲခံနေတာ ရှိသလို ရန်သူ ဘက်ကလည်း အသည်းအသန် ဖုံးဖိ နေတာတွေ မြင်ရပါတယ်။ ဒီနေရာမှာ ဘယ်ဘက်က psywar မှ မပါဘဲ အမှန်အတိုင်း သိချင်တဲ့ ပြည်သူတွေ အတွက် မှန်ကန်တဲ့ သတင်းတစ်ခု ဖြစ်ဖို့ ဖြစ်စဉ် တစ်ခုလုံးကို သေသေချာချာ လေ့လာဖို့ လိုပါတယ်။
ဒီတစ်ခေါက် ဗန်းမော်ကို ဆန်တက်တဲ့ သင်္ဘော အုပ်စုကို ယုံကြည်ရတဲ့ သတင်းအများစုက ၁၄–၁၅ စီးဝန်းကျင် လို့ ဖော်ပြပါတယ်။ RFA က ဩဂုတ် ၂၁ မှာ မန္တလေးကနေ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်ကူတင်ပြီး ထွက်လာတဲ့ ရေယာဉ် ၁၄ စီး လို့ ဖော်ပြထားပြီး KNG/BNI က ၁၅ စီး လို့ ဆိုပါတယ်။ အစီး ၃၀ ကျော်လို့ ချဲ့ကား ရေးတာ တချို့ တွေ့ပေမယ့် ခိုင်လုံတဲ့ အချက် အလက် မရှိပါဘူး။
ဆုံးရှုံးမှုအရတော့ စစ်ကောင်စီဘက်အတွက် တော်တော်ကြီးပါတယ်။ သတင်း ဌာနတွေ အသီးသီးရဲ့ ဖော်ပြချက်နဲ့ KIA ဗိုလ်မှူးကြီး နော်ဘူ အတည်ပြုချက််် အရ သင်္ဘော ၈ စီး ပျက်စီးပြီး လူ ၁၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ သိရတယ်။ ဖမ်းမိတဲ့ထဲမှာ ရန်သူ့ စစ်သားတွေ အပြင် မိသားစုဝင်တွေပါ ပါတယ်လို့ သိရပါတယ်။ စစ်တပ်ဘက်က အရပ်သားလို့ လိမ်လည်ဖုံးဖိ ပေမယ့် လိုက်ပါသွားတဲ့ စစ်တပ် မိသားစုတွေနဲ့ နီးစပ်တဲ့သူတွေ ကိုယ်တိုင် ဝန်ခံထားတာတွေ မြင်ရပါတယ်။
ဒါကြောင့် ဒီဖြစ်စဉ် တစ်ခုလုံးကို ခြုံကြည့်ရင် နည်းဗျူဟာ အဆင့်မှာ တော်လှန်ရေး တပ်တွေ ဘက်က ရှင်းရှင်းလင်းလင်း အသာစီး ရတယ်လို့ ဆိုနိုင်ပါတယ်။ စစ်သင်္ဘောတွေ အခိုင်အမာ ပါဝင်တဲ့ ကြီးမားတဲ့ စစ်ထောက်ပံ့ရေးအုပ်စုကို ကြားဖြတ်တိုက်ခိုက်ပြီး ရေယာဉ်အများအပြား ဖျက်ဆီးခြင်း၊ လူအင်အားဆုံးရှုံးစေခြင်း၊ လက်နက်ချစေခြင်းနဲ့ ထောက်ပံ့ရေးပစ္စည်းတချို့ သိမ်းယူနိုင်ခြင်းဟာ စစ်ရေးအရ သေးငယ်တဲ့အောင်မြင်မှု မဟုတ်ပါဘူး။
စက်တင်ဘာ ၃ ရက် သတင်းတွေ အရ တိုက်ခိုက်ရေး သင်္ဘော ၂ စီးနဲ့ ကုန်တင်သင်္ဘော ၅ စီး၊ စုစုပေါင်း ၇ စီးသာ ဗန်းမော် ရောက်ရှိခဲ့ကြောင်း တွေ့ရပါတယ်။ စစ်သင်္ဘော ၁၄–၁၅ စီးအနက် ၇ စီးပဲ ဗန်းမော်ရောက်တယ်ဆိုရင် convoy ရဲ့ ထက်ဝက်ခန့်ကို လမ်းမှာ combat-effective မဖြစ်အောင် လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေး အတွက် သာမန်ဝါဒဖြန့်စရာ ကိစ္စမဟုတ်ဘဲ အမှန်တကယ် အလေးထားရမယ့် စစ်ရေးအောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ mission က ဗန်းမော်ကို လူ၊ လက်နက်၊ ခဲယမ်း၊ ရိက္ခာတွေ ပို့နိုင်ရေး ဖြစ်လို့ ဒါကို တော်လှန်ရေးတပ်တွေက ၁၀၀% မတားဆီး နိုင်ခဲ့တာတော့ သေချာပါတယ်။ ကျန်ရေယာဉ်တွေ ပေါ်မှာရှိတဲ့ စစ်ကူ၊ ခဲယမ်းနဲ့ ရိက္ခာတွေကို စစ်ကောင်စီက ဗန်းမော်ထဲ ပို့နိုင်ခဲ့တယ်ဆိုရင် သူတို့ဘက်ကလည်း ရည်မှန်းချက် တစိတ်တပိုင်းတော့ မဖြစ်ဖြစ်အောင် လုပ်ဆောင် သွားနိုင်တယ်လို့ ဆိုရပါမယ်။
ကျွန်တော်တို့ ဆက်ပြီး ကြည့်ရမှာက စစ်ကောင်စီဟာ အခုလို အကြီးအကျယ်ဆုံးရှုံးခံပြီး ပို့လိုက်တဲ့ စစ်ကူနဲ့ ခဲယမ်းတွေက တကယ်တမ်း စစ်ရေးအရ အကျိုး ရှိမရှိ ဆိုတာပါ။ ဒီအထောက်အပံ့ တွေကြောင့် ဗန်းမော်ကို ထိန်းနိုင်သွားတယ်၊ KIA ထိုးစစ်ကို နောက်ဆုတ်စေတယ်ဆိုရင် စစ်ကောင်စီဘက်က ဆုံးရှုံးရတာ တန်တယ်လို့ ပြောနိုင်ပါတယ်။ ဒီလို မဟုတ်ဘဲ ဗန်းမော် စစ်ရေး အခြေအနေကို ဘာမှ မပြောင်းနိုင်ဘူး ဆိုရင်တော့ စစ်ကောင်စီ အတွက် ဆုံးရှုံးမှု ကြီးတယ်လို့ ဆိုရပါမယ်။
191
37
1
1September 4, 2026 3.7K 3