ဒီရက်ပိုင်း လူတွေ သိပ်သတိမထားမိတဲ့ ကိစ္စတစ်ခုက ပွဲကြိုက်ခင်… — Zin Thaw Naing — TG.ME

ဒီရက်ပိုင်း လူတွေ သိပ်သတိမထားမိတဲ့ ကိစ္စတစ်ခုက ပွဲကြိုက်ခင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ မိတ်ဖက် နိုင်ငံတွေ အဓိက ပါဝင်ကျင်းပနေတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) ထိပ်သီး ဆွေးနွေးပွဲကို သွားမတက်ခဲ့ရတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အတုနဲ့ သူ့ကိုယ်သူ သမ္မတ ရာထူး ပြန်ပေးပြီး နောက်ပိုင်း ၄ လ အတွင်း နိုင်ငံ ၆ နိုင်ငံအထိ သွားခဲ့တဲ့ မအိမ်လုံးဟာ အခုလို နိုင်ငံ့ခေါင်းဆောင်တွေ အများကြီးနဲ့ တပြိုင်တည်း တွေ့ဆုံခွင့်ရတဲ့ ပွဲမျိုးကို မသွားခဲ့ရတာ ထူးခြားပါတယ်။

အာဆီယံအဖွဲ့ရဲ့ ဆွေးနွေးပွဲတွေကို တက်ခွင့်မရလို့တောင် အမျိုးမျိုး ဂျီတိုက်နေတဲ့ မင်းအောင်လှိုင်ဟာ ဒီလိုပွဲမျိုး လက်လွတ်ခံတာ အံ့ဩစရာ ကိစ္စတစ်ခုပါ။ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ ဘီလာရုစ်နဲ့ အလယ်အာရှက စတန် ၄ နိုင်ငံ ပါဝင်နေတဲ့ အဲဒီ ဆွေးနွေးပွဲကို ၂၀၂၅ တုန်းက မင်းအောင်လှိုင် သွားတက်ခဲ့ဖူး ပါတယ်။ ရှီကျင့်ဖျင်က သူ့မွေးစားသားကို လူရာသွင်းပြီး စကားတွေ ဘာတွေတောင် တက်ပြောခိုင်းခဲ့လို့ အလွန်အောင်မြင်တဲ့ ခရီးတစ်ခုအဖြစ် ဘောမတွေ ဂုဏ်ယူခဲ့ကြတယ်။

ဒါပေမယ့် အခု ၂၀၂၆ ကျတော့ ကာဂျစ္စတန်မှာ လုပ်တဲ့ ဆွေးနွေးပွဲမှာ မင်းအောင်လှိုင်ကို မတွေ့ရတော့ပါဘူး။ နိုင်ငံတကာမှာ legitimacy ရချင်လွန်းလို့ နိုင်ငံခြားခရီးတွေ ဆက်တိုက်ထွက်၊ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေတဲ့ မင်းအောင်လှိုင်ဟာ ဒီလို ဆွေးနွေးပွဲမှာ ဘာကြောင့် ဖယ်ကျဉ် ခံခဲ့ရသလဲ။ တကယ်လို့ အိမ်ရှင်ဘက်က ဖိတ်ကြားခဲ့ပြီးမှ သူမအားလို့ သွားမတက်တာ ဆိုရင်တောင် ဒုသမ္မတတို့၊ နိုင်ငံခြားရေး ဝန်ကြီးတို့ လွှတ်လို့ ရပါတယ်။ ဒီလိုလည်း လွှတ်တာ မတွေ့ရပါဘူး။

တကယ်တော့ မင်းအောင်လှိုင်ရဲ့ အာဏာလု အစိုးရဟာ SCO မှာ တင်းပြည့် အဖွဲ့ဝင် (full member) မဖြစ်သေးပါဘူး။ ၂၀၂၅ တုန်းက ဆွေးနွေးဖက် (dialogue partner) အနေနဲ့ တရုတ်ရဲ့ ဖိတ်ကြားမှုကြောင့် တက်ခဲ့ရတာ ဖြစ်ပြီး full member ဖြစ်ချင်ကြောင်း မင်းအောင်လှိုင်က တရားဝင် တောင်းဆိုခဲ့သလို တရုတ်က ထောက်ခံ ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် နောက်တကြိမ် ဆွေးနွေးပွဲ လုပ်တဲ့အထိ ဖြစ်မလာ သေးပါဘူး။ အခုဆိုရင် ဆွေးနွေးဖက် အနေနဲ့တောင် တက်ခွင့် မရတော့တာ တွေ့ရပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ မြင်နိုင်တာက မင်းအောင်လှိုင် သွားနေတဲ့ ခရီးစဉ်တွေဟာ သူလိုချင်နေတဲ့ နိုင်ငံတကာ legitimacy ကို တကယ် မပေးနိုင်သေးဘူး ဆိုတာပါပဲ။ နိုင်ငံခြား ခရီးထွက်နိုင်တာနဲ့ နိုင်ငံတကာ အသိအမှတ် ပြုမှုရတာ မတူပါဘူး။ နိုင်ငံအနည်းငယ်က သမ္မတတစ်ယောက် အဖြစ် လက်ခံတွေ့ဆုံတာနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း တစ်ခုလုံးက သူ့အစိုးရရဲ့ နိုင်ငံရေးတရားဝင်မှုကို လက်ခံလိုက်တာ မဟုတ်ပါဘူး။

မင်းအောင်လှိုင် နိုင်ငံခြားခရီးတွေ အလျင်အမြန်ထွက်နေတာက သူ့အစိုးရအနေနဲ့ diplomatic outreach ကို အလေးထားနေကြောင်း ပြပါတယ်။ ဒါပေမယ့် ဒီနိုင်ငံတွေက မင်းအောင်လှိုင်ကို အထူးလိုလားလို့ စပြီးဖိတ်တာလား။ ဒါမှမဟုတ် နေပြည်တော်ဘက်က စပြီး ညှိနှိုင်း ရယူထားတဲ့ ခရီးတွေလား ဆိုတာ မသိနိုင်ပါဘူး။ တရားဝင် ထုတ်ပြန်ချက်တွေမှာ “at the invitation of…” လို့ ရေးလေ့ရှိပေမယ့် diplomacy မှာ ဒီအသုံးအနှုန်းဟာ ဘယ်ဘက်က စပြီး ကမ်းလှမ်းခဲ့သလဲဆိုတာ မပြနိုင်ပါဘူး။

အခု SCO ကိစ္စကို ပြန်ကြည့်ရင် Full Member ဖြစ်ခြင်းဟာ မင်းအောင်လှိုင်အတွက် ကြီးမားတဲ့ သံတမန် ရေးရာ အောင်မြင်မှု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်ဖို့က တရုတ်ရဲ့ ထောက်ခံမှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ SCO မှာ အဖွဲ့ဝင်အသစ်လက်ခံဖို့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောတူညီမှု လိုပါတယ်။ ဆိုလိုတာက မင်းအောင်လှိုင်ဟာ တရုတ် နဲ့ ရုရှားလို နိုင်ငံတွေဆီက ထောက်ခံမှုရနေပေမယ့် ကျန်တဲ့နိုင်ငံတွေ ဆီက လိုလိုလားလား လက်ခံမှုကို ရမနေဘူး ဆိုတာပါ။

အစိုးရ တရပ်ရဲ့ legitimacy ဆိုတာ အကျိုးစီးပွါး ဆက်စပ်နေတဲ့ နိုင်ငံတချို့ကို အလည်သွားပြီး ခေါင်းဆောင်တွေနဲ့ လက်ဆွဲ နှုတ်ဆက် ပြရုံနဲ့ ရနိုင်တာ မဟုတ်ပါဘူး။ အရေးကြီးတဲ့ multilateral institutions တွေထဲ ဘယ်လောက် ဝင်နိုင်ပြီလဲ။ နီးစပ်ပြီးသား နိုင်ငံအုပ်စုရဲ့ အပြင်ဘက်ကို သံတမန် ဆက်ဆံရေး ဖောက်ထွက် နိုင်ပြီလား ဆိုတာတွေကိုပါ ကြည့်ရပါတယ်။ ဒီလိုနေရာတွေမှာ လူရာသွင်း ဆက်ဆံတာ မခံရသေး သရွေ့ မင်းအောင်လှိုင်အတွက် နောက်ထပ် ဘယ်နှနိုင်ငံ သွားသွား ဘာမှ ပိုမထူးခြားလာပါဘူး။
❤179👍117
September 2, 2026 5.8K 2 5