ခုရက်ပိုင်း သတင်းလေးတွေ ကောင်းလို့ စာရေးချင် စိတ်လေး ပြန်ဖြစ်လာရော။ အဓိက ကတော့ AA ရဲ့ စစ်တွေမြို့ကို ဝိုင်းပတ် ပိတ်ဆို့ထားတဲ့ ပုံစံ၊ KIA ရဲ့ အင်းတော်ကြီးဒေသ ထိုးစစ်၊ KNLA ရဲ့ မြဝတီတောင်ဘက်က တိုက်ပွဲတွေနဲ့ အလယ်ပိုင်းက PDF တပ်တွေ ပျောက်ကျား စစ်ဆင်ရေးတွေကြောင့်ပါပဲ။ အကြမ်းဖက် စစ်တပ်ဟာ နေရာတစ်နေရာ တည်းကို အင်အားစုပြုံပြီး အခိုင်အမာ ခုခံနိုင်စွမ်း မရှိဘဲ စစ်မျက်နှာ ပေါင်းစုံအတွက် အင်အားကို ဖြန့်ခွဲသုံးစွဲနေရတာ တွေ့ရတယ်။
စစ်တပ်ရဲ့ အရေးပါတဲ့ စစ်ရေး ဗျူဟာကျ ဒေသတွေမှာ ရှေ့တန်း ကာကင်းစခန်းတွေ၊ မြေပြင်တပ်ဖွဲ့များ ထိခိုက်ကျဆုံးမှု တော်တော် များနေတယ်။ မြဝတီနားက ရဲကုန်းမှာ စကခ (၁၃) လက်အောက်ခံ စစ်ကြောင်းတစ်ခုလုံးနီးပါး ချေမှုန်းခံရခြင်းက Ground Offensive Capability သိသိသာသာ ကျဆင်းလာတာကို ပြသနေတယ်။ ဒါကြောင့် Y-12 နဲ့ ဂျက်ဖိုက်တာတွေရဲ့ လေကြောင်း ပစ်ကူကို အလွန်အကျွံ မှီခိုလာရတယ်။ လေကြောင်းဆိုတာက ဟန့်တားရေးနဲ့ ဖျက်ဆီးရေးအတွက်ပဲ အသုံးဝင်ပြီး Territorial Control အတွက် တော့ အလုပ်မဖြစ်ပါဘူး။
မြေပြင်လမ်းကြောင်းတွေ အကြိမ်ကြိမ် ဖြတ်တောက် တိုက်ခိုက် ခံရလို့ စစ်တပ်ဟာ ရေကြောင်းနဲ့ လေကြောင်း ထောက်ပို့ကိုပဲ အဓိက အားထားနေရတယ်။ အဲဒီထဲက ဟုမ္မလင်းအထိ ဆန်တက်တဲ့ စစ်သင်္ဘော အုပ်စုကို ကို ကြားဖြတ်တိုက်ခိုက်ခံရပြီး သင်္ဘောတစ်စီး နစ်မြုပ်ကာ ထောက်ပို့မော်တော် တစ်စီးကိုလည်း တော်လှန်ရေး ဘက်က အကောင်းအတိုင်း ရလိုက်တယ်။ ထောက်ပို့ယန္တရား ပြတ်တောက်ရင် ရှေ့တန်း စစ်မျက်နှာက တပ်ဖွဲ့တွေရဲ့ ရပ်တည်နိုင်စွမ်းကို တိုက်ရိုက် ထိခိုက်စေပါလိမ့်မယ်။
NUG ရဲ့ အတည်ပြု ထုတ်ပြန်ချက်အရ တစ်လအတွင်း PDF တပ်တွေနဲ့ တိုက်ခိုက်မှု တမျိုးတည်းမှာတင် အကြမ်းဖက် စစ်တပ်ဘက်က အရာရှိအပါအဝင် ၆၀၀ ကျော် သေဆုံးခဲ့တယ် ဆိုတဲ့ ကိန်းဂဏန်းက မနည်းလှတဲ့ ပမာဏပါ။ စစ်တပ်ဟာ Manpower Crisis ကြောင့် စစ်မှုထမ်း ဥပဒေနဲ့ ပေါ်တာ ဆွဲတာအပြင် SNA၊ BGF၊ DKBA ခွဲထွက်နဲ့ ပျူတွေလို Proxy တွေကို ရှေ့တန်းမှာ ပိုသုံးလာရတယ်။ ဒါပေမယ့် ဒီလိုအဖွဲ့တွေနဲ့က ပေါင်းစပ်ကွပ်ကဲမှု အားနည်းတာကြောင့် ကိုယ့်လူကိုယ် လေကြောင်းက မှားယွင်းဗုံးကြဲမိတာမျိုးလို ဖြစ်ရပ်မျိုး တွေပါ တွေ့ရတယ်။
တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ လက်နက် တပ်ဆင်နိုင်မှုနဲ့ စစ်ဆင်ရေး ဖော်ဆောင်နိုင်မှု စွမ်းရည်ကလည်း သိသိသာသာ တိုးတက်လာနေတယ်။ FPV ဒရုန်းတွေကို တော်တော်လေး ထိထိရောက်ရောက် သုံးလာသလို ရေကြောင်း တိုက်ခိုက်ရေး အတွက် နည်းပညာ တွေလည်း တိုးတက် လာနေတယ်။ တချိန်တည်းမှာပဲ AA က စစ်တွေကို ဝန်းရံပိတ်ဆို့ထားတဲ့ Siege Warfare က တော်တော်လေး ကောင်းတာ တွေ့မြင်ရတယ်။ တော်လှန်ရေး တပ်တွေ အတုယူရမယ့် ဂန္ထဝင် စစ်ရေး နည်းဗျူဟာပါပဲ။
စစ်ပွဲတစ်ခုရဲ့ သဘောသဘာဝအရ မြေပြင်မှာ အတက်အကျ၊ အရှုံးအနိုင်တွေ အပြန်အလှန် ရှိနိုင်ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးကိန်းဂဏန်းတွေနဲ့ မဟာဗျူဟာ အခင်းအကျင်းတွေကို တွက်ချက်ကြည့်ရင် ဒီစစ်ပွဲမှာ တော်လှန်ရေး အင်အားစုတွေကပဲ အနိုင်ရဖို့ အကြောင်းတရားတွေ အများကြီး ရှိနေပါတယ်။ အဓိက ကတော့ အကြမ်းဖက် စစ်တပ်ဟာ ကျယ်ပြန့်လွန်းတဲ့ စစ်မျက်နှာပေါင်းစုံကို ဖြန့်ခွဲခုခံနေရလို့ အင်အား ပြုန်းတီးမှုနှုန်းမှာ ပြန်ဖြည့်တင်းနိုင်စွမ်းထက် ကျော်လွန်နေတာပဲ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ထောက်ပို့စနစ်နဲ့ သယံဇာတ ထုတ်ယူနိုင်တဲ့ လမ်းကြောင်းတွေကို တော်လှန်ရေးတပ်တွေက ဖြတ်တောက် ထိန်းချုပ်လာနိုင်တာ ကလည်း အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ လေကြောင်းပစ်ကူက ယာယီအားဖြင့် နယ်မြေ မဆုံးရှုံးအောင် ထိန်းထားနိုင် ပေမယ့် ဝင်ငွေစီးဆင်းမှု ပြတ်တောက်ရင်၊ ထောက်ပို့ယန္တရား ပြိုကွဲရင်၊ လူအင်အားကို အတင်းအကျပ် စုဆောင်းရလို့ တိုက်ခိုက်ရေး စွမ်းရည် မရှိရင် အချိန်ကြာလာတာနဲ့အမျှ စစ်ရေးချိန်ခွင်လျှာဟာ တော်လှန်ရေး အင်အားစုတွေဘက်ကိုပဲ သိသိသာသာ အလေးသာသွားပါလိမ့်မယ်။
344
94
5
1
1
1July 18, 2026 16.9K 8 4