အခုလို အချိန်မှာ တချို့က ပင်ပန်းလာတယ်။ တချို့က မျှော်လင့်ချက် လျော့လာတယ်။ တချို့ကတော့ စစ်ကောင်စီ ဘက်က မြို့တွေ၊ နယ်မြေတွေ ပြန် ထိုးစစ် ဆင်လာနိုင်တာကိုကြည့်ပြီး စိုးရိမ်စိတ်နဲ့ “တော်လှန်ရေး ဘယ်အခြေအနေ ဖြစ်နေပြီလဲ” ဆိုတာကို false hope မပါဘဲ အမှန်တိုင်း သိချင်ကြတာပါ။ ဒီစိုးရိမ်မှုတွေကို “အားမလျော့နဲ့၊ နိုင်တော့မှာပါ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဖုံးထားလို့ မရပါဘူး။
စစ်ကောင်စီဟာ တချို့စစ်မျက်နှာတွေမှာ တန်ပြန် ထိုးစစ်တွေ ပြန်လုပ်လာနိုင်ပါတယ်။ မကွေးက ရေနံမြေဒေသတွေ၊ ကရင်နီ၊ ရှမ်းမြောက်နဲ့ တနင်္သာရီဘက်တွေမှာ ဖိအားပေးမှုတွေရှိနေပြီး ဒေသတချို့မှာ တော်လှန်ရေး တပ်ဖွဲ့တွေ ဆုတ်ပေး ရတာလည်း ရှိပါတယ်။ ဥပမာ ထားဝယ် အထူးစီးပွားရေးဇုန်ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ရာနဲ့ချီတဲ့ တပ်အင်အားသုံးပြီး မြေပြင်၊ လေကြောင်းနဲ့ ရေကြောင်းပါ ပေါင်းစပ်ထိုးစစ်ဆင်နေတယ်။
ဒါပေမယ့် မေးသင့်တဲ့မေးခွန်းက “စစ်ကောင်စီ ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်သိမ်း နိုင်မှာလား” မဟုတ်ပါဘူး။ စစ်တပ်တစ်ခုမှာ လေတပ်၊ အမြောက်၊ လက်နက်ကြီး၊ ပြည်ပကရတဲ့ စစ်လက်နက်နဲ့ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ စစ်ရေးအခြေခံရှိနေသရွေ့ လက်နက်ငယ်လောက် အားထား တိုက်နေရတဲ့ တော်လှန်ရေး တပ်တွေကို အသာစီး ယူနိုင်ဖို့ ဘာမှ မခက်ပါဘူး။ ဒါကိုတောင် ရှုံးနေတာက အံ့ဩစရာ ကောင်းတာပါ။
တကယ်မေးရမယ့် မေးခွန်းက “၂၀၂၁ မတိုင်ခင်ကလို တစ်နိုင်ငံလုံးကို ပြန်အုပ်ချုပ်နိုင်မှာလား” ဆိုတာပါ။ နယ်မြေတစ်ခုကို ပြန်ယူနိုင်တာနဲ့ နိုင်ငံတစ်ခုကို အုပ်ချုပ်နိုင်တာ မတူပါဘူး။ တပ်အင်အား စုစည်းပြီး မြို့တစ်မြို့၊ လမ်းတစ်လမ်း၊ စီးပွားရေး အချက်အချာ တစ်ခုကို တိုက်ယူနိုင်ပါတယ်။ ဒါပေမယ့် အဲဒီနေရာကို နှစ်နဲ့ချီပြီး လုံခြုံစွာ ထိန်းချုပ် ဖို့၊ အုပ်ချုပ်ရေး ယန္တရား ပြန်တည်ဆောက်ဖို့၊ ထောက်ပို့ လမ်းကြောင်းတွေ လုံခြုံဖို့၊ ဒေသခံတွေရဲ့ ပူးပေါင်းမှုရဖို့က တခြားပြဿနာပါ။
ဒီနေ့ စစ်ကောင်စီရဲ့ အခက်အခဲကို မြင်ချင်ရင် ဧရာဝတီမြစ်ပေါ်က စစ်ရေယာဉ်စုကို ကြည့်လို့ရပါတယ်။ ကချင် ပြည်နယ် ရွှေကူဘက်ကို စစ်ကူနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဖို့ ဧရာဝတီမြစ်ကြောင်းက တက်လာတဲ့ စစ်ရေယာဉ်စုကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဆက်တိုက် တိုက်ခိုက်နေပြီး၊ စစ်ကောင်စီဘက်က ရေယာဉ်တွေ ထိခိုက်ဆုံးရှူံး နေသလို လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန် အသုံးပြုနေရပါတယ်။
အရင်တုန်းက စစ်တပ်ရဲ့ နောက်တန်းလို ဖြစ်ခဲ့တဲ့ အဲဒီဒေသတွေဟာ ဒီနေ့မှာ စစ်မြေပြင် ဖြစ်နေပါပြီ။ ထောက်ပံ့ရေး ယာဉ်တန်းတစ်ခု ဖြတ်သန်းဖို့တောင် စစ်ဆင်ရေး တစ်ခုလို လုပ်နေရတဲ့အခြေအနေဟာ မင်းအောင်လှိုင် အရပ်တကာ လှည့်ပြီး လိမ်ညာဖြီးဖြန်း နေတဲ့ “နိုင်ငံ ပြန်တည်ငြိမ်လာပြီ” ဆိုတဲ့ စကားနဲ့ ဘယ်လိုမှ မကိုက်ညီပါဘူး။
တော်လှန်ရေး အင်အားစုတွေဟာ လက်နက်ကိုင် တော်လှန်ရေး တစ်ခုတည်း မဟုတ်တော့ဘဲ ဒေသခံတွေ ပူးပေါင်းမှုနဲ့ လွတ်မြောက် နယ်မြေတွေမှာ အုပ်ချုပ်ရေး၊ ပညာရေးနဲ့ လူမှုဝန်ဆောင်မှု စနစ်တွေကိုပါ တည်ဆောက် နေကြပါတယ်။ ကုလသမဂ္ဂရဲ့ OHCHR ၂၀၂၆ အစီရင်ခံစာမှာတောင် ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်ရေး တည်ဆောက်နေတာကို အသိအမှတ် ပြုထည့်သွင်း လေ့လာထားပါတယ်။
ဒါပေမယ့် တော်လှန်ရေး အဖွဲ့အစည်းတွေ ဘက်မှာလည်း စည်းလုံး ညီညွတ်မှု၊ တာဝန်ခံမှု၊ command structure၊ လူ့အခွင့်အရေးနဲ့ ဒေသခံ ပြည်သူတွေအပေါ် ဆက်ဆံရေးကိစ္စတွေမှာ ပြင်ဆင်စရာတွေ ရှိနေပါတယ်။ ဒါတွေကို ပြင်နိုင်ခြင်းကပဲ တော်လှန်ရေးရဲ့ နောက်တစ်ဆင့် ဖြစ်ရပါမယ်။ အဲဒီထဲမှာ စည်းလုံးညီညွတ်ရေးကတော့ အခုထိ အကြီးဆုံး စမ်းသပ်ချက်ပါ။ ၂၀၂၆ မတ်လမှာ ဖွဲ့စည်းခဲ့တဲ့ SCEF ဟာ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းမှု အသစ်တစ်ခု ဖြစ်လာပါတယ်။
နိုင်ငံတကာကလည်း အကြမ်းဖက် အာဏာလုမှုကို မေ့သွားတာ မဟုတ်သေးပါဘူး။ မြန်မာ့ တော်လှန်ရေးကို လိုအပ်သလောက် မကူညီကြဘူးလို့ ယူဆနိုင်ပေမယ့် ကမ္ဘာက စစ်ကောင်စီကိုလည်း လက်ခံလိုက်တာ မဟုတ်ပါဘူး။ အာဆီယံ ခေါင်းဆောင်တွေက အမေစုကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး တွေ့ဆုံ ဆွေးနွေးကြဖို့၊ ဒါတွေကို ငြင်းပယ် ခဲ့တဲ့ စစ်ကောင်စီကို ဆက်လက် ဖယ်ကြဉ်ထားဖို့ ဆုံးဖြတ် ခဲ့ကြတာ တွေ့ကြမှာပါ။
ဒါ့အပြင် UN ကလည်း အရပ်သားတွေ အပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ၊ မတရား ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ အတွက် အထောက်အထားတွေ ဆက်လက် စုဆောင်းနေပါတယ်။ ဒါကြောင့် စစ်ကောင်စီအတွက် အချိန်ကြာသွားတာဟာ ပြစ်မှုမှတ်တမ်းတွေ ပျောက်သွားတာ မဟုတ်ဘဲ အထောက် အထား အသစ်တွေက တိုးလာနေတာ ဖြစ်ပါတယ်။
91
21September 1, 2026 2.1K 1 3