မယ်ထွေးနဲ့ ရွှေစွန်ညို
-----------------------------
ဝေဟင်မှာ အပျံသင်ရင်း
ကြုံလို့ဆုံလို့ မျက်နှာလေးတွေ့ခဲ့ရတာပါ။
မုသားမဆိုပါဘူး မယ်ထွေးရယ်
မျက်နှာလေးတွေ့ရရုံ
ခြုံငုံပြီးကြည့်ဖြစ်တာပါ။
ငွေတံတိုင်းရော လူတံတိုင်းပါ
ခြံရံနေဖို့မလိုသလို
ရေတွေ ခဏခဏခမ်းဖို့လည်း
မလိုလှဘူး မယ်ထွေးရေ။
မေတ္တာစစ်စစ် ဈေးညစ်နေတဲ့ခေတ်မှာ
ကာလာမပါ အဖြူထည်သန့်သန့်နဲ့
လှမ်းကာငေးကာ ကြည့်မိတာပါ။
အထာကျကျပြောရရင်
ဝေးဝေးကလွမ်းရတာလည်း
အဆင်ပြေပါတယ်။
အေးအေးလူလူပျံပြီးငေးပေမယ့်
အတွင်းသားကတော့ ဆွေးလှပါတယ်။
တစ်ခါတည်းပါ မယ်ထွေးရယ်
မေတ္တာစစ်စစ်နဲ့တစ်ခါလောက်ငေးမှာပါ
ကမ္ဘာမခြားပါနဲ့။
နှလုံးသားနုနေတာမို့ အရမ်းမလုရက်လို့ပါ။
-ခွန်းတေဇ
2
1August 29, 2025 398 2