{CALVUS} Knowledge Sharing for Burmese: post #1010 — TG.ME

"အချစ်ဦးအကြောင်းပြောပြမယ်"
----------------------------------------------

အချစ်ဦးအကြောင်းပြောပြမယ်။

တိုက်ဆိုင်လို့ငိုစရာရှိရင် ငိုရအောင်
တစ်ရူးလေးတော့ ဆောင်ထားပေါ့။

မေ့မေ့ပျောက်ပျောက်ပါဘဲ
ကိုမင်းကိုမေ့ချင်ယောင်ဆောင်ထားတာ
နှစ်ကာလကြာနေပေမယ့်
ဒီနှစ်ထဲတော့ ကိုယ့်နှလုံးသားမှာ
လှုပ်လှုပ်ရွရွ ပိုတမ်းတနေမိတယ်။
ဖိတ်စာလေးတစ်စောင်ကစလို့ပေါ့။

မှတ်မိသေးတယ် အချစ်ရေ
ကိုသိပ်မှတ်မိတာပေါ့။
နှစ်ဦးသားပေါင်းဖက်ဖို့
ဘုရားအတူသွားတိုင်း
ဂြိလ်တိုင်ကနှစ်ဦးသားရဲ့ဂြိုလ်သက်တွေကို
ပေါင်းပြီး ရေလောင်းခဲ့တာတွေ
ဘယ်သူကမေ့နိုင်မှာလဲ။

အခုတော့လည်း တစ်ယောက်တည်း။
မေ့မေ့ပျောက်ပျောက်ဖြစ်ပြီဆိုပြီး
လောကကြီးကို လိမ်ရသေးတယ်။

ကဗျာတွေသာရေးတတ်သူမို့
မင်းကိုလွမ်းတိုင်း ကဗျာတွေနဲ့
ဖောဖောသီသီ ငိုပစ်ရသေးတယ်။

ခေတ်ဟောင်းသံစဥ်တွေကြားတိုင်း
မူလန်ကာတွန်းကြည့်တိုင်း
အပြိုင်အဆိုင်ငြင်းခဲ့ကြတာတွေတွေးရင်း
တစ်ခါတစ်လေ မျက်ရည်ကျမိသလို
လက်ဖက်ရည်ဆိုင်ကကလေးတွေက
ကိုကြီး ဟိုမမအတွက်ရော
ဆီချက်ဆွဲအုန်းမလားမေးတိုင်းလည်း
အောင့်သက်သက်နဲ့
ခေါင်းခါပြရသေးတယ်။

ဖိနပ်ပေးရင်ပြေးတတ်တယ်
နာရီပေးရင်ဝေးတတ်တယ်တဲ့။
ရှေးစကားတွေကမှန်တာလား
ကိုတို့ကသစ္စာမရှိတာလား။

မင်းကလေးမေ့တတ်တာကအရင်လိုဘဲနော်။
နာမည်တောင်အတွင်း နဲ့ အပြင်မှားရေးတုန်း
အခုလည်းကြည့်လေ အထူးဧည့်သည်တဲ့။

-ခွန်းတေဇ
August 17, 2025 405 1