ရန်ကုန်မြို့တွင်း လမ်းမပေါ်တင်မက အိမ်ထဲထိပင် စစ်မှုထမ်းအတွက် ပြန်ပေးဆွဲ
စက်တင်ဘာလ ၇ ရက်
ရန်ကုန်မြို့တွင်း မြို့နယ်များ၏ လမ်းများပေါ်တင်မက အိမ်ထဲထိပင် စစ်မှုထမ်းအတွက် ပြန်ပေးဆွဲ ခြင်းကို စစ်အုပ်စုဝင်တို့က အားစိုက် လုပ်ဆောင်နေကြောင်း သိရသည်။
စက်တင်ဘာ၆ရက်၊၅ရက်နှင့် ၄ရက်နေ့တို့တွင် တာမွေ၊လသာနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် စစ်အုပ်စုဝင်တို့က လမ်းမပေါ်သွားလာနေသည့် လူငယ်များအမျိုးသားများအား အဓမ္မဖမ်းဆီးခြင်းနှင့် အိမ်ပေါ်တက်၍ ဖမ်းဆီးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ရန်ကုန်ကို စောင့်ကြည့်နေသည့် Rangoon Scout Network – RSN ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
“အခု ဩဂုတ်လထဲမှာ ဖွင့်ရမယ့် စစ်မှုထမ်းသင်တန်းအပတ်စဉ် ၂၈ က သိရသလောက်ဆို မနက်ဖြန် (စက်တင်ဘာ၈)၊သဘက်ခါ(စက်တင်ဘာ၉ရက်)လောက်မှ ဖွင့်နိုင်မယ်။ ဒီအပတ်ထဲလည်း ရန်ကုန် မှာ အဆွဲကြမ်းနိုင်တယ်။အခုဆွဲနေတာက လူမရွေးတော့ဘူး။၄၀ကျော်၊၅၀လည်း ဆွဲနေတယ်”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က MPAသို့ပြောသည်။
စက်တင်ဘာလ ၆ ရက် နေ့ခင်း ၁၂ နာရီခန့်တွင် တာမွေမြို့နယ်၊ သတိပဋ္ဌာန်လမ်းနှင့် ကျားကွက်သစ် လမ်းထောင့်၌ စစ်သား ၁၀ဦးခန့်က လမ်းသွားလမ်းလာများကို တားကာ ဖုန်းများပါ စစ်ဆေးခဲ့ပြီး မွန်းလွဲ၁ နာရီ ၄၅ မိနစ်ခန့်၌ အသက်၂၀ဝန်းကျင်ရှိ အမျိုးသား၂ဦးအား တရွတ်တိုက် ဆွဲခေါ် ဖမ်းသွား ကြောင်း RSN က ထုတ်ပြန်သည်။
စက်တင်ဘာ ၅ ရက် ည ၁၀ နာရီခန့်တွင် လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ် ၂၁ လမ်းထိပ်၌ လူငယ်အမျိုးသား ၂ ဦး လမ်းလျှောက်သွားလာနေစဉ် စစ်ကားတစ်စီးက ကားပေါ်ဆွဲတင်သွားခဲ့ သည်။
စက်တင်ဘာလ ၄ ရက်၊ ည ၈ နာရီကျော်တွင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်းဘက် မြဝတီဝင်းထဲသို့ စစ်ကား ၁ စီးဖြင့် စစ်သားများရောက်လာပြီး တိုက် ၁ နေ အမျိုးသား ၃ ဦးကို စစ်မှုထမ်းအလှည့်ကျသည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း RSN ကဆိုသည်။
ရန်ကုန်တွင် ယခုရက်ပိုင်းအတွင်း စစ်မှုထမ်းအတွက် ပြန်ပေးဆွဲမှုများ ပိုဆိုးနေဦးမည်ဟုRSN က စက်တင်ဘာ၅ရက်သတိပေးထားသည်။
“ဩဂုတ်လကုန်ပိုင်း နဲ့ စက်တင်ဘာလ အစပိုင်းတွေမှာ လူတွေ အသည်းအသန် လိုက်ဆွဲနေတယ်ဗျ။ ခုရက်ပိုင်း ဆိုးနေဦးမယ် ထင်ပါတယ်။ စစ်မှုထမ်းသင်တန်းအမှတ်စဉ်သစ် မစခင်ထိ ဆွဲနေကြဦးမှာ ပါဗျ”ဟု RSN တာဝန်ရှိသူက ပြောသည်။
ဩဂုတ်လထဲတွင် ရန်ကုန်တိုင်းထဲ၌ လူငယ် ၉၈ဦးကို စစ်အုပ်စုက မတရားဖမ်းဆီးခဲ့ပြီး ယင်းအထဲ တွင် လမ်းမပေါ်နှင့် အများပြည်သူမြင်ကွင်းရှေ့ ဖမ်းဆီးခံရသူ ၄၇ဦး ရှိကြောင်း RSN က ထုတ်ပြန် ထားသည်။
#MPA
#HlaingInfo

58
6
2
1
1September 7, 2026 2.1K 13