ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအုပ်စု ဆေးခန်းကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊
▪️ဝက်လက်မြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က အသေခံဒရုန်းများဖြင့် တိုက်ခိုက်
စက်တင်ဘာလ ၇ ရက်
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအုပ်စု ဆေးခန်းကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆေးခန်း အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရုံးချောင်းကျေးရွာ အုပ်စုဆေးခန်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုံးကျဲ တိုက်ခိုက်ခံရသော ဆေးခန်း အဆောက်အအုံတွင် တော်လှန်ရေးတပ်ဖွဲ့များ စခန်းချ နေထိုင်ခြင်းလည်းမရှိဘဲ ပြည်သူများလည်း မရှိသောကြောင့် ထိခိုက်သူ မရှိသော်လည်း ဆေးခန်း အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
"ကြို့ပင်ကောက်မြို့နယ်ထဲက ရုံးချောင်းကျေးရွာအုပ်စုဆေးခန်းကို အကြောင်းမဲ့ စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ဆေးခန်း အဆောက်အအုံတွေတော့ ပျက်စီးသွားတယ်။ တိုက်ပွဲလဲမရှိဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ နေထိုင်ခြင်းလည်းမရှိဘူး။ စစ်ခွေးတွေက အကြောင်းမဲ့ တိုက်ခိုက်တာပါ။ လူနေထိုင်ခြင်းလဲမရှိတော့ ထိခိုက်မှုမရှိဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ကြို့ပင်ကောက်မြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်လာနိုင်သောကြောင့် ပြည်သူများ အနေဖြင့် လေကြောင်း အန္တရာယ်နှင့် လက်နက်ကြီး အန္တရာယ်တို့ကို သတိပြုနေထိုင်ကြရန် အသိပေး ပြောဆိုထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်တောင်ခြမ်းနှင့် အနောက်မြောက်ခြမ်းရှိ ကျေးရွာများကိုလည်း စစ်တပ်က အသေခံဒရုန်း ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။
ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ ၃၉ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အနောက်တောင်ခြမ်းရှိ နေရာတစ်နေရာကို လည်းကောင်း၊ ညနေ ၄ နာရီ ၄၇ မိနစ်တွင် အနောက်မြောက်ခြမ်းရှိ နေရာတစ်နေရာကို လည်းကောင်း ရွှေဘိုမြို့နယ် အခြေစိုက် လေ့ကျင့်ရေး (၈) တပ်မှ လွှတ်တင်လိုက်သော အသေခံ ဒရုန်း ၂ စီးက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်ခံရသည့် နေရာများတွင် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေများကိုမူ ဆက်လက် စိစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် အပြစ်မဲ့ အရပ်သား ပြည်သူများပေါ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသဖြင့် မိဘပြည်သူများအနေဖြင့် လေကြောင်းသတိ၊ လေကြောင်းအသိဖြင့် သတိပြု နေထိုင်ကြပါရန် ဝက်လက်မြို့နယ် ပကဖ အဖွဲ့က တိုက်တွန်း နှိုးဆော်ထားသည်။
#KTM
#HlaingInfo

51
3
1
1September 7, 2026 2.7K 4