မြန်မာမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့… — Hlaing Info — TG.ME

မြန်မာမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေတယ်လို့ IIMM အကြီးအကဲပြော

စက်တင်ဘာလ ၇ ရက်

မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားပါတယ်။

ဒီနေ့ ကျင်းပတဲ့ (၆၃)ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီပုံမှန်အစည်းအဝေးမှာ IIMM အကြီးအကဲက IIMM ရဲ့ အဋ္ဌမမြောက် နှစ်ပတ်လည်အစီရင်ခံစာကို တင်သွင်းရင်း မိန့်ခွန်းပြောကြားခဲ့တာပါ။

“မြန်မာစစ်တပ်အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးအားထားနေပြီး အရပ်သားတွေက အဓိက ထိခိုက်နစ်နာရသူတွေ ဖြစ်နေပါတယ်”လို့ IIMM အကြီးအကဲက ကုလလူ့အခွင့်အရေးကောင်စီကို တင်ပြပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဆက်ပြီး ဆိုးရွားလာနေတာကို သူက ကောင်စီကို အစီရင်ခံပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်လောက်က စစ်တပ်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တရားစခန်း ဖွင့်နေတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုပေါင်း ၆၀၀ ကျော်ထဲက တစ်ခုဖြစ်တယ်လို့ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။

“ဒါ့အပြင် စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေဟာ မကြာခဏ ပစ်မှတ်ထားခံနေရပါတယ်”လို့ သူက ဆက်ပြောပါတယ်။

မြန်မာစစ်တပ်ဟာ လေယာဉ်တွေထက် ကြိုတင်သိရှိဖို့ ပိုခက်ခဲတဲ့ ပါရာမော်တာတွေနဲ့ ဒရုန်းတွေကို ပိုပြီးအသုံးပြုလာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ခိုလှုံဖို့ အချိန်နည်းလာတယ်လို့ IIMM အကြီးအကဲက ပြောပါတယ်။ စစ်တပ်ဟာ ‘နှစ်ကြိမ်ဆင့်တိုက်ခိုက်မှု’ နည်းလမ်းကို ပိုသုံးလာတာကို IIMM က သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ ပထမအကြိမ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေကို ကူညီပေးတဲ့ ကယ်ဆယ်ရေးသမားတွေကို ထိခိုက်စေဖို့ ဒုတိယအကြိမ် ထပ်ဆင့်တိုက်ခိုက်တာမျိုး ကျူးလွန်နေတယ်လို့ ဆက်ပြောပါတယ်။

IIMMရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ တိုးတက်မှုတွေရှိနေပြီး ဒီတိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့ တပ်ဖွဲ့အများအပြားနဲ့ သူတို့ အခြေစိုက်ရာ လေတပ်စခန်းတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာလည်း ပဋိပက္ခတွေ သိသိသာသာ ပြင်းထန်နေပြီး လက်နက်ကိုင်အဖွဲ့ အမျိုးမျိုးက ကျူးလွန်တယ်ဆိုတဲ့ လူသတ်မှု၊ ဥပဒေမဲ့ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အင်အားသုံးပြီး နယ်မြေမှ ဖယ်ရှားမှုနဲ့ဆိုင်တဲ့ စွပ်စွဲချက်တွေကို IIMMက စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

IIMMဟာ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ ဂြိုဟ်တုပုံရိပ်တွေ၊ ဆိုရှယ်မီဒီယာပို့စ်တွေ၊ ဘဏ်ငွေလွှဲ ပြောင်းမှုတွေနဲ့ လက်နက်ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အချက်အလက်တွေ အပါအဝင် ရင်းမြစ် ပေါင်း ၁,၆၀၀ ကျော်ကနေ အထောက်အထားအများအပြားကို စုဆောင်းရရှိထားပါတယ်။ နောက်ပြီး သက်သေထွက်ဆိုချက်ပေါင်း ၇၅၀ ကျော်ကိုလည်း စုဆောင်းထားတယ်လို့ အသိပေးပါတယ်။

အဲဒီဒီအထောက်အထားတွေက ဘယ်လိုရာဇဝတ်မှုတွေ ဖြစ်ပျက်ခဲ့တယ်၊ ဘယ်သူတွေမှာ တာဝန်ရှိတယ်၊ ဒီရာဇဝတ်မှုတွေအတွက် ဘယ်သူတွေက ငွေကြေးထောက်ပံ့ခဲ့တယ်၊ ပံ့ပိုးကူညီခဲ့တယ် ဒါမှမဟုတ် အကျိုးအမြတ်ရရှိခဲ့တယ် ဆိုတာတွေကို နားလည်နိုင်ဖို့ အထောက်အကူပြုတယ်လို့ နီကိုလတ်စ်ခွန်ဂျန်က ရှင်းပြပါတယ်။

IIMMဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရရှိရေး ကြိုးပမ်းနေတဲ့ သက်ဆိုင်ရာ တရားရေးအာဏာပိုင်တွေထံကို အထောက်အထားနဲ့ စိစစ်သုံးသပ်ချက် အများ အပြား မျှဝေပေးထားပြီး ဒီအထဲမှာ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)နဲ့ အာဂျင်တီးနားနိုင်ငံ တို့လည်း ပါဝင်ပါတယ်။
�ဒါ့အပြင်၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ကုလလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့က တရားရေးအာဏာပိုင်တွေထံ မျှဝေထားပြီး ဖြစ်တယ်လို့ IIMMအကြီးအကဲက ပြောပါတယ်။

IIMMဟာ ရာဇဝတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်းနဲ့ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာကို သက်သေပြနိုင်မယ့် အထောက်အထားတွေကို ဆက်လက်စုဆောင်းသွားမှာဖြစ်ကြောင်းနဲ့ ဒီအထောက်အထားတွေကို အသုံးပြုပြီး တရားမျှတမှုရရှိရေးအတွက် နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားရေးအာဏာပိုင်တွေကိုလည်း ဆက်လက်ကူညီသွားမှာ ဖြစ်ကြောင်း နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။

#LNO
#HlaingInfo
👍51❤12😁2
September 7, 2026 2.3K 2 3