နေပြည်တော်မှ ကားအငှား ဝန်ဆောင်မှုပေးသူ ကိုဝင်းကိုအား ပစ်သတ်သွားသူမှာ နေပြည်တော်လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ် ရဲရင့်အောင်ဖြစ်ပြီး ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်သတ်ခဲ့
စက်တင်ဘာလ ၈ ရက်
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်မှ ကားအငှားဝန်ဆောင်မှု လုပ်ကိုင်နေသူ ကိုဝင်းကိုအား သတ်ဖြတ်ပြီး မော်တော်ယာဉ်ကို လုယူသွားခဲ့သူမှာ နေပြည်တော်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ရဲရင့်အောင်ဖြစ်ပြီး ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၆ ရက်နေ့တွင် အဆိုပါ လူသတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေပြည် တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာတွင် နေထိုင်ကာ ကားအငှားဝန်ဆောင်မှု လုပ်ကိုင်နေသူ အသက် ၃၄ နှစ်အရွယ် ကိုဝင်းကိုသည် နေပြည် တော်မှ မိတ္ထီလာမြို့သို့ သွားရောက်ရန် ကားငှားရမ်းသူ ရဲအရာရှိ ရဲရင့်အောင်ကို တင် ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရဲအရာရှိ ရဲရင့်အောင်က နေပြည်တော် မြို့မစျေးမှ အငှားမော်တော်ယာဉ်ကို ငွေကျပ် ၄ သိန်းဖြင့် ငှားရမ်းခဲ့ပြီး မိတ္ထီလာမြို့တွင်ရှိသော ချစ်သူထံ သွား ရောက် ရန်ဟုဆိုကာ ကိုဝင်းကို၏ ကားကို ငှား ရမ်းခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ် တစ်နေရာအရောက်တွင် ကားငှားရမ်းစီးနင်းလာသူက ကိုဝင်းကိုအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် အလောင်းကို လမ်းဘေးသို့ စွန့်ပစ်ခဲ့ကာ ကိုဝင်းကို၏ မော်တော် ယာဉ်ကို ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကိုဝင်းကို၏ မိသားစုဝင်များက ၎င်း၏ ဖုန်းသို့ ဆက်သွယ်ခဲ့ရာ ကိုဝင်းကိုကိုယ်တိုင် ဖုန်းကိုင်ခြင်းမဟုတ်ဘဲ အခြားအမျိုးသားတစ်ဦးက ဖုန်းလက်ခံဖြေကြားခဲ့ကြောင်း သိရှိရသည်။
ဖုန်းကိုင်ခဲ့သည့် အမျိုးသားက လက်ရှိတွင် မိတ္ထီလာမြို့သို့ ရောက်ရှိနေပြီး ကားဆရာမှာ အပြင်သို့ ခေတ္တ သွားနေသဖြင့် မိမိက ဖုန်းကိုင်လိုက်ခြင်းဖြစ်ကြောင်း မိသားစုဝင်များထံ ပြောဆိုခဲ့သည်ဟု သိရသည်။
ယင်းနောက် ကိုဝင်းကို၏ မိသားစုဝင်များက စိုးရိမ်သဖြင့် ဖုန်းသို့ ထပ်မံဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်သွားခဲ့ကြောင်း၊ ထို့ကြောင့် မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့ထံ ဆက်သွယ်ကာ အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ရှာဖွေစုံစမ်းမှုများ ပြုလုပ်နေစဉ် စက်တင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် နွားကျောင်းသားတစ်ဦးက နွားသိမ်းအပြန် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၇၉/၁) အနီးတွင် လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့ပြီး ရာအိမ်မှူးမှတစ်ဆင့် သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ကိုဝင်းကို၏ အလောင်းကို နေပြည်တော်မှ မန္တလေးဘက်သို့ အသွားလမ်းအခြမ်းရှိ အမြန်လမ်းဘေးမှ ပေ ၃၀၀ ခန့်အကွာတွင် ပက်လက်အနေအထားဖြင့် တွေ့ရှိခဲ့ရကြောင်း သိရသည်။ အလောင်းတွင် ဦးခေါင်းပိုင်း၌ ပြင်းထန်သည့် ဒဏ်ရာများ ရရှိထားကြောင်း ကနဦးသတင်းများတွင် ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့က အလောင်း၏ ဓာတ်ပုံနှင့် အချက်အလက်များကို နေပြည်တော်ရှိ မိသားစုဝင်များထံ ပြသစစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကိုဝင်းကိုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။
ထို့အပြင် ကိုဝင်းကို ပိုင်ဆိုင်သည့် အဖြူရောင် Hyundai Accent အမျိုးအစား၊ ယာဉ်အမှတ် 9Q/4825 သည်လည်း ပျောက်ဆုံးနေခဲ့ရာ ရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်သူနှင့် ပျောက်ဆုံးနေသည့် မော်တော်ယာဉ်ကို လိုက်လံစုံစမ်းခဲ့ကြောင်း သိရသည်။
စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ပြီးနောက် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်သူမှာ အသက် ၂၂ နှစ်အရွယ် ရဲရင့်အောင်ဖြစ်ကာ နေပြည်တော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
ရဲရင့်အောင်က ကိုဝင်းကိုအား ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ကိုဝင်းကို၏ ရုပ်အလောင်းကို မိတ္ထီလာမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၇၉/၁) ၏ အရှေ့ဘက် လှည်းလမ်းမဘေးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီးနောက် မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူ ဒုရဲအုပ် ရဲရင့်အောင်အား မိတ္ထီလာမြို့မရဲစခန်းတွင် (ပ)၁၄၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူထားကြောင်း သိရှိရသည်။
#KTM
#HlaingInfo

27
9
3
2
1
1September 8, 2026 1.4K 2