ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် မြန်မာပြည်သူများကို ဆက်လက်ကိုယ်စားပြုနိုင်ရေး လူထုလှုပ်ရှားမှု စတင်၊ အွန်လိုင်းမှ ပြည်သူများပါဝင်နိုင်ကြောင်း ဖိတ်ခေါ်
စက်တင်ဘာ ၈ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်တွင် မြန်မာပြည်သူများ၏ အသံကို ဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက် အွန်လိုင်းမှ လူထုထောက်ခံမှု လှုပ်ရှားမှုတစ်ရပ်ကို People Movement Platform - Myanmar က စတင်ဆောင်ရွက်နေကြောင်း သိရသည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ကုလသမဂ္ဂစင်မြင့်တွင် မြန်မာပြည်သူများကို ကိုယ်စားပြုကာ စစ်အာဏာရှင်စနစ်၏ အခြေအနေများနှင့် မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် အခက်အခဲများကို နိုင်ငံတကာအသိုင်းအဝိုင်း သိရှိနိုင်ရေး ဆက်လက်ပြောဆို တိုက်ပွဲဝင်လျက်ရှိသည်။
လက်ရှိတွင် အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ်နေရာကို ရယူနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသည့်အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်နိုင်ရေး ပြည်သူလူထု၏ ထောက်ခံမှု လိုအပ်နေကြောင်း People Movement Platform - Myanmar က ပြောဆိုသည်။
“ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လိမ်ညာဝါဒဖြန့်မှုတွေ နေရာမရစေဘဲ ပြည်သူ့အသံအစစ်အမှန်ကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေနိုင်ဖို့အတွက် လူတစ်ဦးချင်းစီတိုင်းရဲ့ ထောက်ခံပံ့ပိုးမှုတွေ လိုအပ်နေပါတယ်” ဟု People Movement Platform - Myanmar က တိုက်တွန်းထားသည်။
အဆိုပါ လူထုလှုပ်ရှားမှုတွင် ပါဝင်လိုသူများအနေဖြင့် https://our-ambassador-our-voice.vercel.app/ သို့ ဝင်ရောက်ကာ အွန်လိုင်းမှ ထောက်ခံနိုင်ကြောင်း သိရသည်။
လှုပ်ရှားမှုတွင် ပါဝင်ရန် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး “I SUPPORT” ကို နှိပ်ကာ ထောက်ခံရသည့် အကြောင်းရင်းနှင့် အမည်ကို ရေးသားနိုင်ပြီး မရေးသားလိုပါကလည်း ကျော်သွားနိုင်ကြောင်း၊ ထို့နောက် “Add My Support” ကို နှိပ်၍ “Thank You. Your support has been counted.” ဟူသည့် အတည်ပြုစာတမ်း ပေါ်လာပါက ထောက်ခံမှုကို မှတ်တမ်းတင်ပြီးဖြစ်ကြောင်း သိရသည်။
People Movement Platform - Myanmar က ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေခြင်းသည် မြန်မာပြည်သူများ၏ အသံကို နိုင်ငံတကာက အမှန်တကယ် ကြားသိနိုင်ရေးအတွက် အရေးပါကြောင်း ပြောဆိုထားသည်။
အကြမ်းဖက်စစ်အုပ်စုက အဆိုပါ ကိုယ်စားလှယ်နေရာကို ရယူသွားနိုင်ပါက မြန်မာပြည်သူများ၏ အမှန်တကယ်အသံ ကုလသမဂ္ဂစင်မြင့်တွင် အားနည်းသွားနိုင်ပြီး စစ်အုပ်စု၏ ဝါဒဖြန့်ချိမှုများအတွက် နေရာပိုမိုရရှိသွားနိုင်ကြောင်းလည်း လှုပ်ရှားမှုဦးဆောင်သူများက စိုးရိမ်ထောက်ပြထားသည်။
ထို့ကြောင့် ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများအနေဖြင့် ကုလသမဂ္ဂစင်မြင့်ပေါ်မှ မြန်မာပြည်သူများ၏ အသံကို ဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ သံတမန်ရေးတိုက်ပွဲတွင် ပါဝင်ထောက်ခံကြရန် People Movement Platform - Myanmar က မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
#KTM
#HlaingInfo

66
13
6
5September 8, 2026 2.6K 6