နေပြည်တော်မှ ကားအငှား ဝန်ဆောင်မှုပေးသူ ကိုဝင်းကိုအား ပစ်သတ်သော… — Hlaing Info — TG.ME

နေပြည်တော်မှ ကားအငှား ဝန်ဆောင်မှုပေးသူ ကိုဝင်းကိုအား ပစ်သတ်သော ရဲတပ်ဖွဲ့ဝင် ရဲရင့်အောင်က မူးယစ်ဆေးဝါးသုံးစွဲထားပြီး ခိုးယူခဲ့သော ခြောက်လုံးပြူး သေနတ်ကို လူသတ်ရာတွင်သုံးခဲ့၊

▪️လူသတ်ပြီးနောက် အဖော်ရဲ ၅ ဦးကို ခေါ်ယူကာ သောက်စားပျော်ပါးစဉ် ဖမ်းဆီးရမိ

စက်တင်ဘာလ ၉ ရက်

နေပြည်တော်မှ ကားအငှား ဝန်ဆောင်မှုပေးသူ ကိုဝင်းကိုအား ပစ်သတ်သော ရဲတပ်ဖွဲ့ဝင် ရဲရင့်အောင်က မူးယစ်ဆေးဝါးသုံးစွဲထားပြီး ခိုးယူခဲ့သော ခြောက်လုံး ပြူးသေနတ်ကို လူသတ်ရာတွင်သုံးခဲ့ကာ လူသတ်ပြီးနောက် အဖော်ရဲ ၅ ဦးကို ခေါ်ယူကာ သောက်စားမူးယစ်ပျော်ပါးခဲ့ကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

စက်တင်ဘာလ ၆ ရက်နေ့ နေပြည်တော်မှ မိတ္ထီလာမြို့သို့ သွားရောက်ရန် အသက် ၂၂ နှစ်အရွယ် ရဲတပ် ဖွဲ့ဝင် ရဲရင့်အောင်က အသက် ၃၄ နှစ်အရွယ် ကိုဝင်းကိုကို ငှားရမ်းခဲ့ပြီး လမ်းခရီးတွင် ခိုးယူလာသော ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်သတ်ကာ ကားကို လုယူခဲ့ကြောင်း သိရှိရသည်။

လူကုန်ကူးမှုတားဆီးရေးတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ရဲရင့်အောင်သည် တာဝန်ကျရာ မကွေးတိုင်းနှင့် ကချင် ပြည်နယ်ဘက်သို့ ရှေ့တန်းထွက်ခဲ့စဉ် ရဲအရာရှိတစ်ဦး၏ ခြောက်လုံးပြူးသေနတ်ကို ခိုးယူထားခဲ့ကြောင်း၊ ယင်းနောက် တာဝန်ကျရာနေရာမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် အဆို ပါခြောက်လုံးပြူး သေနတ်ဖြင့် လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အသတ်ခံရသူ ကားအငှားဝန်ဆောင်မှုပေးသူ ကိုဝင်းကိုသည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာတွင် နေထိုင်ကာ ရဲတပ်ဖွဲ့ဝင် ရဲရင့်အောင်က မိတ္ထီလာမြို့သို့ သွားမည်ဟုဆိုကာ ကားငှားရမ်းခဲ့ခြင်းဖြစ်သည်။

"သူက နဂိုကတည်းက ကိုဝင်းကို မဟုတ်ဘဲ အခြားကားသမားဆိုလည်း သူက သတ်မှာပဲ။ သတ်ဖို့ကို နဂိုကတည်းက ကြံစည်ထားတဲ့ ရည်ရွယ်ချက်ရှိနေတာ" ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

ရဲတပ်ဖွဲ့ဝင် ရဲရင့်အောင်က စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်း ကိုဝင်းကို၏ အဖြူရောင် Hyundai Accent ကားဖြင့် နေပြည်တော်မှ ထွက်ခွာလာခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၃ အနီးအရောက်တွင် အပေါ့သွားလိုကြောင်း ပြောဆိုကာ ကားရပ်ခိုင်းခဲ့ကြောင်း သိရသည်။

ထို့နောက် ကားရပ်လိုက်ချိန်တွင် ရဲရင့်အောင်က ကိုဝင်းကိုကို ခြောက်လုံးပြူးသေနတ်ဖြင့် ပထမအချက်ပစ်ခတ်ခဲ့ပြီး နောက်ထပ်တစ်ချက် ထပ်မံပစ်ခတ်ခဲ့ကြောင်း ၊ကိုဝင်းကိုကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် အလောင်းကို ကားလမ်းဘေးရှိ လှည်းလမ်းတစ်နေရာသို့ ပေ ၃၀၀ ခန့်အကွာတွင် သွားရောက်စွန့်ပစ်ခဲ့ကာ ၎င်းပိုင်ဆိုင်သည့် ကားကို မောင်းယူသွားခဲ့ကြောင်း သိရသည်။

ကိုဝင်းကို၏ မိသားစုဝင်များက စက်တင်ဘာ ၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဖုန်းဆက်သွယ်ခဲ့ရာ ကိုဝင်းကိုကိုယ်တိုင် ဖုန်းမကိုင်ဘဲ ရဲတပ်ဖွဲ့ဝင် ရဲရင့်အောင်က ဖုန်းလက်ခံပြောဆိုခဲ့ကြောင်း၊ ရဲရင့်အောင်သည် အဆိုပါလူသတ်မှုကို တစ်ဦးတည်း ကြိုတင်ကြံစည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကားငှားချိန်ကတည်းက ငွေကြေးတစ်ပြားတစ်ချပ်မျှ မပါကြောင်း စစ်ဆေးချက်များအရ သိရသည်။

ထို့အပြင် ရဲရင့်အောင်သည် လူသတ်မှုကျူးလွန်ပြီးနောက် သေဆုံးသူ ကိုဝင်းကို၏ ပစ္စည်းများကို စွန့်ပစ်ကာ ကားဖြင့် နေပြည်တော်သို့ ပြန်လာပြီး MICC 2၊ သပြေဆောင်အဝိုင်းအနီးတွင် ရဲအဖော် ၅ ဦးကို ခေါ်ယူကာ ဘီယာသောက်စားမူးယစ်နေခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ရဲရင့်အောင်နှင့်အတူ ပါလာသော ကားကို မြင်တွေ့သူ ရဲတစ်ဦးက သက်ဆိုင်ရာသို့ လူပျောက်တိုင်ထားသော ကားကို တွေ့ရှိသည်ဟု သတင်းပို့ခဲ့ကြောင်း၊ ယင်းနောက်ရဲရင့်အောင်ကို ဖမ်းဆီးရမိခဲ့ပြီး အတူရှိနေသည့် ရဲ ၅ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရှီရသည်။

ရဲတပ်ဖွဲ့ဝင် ရဲရင့်အောင်သည် အငယ်တန်းရဲတပ်သားအဆင့်သာရှိသူဖြစ်ပြီး ကနဦးတွင် လူသတ်မှုကို ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အမှန်အတိုင်း ဝန်ခံခဲ့ကြောင်း၊ ထို့အပြင် လူသတ်မှုကျူးလွန်ချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း သိရှိရသည်။

လက်ရှိတွင် ရဲရင့်အောင်အား မိတ္ထီလာမြို့မရဲစခန်း၌ (ပ) ၁၄၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သေဆုံးသူ ကိုဝင်းကိုသည် ပဲခူးတိုင်း၊ ပြည်မြို့နယ်ဘက်ကမ်းရှိ ကျေးရွာတစ်ရွာမှဖြစ်ပြီး မိသားစုကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ကာ ကားအငှားလုပ်ငန်းထဲ ဝင်ရောက်လုပ်ကိုင်သည်မှာ ၁ နှစ်ပင်မပြည့်သေးကြောင်း၊သေဆုံးသူကို သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
👍47❤15🔥7🤬1
September 9, 2026 2.9K 7