ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရိခ် ရာမန်ကို နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ… — Hlaing Info — TG.ME

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရိခ် ရာမန်ကို နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါက သွားရောက် တွေ့ဆုံပြီး ရိုဟင်ဂျာအရေး အပါအဝင် မြန်မာ့နိုင်ငံရေးအခြေအနေများ ဆွေးနွေး

စက်တင်ဘာလ ၈ ရက်

ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် BNP ပါတီဥက္ကဋ္ဌ တာရိခ် ရာမန်က နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါတို့ တွေ့ဆုံ၍ ရိုဟင်ဂျာအရေးအပါအဝင် မြန်မာနိုင်ငံအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မှလာသော သတင်းများအရ သိရှိရသည်။

အဆိုပါ တွေ့ဆုံပွဲကို စက်တင်ဘာလ ၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါက ၎င်းအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ငြိမ်း ချမ်းရေးဖော်ဆောင်ရေးနှင့် မညီမျှမှုများ လျှော့ချရေးလုပ်ငန်းများကို နှစ်ပေါင်း ၅၀ နီးပါး ဆောင်ရွက်လာခဲ့ကြောင်း ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံအတွက် ဂျပန်အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသည့် အခန်းကဏ္ဍကိုလည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အား ရှင်းလင်းပြောကြားခဲ့သည်။

ရိုဟင်ဂျာအရေးအကျပ်အတည်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ဖိအားများစွာ ကျရောက်နေသည်ကို မိမိကောင်းစွာနားလည်ကြောင်း ဆာဆာကာဝါက ပြောဆိုခဲ့ပြီး၊ ရိုဟင်ဂျာများအတွက် ဂျပန်အစိုးရက ထောက်ပံ့ငွေနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသည့် အခြေအနေကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရိခ် ရာမန်က ဆာဆာကာဝါ၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်နှင့် ကာလရှည်ကြာ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး၊ ရိုဟင်ဂျာအရေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရင်ဆိုင်နေရသည့် အရေးကြီးဆုံးစိန်ခေါ်မှုများအနက် တစ်ခုဖြစ်ကြောင်း ပြောသည်။

ဘင်္ဂလားဒေ့ရှ်သည် လူဦးရေသိပ်သည်းစွာ နေထိုင်သည့်နိုင်ငံဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည် အများအပြားကို ကာလရှည်ကြာ လက်ခံထားရခြင်းကြောင့် နိုင်ငံ၏ စီးပွားရေး၊ အခြေခံအဆောက်အအုံနှင့် အုပ်ချုပ်စီမံရေးကဏ္ဍများအပေါ် ထပ်မံဖိအားများ ဖြစ်ပေါ်နေကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

ထို့ကြောင့် ရိုဟင်ဂျာများကို ၎င်းတို့၏ မူလနေရပ်သို့ လုံခြုံစိတ်ချရစွာ၊ ဆန္ဒအလျောက်နှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ဆာဆာကာဝါအနေဖြင့် တက်ကြွစွာ ပါဝင်ကူညီပေးရန် ဝန်ကြီး ချုပ်က တိုက်တွန်းခဲ့သည်။

ရိုဟင်ဂျာများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အကူအညီများကို ဘင်္ဂလားဒေ့ရှ်ဘက်က ပေးအပ်ရန် အသင့်ရှိကြောင်းလည်း ပြောဆိုခဲ့သည်။

နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေး ဆာဆာကာဝါက ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ မင်းအောင်လှိုင်နှင့် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံက အဆိုပါအကျပ်အတည်းကို ဖြေရှင်းလိုသည့် ဆန္ဒရှိသည်ဟု မိမိယုံကြည်ကြောင်း ပြောဆိုခဲ့သည်။

သို့ရာတွင် လက်ရှိ ရခိုင်ပြည်နယ်အတွင်းရှိ ရှုပ်ထွေးသောအခြေအနေများကြောင့် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်မှာ နှောင့်နှေးနေကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရိခ် ရာမန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် အောင်မြင်စေရန် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ပေးအပ်သွားမည်ဖြစ်ကြောင်း ထပ်မံအတည်ပြု ပြောဆိုခဲ့သည်။

ရိုဟင်ဂျာများအနေဖြင့် မိမိတို့၏ နေရပ်ဒေသသို့ ပြန်လည်ရောက်ရှိနိုင်မှသာ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုဘဝအခြေအနေများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဖန်တီးနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ဆာဆာကာဝါကလည်း ရိုဟင်ဂျာအရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် မိမိတတ်နိုင်သမျှ ဆက် လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်အား ကတိပြုခဲ့သည်။

တွေ့ဆုံပွဲတွင် ရိုဟင်ဂျာအရေးကို ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်ရန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်မှုတစ်ခုတည်းကိုသာ အားကိုးခြင်းမပြုဘဲ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာအသိုင်း အဝိုင်း၏ ပိုမိုကျယ်ပြန့်သော ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
😁36👍5❤3🤬2👎1🔥1
September 8, 2026 2.2K 1 2